
မဟာဗျူဟာ အရင်းအမြစ်များဆိုသည်မှာ
၂၀ ရာစုတွင် ရေနံသည် မဟာဗျူဟာအရင်းအမြစ်ဖြစ်ခဲ့လျှင် ၂၁ ရာစုတွင် အရေးကြီးသတ္ထုများ (critical minerals) သည် မဟာဗျူဟာအရင်းအမြစ် ဖြစ်သည်။ မဟာဗျူဟာအရင်းအမြစ်များ (strategic assets) ဆိုသည်မှာတော့ အင်အားကြီးနိုင်ငံတို့၏ နိုင်ငံတော်လုံခြုံရေးအတွက် မရှိမဖြစ်အရာများဖြစ်သည်။ နိုင်ငံတော်လုံခြုံရေး (national security) ဆိုရာမှာလည်း အင်အားကြီးနိုင်ငံများ၏ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့် သက်ဆိုင်လေသည်။
၂၀ ရာစုအတွင်း အင်အားကြီးနိုင်ငံများအတွက် ရေနံမရှိလျှင် ယင်းတို့၏ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အကုန်ထိခိုက်မည်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အရှေ့အလယ်ပိုင်းဒေသသည် စစ်အေးကာလအတွင်း အမေရိကန်နှင့်ဆိုဗီယက် အင်အားကြီး၂နိုင်ငံ၏ အင်အားပြိုင်ဆိုင်မှု ပြင်းထန်သည့် ဒေသဖြစ်ခဲ့သည်။ မလက္ကာရေလက်ကြားသည်လည်း အရှေ့အလယ်ပိုင်းမှ အရှေ့အာရှသို့ ရေနံတင်ပို့ရာ၌ ပိတ်ဆို့ခံရနိုင်သည့်နေရာ ဖြစ်သဖြင့် ဂျပန်၊ တောင်ကိုရီးယားနှင့် မူလအာဆီယံ ၅ နိုင်ငံအတွက် အင်မတန်အရေးကြီးသည့် choke point ဖြစ်ခဲ့သည်။ ယခုလည်း ကမ္ဘာ့စီးပွားရေးတွင် ဒုတိယအကြီးဆုံးဖြစ်လာသည့် တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးဆိုင်ရာ ရတက်မအေးနိုင်သည့် ရေနံထောက်ပို့လမ်းကြောင်း တည်ရှိနေသည့် အချက်အခြာနေရာဖြစ်ပြီး ထိုနေရာကိုရှောင်ရှားနိုင်ရန် သို့မဟုတ် Malacca Dilemma ကို ဖြေရှင်းရန် ရခိုင်ပြည်နယ် ကျောက်ဖြူမှ ယူနန်ပြည်နယ်ထိ ရေနံပိုက်လိုင်းသွယ်တန်းထားခြင်းဖြစ်သည်။ ရေနံမရှိလျှင် တရုတ်နိုင်ငံရှိ စက်ရုံအများအပြား လည်ပတ်မှုရပ်ဆိုင်းသွားမည်ဖြစ်ပြီး ထုတ်လုပ်မှုများရပ်ဆိုင်းသွားခြင်းက နိုင်ငံတော်လုံခြုံရေးကို အလွန်ထိခိုက်သွားနိုင်သောကြောင့်ဖြစ်သည်။
ရေနံ၏အခန်းကဏ္ဍ လုံးဝပျောက်ကွယ်မသွားသေးသော်လည်း ၂၁ ရာစုတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအတွက် မရှိမဖြစ် လိုအပ်လာသည်မှာ အရေးကြီးသတ္ထုများပင်ဖြစ်သည်။ ထိုသတ္ထုများသည် ဂြိုဟ်တုလွှတ်တင်မှုမှသည် ဆိုင်ဘာစစ်ပွဲဆင်နွဲနိုင်ရန်၊ နည်းပညာအဆင့်မြင့် လေဆာလက်နက်များ ထုတ်လုပ်ရန်အတွက် လိုအပ်သည်။ ထို့အပြင် တင့်ကား၊ ဒုံးကျည်မှသည် လက်နက်အမျိုးအစား အများအပြားထုတ်လုပ်ရန်သာမက အပူချိန် မြင့်မားလာသည့် ကမ္ဘာကြီးတွင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာမှသည် ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ရန်အတွက်လည်း အရေးကြီးသတ္ထုများက မရှိမဖြစ် ဖြစ်နေသည်။ အင်အားကြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက အလယ်အလတ်အဆင့်နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ပေါ်ထွန်းလာသည့် လူလတ်တန်းစား လူတန်းစားနှင့်အတူ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး စွမ်းအင်လောင်စာသုံးစွဲမှုလည်း ပိုမိုများပြားလာခဲ့သည်။ လျှပ်စစ်လိုအပ်ချက်က မြို့ပြလူနေမှုဘ၀ ထွန်းကားလာခြင်းနှင့်အတူ နိုင်ငံအားလုံးလိုလိုတွင် မြင့်မားလာနေပြီဖြစ်သည်။ လျှပ်စစ်မရှိ၍မရ။ ထမင်းအိုးတည်ခြင်းမှသည် အင်တာနက်သုံးရန်၊ မိုဘိုင်းဖုန်းအားသွင်းရန်၊ စက်ရုံများလည်ပတ်ရန်၊ လျှပ်စစ်ကားများအားဖြည့်ရန် အစရှိသဖြင့် လျှပ်စစ်သည် မရှိမဖြစ် ဖြစ်လာသည်။ ထိုလျှပ်စစ်ကို ရုပ်ကြွင်း လောင်စာမှ ဆက်လက်ထုတ်ယူနေပါက ကမ္ဘာမြေသည် ကပ်ဘေးများနှင့် ပိုမိုရင်ဆိုင်လာရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်လာနေခဲ့သည်။
ထိုအခြေအနေတွင် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရန် ဆိုလာပြားများလိုအပ်လာသည်။ လေအားလျှပ်စစ်ထုတ် လုပ်ရန် လေရဟတ်များ လိုအပ်လာသည်။ ရေအားလျှပ်စစ်ထုတ်လုပ်ရန်လည်း တာဘိုင်များ တည်ဆောက်ရမည် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအတွက်လည်း ဓာတ်ဆီ၊ ဒီဇယ်အစား လျှပ်စစ်ကားများအတွက် နည်းပညာအဆင့်မြင့် ဘက်ထရီများ လိုအပ်လာသည်။ ယင်းပစ္စည်းများအားလုံးထုတ်လုပ်ရာတွင် အရေးကြီးသတ္ထုများသည် မပါမဖြစ် ဖြစ်လာတော့သည်။
ထိုကဲ့သို့ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် မရှိမဖြစ် ဖြစ်နေသည့်အတွက် ယင်းသတ္ထုများကို အရေးကြီးသတ္ထုများ (critical minerals) သို့မဟုတ် အသွင်ကူးပြောင်းရေးသတ္ထုများ (transition minerals) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။မဟာဗျူဟာအရင်းအမြစ်ဟု ခေါ်ဝေါ်နိုင်သည့် ထိုအရေးကြီးသတ္ထုများမှာ ကြေးနီ (copper)၊ ကိုဘော့ (cobalt)၊ နီကယ် (nickel)၊ လစ်သီယံ (lithium)နှင့် မြေရှားသတ္ထု (rare earth elements) တို့ ဖြစ်ကြသည်။
အရေးကြီးသတ္ထုများကို အဓိကထိန်းချုပ်ထားသည့် နိုင်ငံများ
အဓိကထိန်းချုပ်ထားသည့်နိုင်ငံမှာ တရုတ်နိုင်ငံဟုဆိုရမည်။ ထိန်းချုပ်သည်ဆိုရာမှာလည်း သတ္ထုရိုင်း ထုတ်လုပ်မှု (upstream)၊ သတ္ထုသန့်စင်ခြင်း (processing or mid-stream)နှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်မှု (down stream products) ဟူ၍ အပိုင်း၃ပိုင်းခွဲခြားကြည့်နိုင်ပါသည်။
ထိုအပိုင်း၃ပိုင်းတွင် ဒုတိယနှင့်တတိယအပိုင်းများဖြစ်သည့် သန့်စင်ခြင်း (mid-stream processing) နှင့် ဘက်ထရီကဲ့သို့ ဆက်စပ်ပစ္စည်းထုတ်လုပ်မှု (downstream products) တို့တွင် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုက ကြီးမားကြောင်း၊ သတ္ထုရိုင်းထုတ်လုပ်မှု (upstream) အပိုင်းတွင်မူ တရုတ်နိုင်ငံက မထိန်းချုပ်နိုင်သေးကြောင်း အမေရိကန်ပြည်ထောင်စုမှ သုတေသနအဖွဲ့ဖြစ်သည့် AidData က ထုတ်ပြန်သည့် အစီရင်ခံစာ “Power Playbook: Beijing’s Bid to Secure Overseas Transition Minerals” အရ သိရှိရသည်။ ထိုသို့မထိန်းချုပ်နိုင် ခြင်းမှာလည်း တရုတ်နိုင်ငံတွင် အဆိုပါ အရေးကြီးသတ္ထုသံယံဇာတသိုက်များ မရှိခြင်းကြောင့်ဟု ဆိုရမည်။ သူ ထိန်းချုပ်ထားနိုင်သည့် အရေးကြီးသတ္ထုမှာ မြေရှားသတ္ထုဖြစ်သည်။ ကမ္ဘာ့ မြေရှားသတ္ထု စုစုပေါင်း၏ ၃၅% ကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ထုတ်လုပ်မှု စုစုပေါင်း၏ ၇၀%နှင့် သန့်စင်ပြီးမြေရှားထုတ်လုပ်မှု၏ ၈၇%ကို ထိန်းချုပ်ထားသည်ဟု သိရသည်။
အခြားသတ္ထုများမှာ တရုတ်နိုင်ငံတွင်မရှိဟု ဆိုရမည်။ ကမ္ဘာပေါ်ရှိ ကြေးနီစုစုပေါင်း (global reserves)၏ ၃% ၊ ကိုဘော့စုစုပေါင်း၏ ၁%၊ လစ်သီယံစုစုပေါင်း၏ ၁% နှင့် နီကယ်စုစုပေါင်း၏ ၇%သာ တရုတ်က ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်လည်း တရုတ်ကုမ္ပဏီများ(နိုင်ငံတော်ပိုင်ကုမ္ပဏီများ)သည် မြန်မာနိုင်ငံရှိ လက်ပံတောင်း၊ တကောင်းတို့ရှိ ကြေးနီ၊ နီကယ်မိုင်းများ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံသလို အခြားနိုင်ငံများရှိ အရေးကြီးသတ္ထုတူးဖော်ရေးလုပ်ငန်းများတွင်လည်််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််း တိုးမြှင့်ရင်းနှီးမြှုပ်နှံနေသည်ကို တွေ့ရသည်။
သန့်စင်သည့်အပိုင်းနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် တရုတ်က အားကောင်းသည်။ ကမ္ဘာပေါ်ရှိ နီကယ်စုစုပေါင်း သန့်စင်မှု၏ ၆၈%၊ ကိုဘော့စုစုပေါင်း သန့်စင်မှု၏ ၇၃%နှင့် လစ်သီယံစုစုပေါင်း သန့်စင်မှု၏ ၅၉%သည် တရုတ်နိုင်ငံမှဖြစ်သည်။ ထိုသတ္ထုများမှတဆင့် ထုတ်လုပ်သည့်ကုန်ပစ္စည်းများအနက် ဘက်ထရီ ဆဲလ်များတွင်ပါဝင်သည့် cathodes စုစုပေါင်း၏၇၀%၊ anodes စုစုပေါင်း၏ ၈၅%နှင့် electrolytes ၆၂%ကို ထုတ်လုပ်ပြီး လျှပ်စစ်ကားများတွင် တပ်ဆင်ရသည့် ဘက်ထရီစုစုပေါင်းထုတ်လုပ်မှု၏ ၇၈%ကို ထုတ်လုပ်နိုင်သည့် စွမ်းဆောင်ရည်ရှိသည်။ (တက်စလာကား ဘက်ထရီများထုတ်လုပ်ရန် တရုတ်ကုမ္ပဏီများကို ၄၀%မှီခိုရသည်။)
နေရောင်ခြည်စွမ်းအင်ရရှိရေးအတွက် အသုံးပြုသည့် ဆိုလာဆဲလ်များထုတ်လုပ်မှုတွင် တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏ ၈၀%သည် တရုတ်တွင် ဖြစ်သည်။ ပြည်ပသို့တင်ပို့သည့် ဆိုလာဆဲလ်အားလုံး၏ ၅၃.၅%ရှိသည်ဟု ဆိုသည်။ တရုတ်ထုတ် ဆိုလာပြား solar panels (PV)များသည် အမေရိကန်နှင့်အီးယူနိုင်ငံများမှထုတ်လုပ်သည့် ဆိုလာပြားများထက် ထက်ဝက်ခန့်ဈေး သက်သာသည်ဟုသိရသည်။ ထို့အတွက်ကြောင့် ထိုနိုင်ငံများက ဈေးကွက်တွင် တရုတ်နှင့် မယှဉ်ပြိုင်နိုင်ကြပေ။ တရုတ်က ဆိုလာပြားကို အများအပြား ပိုလျှံအောင်ထုတ်လုပ်ခြင်း (overcapacity) ကြောင့်လည်း ဈေးနှုန်းကျဆင်းပြီး အခြားနိုင်ငံများထက် သက်သာနေရခြင်းဖြစ်သည်။

တရုတ်၏ အရေးကြီးသတ္ထုများထိန်းချုပ်ခြင်း မဟာဗျူဟာ
တရုတ်အစိုးရ၏ ၂၁ ရာစုအစောပိုင်းတွင် အစပြုခဲ့သည့် Going out policy နှင့်အတူ တရုတ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများသည် ပြည်ပနိုင်ငံအသီးသီးရှိ သယံဇာတတူးဖော်ရေး၊ စွမ်းအင်ဆိုင်ရာစီမံကိန်း အများအပြားတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ မတိုင်ခင် ယခင်စစ်အစိုးရလက်ထက်က မြစ်ဆုံအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း အမြောက်အမြားကို China Power International (CPI)က တပြိုင်နက်တည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း Lee Jones and Yizheng Zou တို့၏ “Rethinking the Role of State-Owned Enterprises in China’s Rise” စာတမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ဂျီဒီပီ ဒေါ်လာ ၆၀ ဘီလီယံခန့်သာရှိသည့် ထိုအချိန်က ထိုစာချုပ်များ စုစုပေါင်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရှိသည့်အတွက် လေ့လာသူများအတွက် အံ့သြစရာဖြစ်သည်။ ထိုအချိန်ကပင် ဒေါ်လာသန်းရာချီထောင်ချီရှိသည့် လက်ပံတောင်းကြေးနီစီမံကိန်း၊ တကောင်းတောင်နီကယ်စီမံကိန်းများကို စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အရေးကြီးသတ္ထုနှင့်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံတော်ပိုင်ကုမ္ပဏီများပြုလုပ်နိုင်ခြင်းမှာ တရုတ်အစိုးရနှင့်တရုတ်အစိုးရပိုင်ဘဏ်များ၏ စနစ်တကျ ပံ့ပိုးကူညီမှုကြောင့်ဟုဆိုရမည်။
တရုတ်အစိုးရသည် ထိုအရေးကြီးသတ္ထုများ၏ ထုတ်လုပ်ရေးလမ်းကြောင်းတစ်ခုလုံး (supply-chain)ကို ထိန်းချုပ်နိုင်ရန် ရေရှည်အစီအစဉ်ရှိဟန်တူသည်။ ထိုအရေးကြီးသတ္ထုများ ရှာဖွေတူးဖော်ရေး စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားပြီး အလွန်စွန့်စားရသည့် ရင်းနှီးမြှုပ်နှံမှုများ (high-risk investments)ဖြစ်သည်။ အများအားဖြင့် သတ္ထုသိုက်တို့သည် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် တည်ရှိ၍ သယ်ယူပို့ဆောင်ရန် လိုအပ်သည့် အခြေခံအဆောက်အအုံများမရှိ၊ လမ်းပန်းဆက်သွယ်ရေးမကောင်းသည့် နေရာများဖြစ်သည်။ ထို့ပြင် ပဋိပက္ခဖြစ်နေသည့် ဒေသများတွင်လည်း တည်ရှိနေတတ်သည်။ ဥပမာ မြန်မာနိုင်ငံတွင် မြေရှားသတ္ထုများ တည်ရှိရာ ကချင်ပြည်နယ်၊ ဂရပ်ဖိုက်သတ္ထုပေါကြွယ်ဝသည့် မိုဇမ်ဘစ်နိုင်ငံနှင့် ကိုဘော့သတ္ထုအများအပြား ထွက်သည့် ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံတို့သည် ပဋိပက္ခဖြစ်ပွားနေသည့်နိုင်ငံများ၊ ဒေသများဖြစ်ကြသည်။
ထို့အပြင် ထိုသတ္ထုတူးဖော်ရေးလုပ်ငန်းများသည် အချိန်တိုအတွင်း အရင်းကြေသည့်လုပ်ငန်းများ မဟုတ်ဘဲ ရေရှည်လုပ်ကိုင်မှသာ အကျိုးအမြတ်များသည့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်၍ patient capital စိတ်ရှည်စွာ အချိန်ပေးနိုင်သည့် ငွေအရင်းအနှီးလိုအပ်သည်။ ထို့ပြင် ထုတ်လုပ်ပြီးလျှင်လည်း သယ်ယူပို့ဆောင်ရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်လည်း လိုအပ်သည်။
ထိုအခြေအနေများကို ကျော်လွှားနိုင်ရန် တရုတ်နိုင်ငံတော်ပိုင်ဘဏ်များက အဓိကပံ့ပိုးကူညီသည်ဟု သိရသည်။ AidData အစီရင်ခံစာအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) တွင် ပါဝင်သည့် အဓိက ၁၉ နိုင်ငံတွင် တရုတ်အစိုးရပိုင်ဘဏ်များက အရေးကြီး သတ္ထု တူးဖော်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရန် ဒေါ်လာ ၅၇ ဘီလီယံနှင့်ညီမျှသည့် အတိုးနှုန်းသက် သာသည့် ချေးငွေများ (subsidized loans)နှင့် ဖွံ့ဖြိုးမှုအကူအညီများ ပေးအပ်ခဲ့သည်ဟုသိရသည်။ ထိုနိုင်ငံများသည် လက်တင်အမေရိကတိုက်ရှိ ပီရူး၊ အီကွေဒေါ၊ အာဖရိကတိုက်ရှိ ကွန်ဂို၊ အီရီတီးယား ဥရောပတိုက်ရှိ ဆာဗီးယား၊ အာရှတိုက်အလယ်ပိုင်းရှိ ကာဇက်စတန်နှင့် အရှေ့အာရှတိုက်ရှိ လာအိုနှင့်ပါပူးဝါးနယူးဂီနီနိုင်ငံများ ပါဝင်သည်။ တရုတ်က အရေးကြီးသတ္ထုများကဏ္ဍအတွက် ပထမပိုင်း တူးဖော်ထုတ်လုပ်ရေး (upstream) ပိုင်းတွင် အဓိကရင်းနှီးမြှုပ်နှံသည်ကိုတွေ့ရသည်။ ယင်းမှာလည်း တရုတ်နိုင်ငံတွင်း၌ အဆိုပါသတ္ထုသံယံဇာတများ နည်းပါးခြင်း၊ မရှိခြင်းကြောင့် ဖြစ်နိုင်သည်။
သန့်စင်ခြင်းနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ခြင်းကို ပြည်တွင်း၌ အဓိကဆောင်ရွက်ခြင်းမှာလည်း ပြည်တွင်းတွင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်သလို၊ ထုတ်လုပ်သည့်နည်းပညာကိုလည်း မိမိတစ်ဦးတည်း ထိန်းချုပ်ထားနိုင်၍ဖြစ်နိုင်သည်။ ဥပမာ EV ကားများတွင်တပ်ဆင်သည့် ဘက်ထရီများ၊ EV ကားများ၏ နည်းပညာများကို ထိန်းချုပ်ထားနိုင်သည်။
ထိုသို့ သတ္ထုတူးဖော်ရေးစီမံကိန်းများတွင် တရုတ်နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းကြီးများ ရင်းနှီးမြှုပ်နှံ၍ ထွက်ရှိလာသည့် အရေးကြီးသတ္ထုများကိုလည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများကသာ ဝယ်ယူရေး နှစ်ရှည်စာချုပ်များ ချုပ်ဆိုပြီး တင်သွင်းဝယ်ယူပါသည်။ ထိုသို့ဆောင်ရွက်ခြင်းက repayment risk ဟု ခေါ်သည့် ချေးငွေပြန်လည်မပေးဆပ်နိုင်မှုအန္တရာယ်ကို ရှောင်ရှားခြင်းဖြစ်ပါသည်။ ဥပမာ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် လက်ပံ တောင်းကြေးနီစီမံကိန်းမှ ထွက်ရှိသည့်ကြေးနီများ နှစ်ရှည်ဝယ်ယူရေးစာချုပ် (long-term procurement contract) udk တရုတ်ပြည်ရှိ မိခင်ကုမ္ပဏီ Norico နှင့် ချုပ်ဆိုထားခြင်းဖြစ်သည်။ သတ္ထုထုတ်လုပ်သည့် မြန်မာဝမ်ပေါင်သတ္ထုကုမ္ပဏီသည် အိမ်ရှင်နိုင်ငံဘက်မှကုမ္ပဏီများနှင့် ဖက်စပ်ဖွဲ့စည်းထားသည့် ဖက်စပ်ကုမ္ပဏီဖြစ်သည်။ တရုတ်အစိုးရသည် မြန်မာအစိုးရကို ချေးငွေထုတ်ပေးခြင်းထက် ထိုကဲ့သို့ပုဂ္ဂလိကပုံစံ ဖက်စပ်ကုမ္ပဏီများ joint venture သို့မဟုတ် special purpose vehicle (SPV)ဟုခေါ်သည့် မိခင်ကုမ္ပဏီနှင့် ဥပဒေကြောင်းအရမသက်ဆိုင်သည့် သီးသန့်စီမံချက်ကုမ္ပဏီ ထူထောင်လုပ်ကိုင်ခြင်းကို ရွေးချယ်လုပ်ဆောင်လေ့ရှိသည်။ ထွက်ရှိလာသည့် သတ္ထုများကို တရုတ်နိုင်ငံတွင်ရှိသော တင်သွင်းသည့်ကုမ္ပဏီကိုသာ ရောင်းချရသဖြင့် တရုတ်ဘဏ်များက ချေးယူထားသည့် ချေးငွေများလည်း ဆုံးရှုံးစရာမရှိတော့သည့်သဘောဖြစ်သည်။
တရုတ်အစိုးရသည် ပဋိပက္ခဖြစ်ပွားနေသည့်နိုင်ငံများ၊ ဝေလံခေါင်သီသည့် ဒေသများရှိ ထိုအရေးကြီးသတ္ထုများ တူးဖော်ထုတ်လုပ်နိုင်ရန် (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရာတွင် ဆုံးရှုံးနိုင်သည့်အန္တရာယ်ရှိသည့် နေရာဒေသ၊ နိုင်ငံများမှ ထိုသတ္ထုများကို နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် ယင်းတို့၏ နိုင်ငံတော်ပိုင် စီးပွားရေးဘဏ်များကို အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ချေးခြင်း၊ တူးဖော်ပြီးသတ္ထုများ သယ်ယူပို့ဆောင်ရေး လွယ်ကူစေရန် အခြေခံအဆောက်အအုံ လမ်းတံတားများကို တရုတ်အစိုးရ ဖွံ့ဖြိုးမှုအကူအညီဖြင့် တည်ဆောက်ပေးခြင်း၊ စီမံချက်ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များအတွက်ပါ ချေးငွေထုတ်ချေးခြင်း အစရှိသည့် စနစ်တကျပံ့ပိုးပေးမှု၊ ရေရှည်ထောက်ပံ့ပေးမှုများ ပြုလုပ်ပါသည်။ တနည်းအားဖြင့် ဆုံးရှုံးနိုင်သည့်အန္တရာယ်များပြားသည့် အရေးကြီးသတ္ထုတူးဖော်ခြင်းလုပ်ငန်းများတွင် တရုတ်နိုင်ငံတော် ပိုင်စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ဆုံးရှုံးနိုင်သည့် အန္တရာယ်ကိုလျှော့ချခြင်းမျိုးဖြစ်သည်။ အလားတူ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့်အတွက် တရုတ်အစိုးရအနေဖြင့်လည်း အိမ်ရှင်နိုင်ငံများ အပေါ် သြဇာလွှမ်းမိုးမှုရှိလျှင် ၎င်းလုပ်ငန်းများ အဆင်ပြေရန် ဖိအားပေးခြင်းမျိုးကဲ့သို့ နိုင်ငံရေးသြဇာကိုလည်း အသုံးချနိုင်သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် စီမံချက် ၁ ခု၊ ၂ ခုသာ မဟုတ်ဘဲ များလျှင်များသလို သူ၏သြဇာအာဏာသည်လည်း အိမ်ရှင်အစိုးရအပေါ် ပိုမိုရှိလာလေဖြစ်သည်။ ဈေးကွက်အတွင်းသို့ ပြိုင်ဘက်နိုင်ငံများမှ ကုမ္ပဏီများ ဝင်ရောက်မလာနိုင်ရန်လည်း ဈေးနှုန်းကိုကျဆင်းစေခြင်းဖြင့် ထိန်းချုပ်တတ်သည်။ သတ္ထုဈေး ကွက်သည် အတက်အကျ လျှင်မြန်ခြင်းကြောင့် အမေရိကန်၊ ကနေဒါ၊ သြစတေးလျနိုင်ငံတို့မှ ပုဂ္ဂလိကကုမ္ပဏီများသည် သတ္ထုထွက်ရှိလာချိန် အရင်းပြန်ကြေနိုင်သည့် ဈေးနှုန်း မရမည်ကိုစိုးရိမ်ကြသည်၊ ဤသို့ဖြင့် တူးဖော်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံရေး ဝန်လေးနေစေရန် ဈေးကျအောင်လုပ်သည့် နည်းဗျူဟာကိုလည်း တရုတ်က အသုံံးပြုတတ်သည်ကိုတွေ့ရသည်။
ထိုကဲ့သို့သော မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံစေခြင်းကြောင့် တရုတ်နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတို့သည် အရေးကြီးသတ္ထုများ၏ ထုတ်လုပ်ရေးကွင်းဆက်တစ်ခုလုံးကို ထိန်းချုပ်လာနိုင်ခြင်းဖြစ်သည်။
အမေရိကန်–တရုတ် အင်အားပြိုင်ဆိုင်မှုကြားက အရေးကြီးသတ္ထုများ
ကုန်သွယ်ရေးတွင် ယုံကြည်မှုကအရေးကြီးသည်။ နိုင်ငံတကာကုန်သွယ်မှုမှာ ကိုဗစ်ကပ်ဘေးနောက်ပိုင်း ထုတ်လုပ်ရေးကွင်းဆက်အများအပြားကို ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံအပေါ် ယုံကြည်မှုကျဆင်းလာသည်။ တရုတ်ပို့ကုန်များ ဈေးသက်သာခြင်းကြောင့် ယင်းကိုလုံးဝမှီခိုအားထားနေချိန် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့လျှင် မိမိတို့နိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း ကိုဗစ်ကပ်ဘေးအတွင်း PPE ခေါ် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုမှ အကာအကွယ်ပေးနိုင်သည့်ဝတ်စုံများ တရုတ်တင်ပို့မှု ပြတ်တောက်သွားခြင်းက အနောက်အုပ်စုနိုင်ငံများကို သတိပေးလိုက်သကဲ့သို့ဖြစ်ခဲ့သည်။ ထိုအခါ ဈေးသက်သာမှု တစ်ခုတည်းကို မကြည့်တော့ဘဲ အရေးပေါ်အခြေအနေ (နိုင်ငံအချင်းချင်းကြား စစ်ပွဲများ၊ ပဋိပက္ခများဖြစ်လာခဲ့လျှင်) ဆိုသည့် just in time မှသည် just in case ဆိုသည့် လုံခြုံရေးရှုထောင့်ကို ကုန်ပစ္စည်းထုတ်လုပ်မှု၊ တင်ပို့မှုလမ်းကြောင်းများတွင် အလေးထားကြည့်ရှုလာကြသည်။ ထို့ကြောင့်လည်း မိမိနိုင်ငံအတွက် အရေးကြီးသည့် ကုန်ပစ္စည်းများ (ဆေးဝါး၊ ဆေးပစ္စည်းကိရိယာ၊ စစ်လက်နက်၊ semiconductor) ကို မိတ်ဆွေနိုင်ငံများ သို့မဟုတ် မိမိတို့ပြည်တွင်းတွင်သာ ထုတ်လုပ်သင့်သည်ဟု သုံးသပ်လာကြသည်။ Friendshoring and reshoring အယူအဆ ခေါင်းထောင်လာကြသည်။
အမေရိကန်-တရုတ်၂နိုင်ငံစလုံးကလည်း ကုန်သွယ်ရေးနှင့်ဘဏ္ဍာငွေကြေးဆက်ဆံရေးကို လက်နက်သဖွယ် အသုံးပြုလာခဲ့သည်။ အမေရိကန်အစိုးရသည် တရုတ်ပြည်သို့တင်ပို့သည့် ကုန်ပစ္စည်းများအပေါ်ထိန်းချုပ်မှု ပြုလုပ်လာသလို တရုတ်ကလည်း မိမိနှင့်ကုန်သွယ်ဘက်နိုင်ငံများအပေါ် ပို့ကုန်ထိန်းချုပ်မှုများ ပြုလုပ်လာသည်။ Exports control ကို ၂နိုင်ငံစလုံးပြုလုပ်လာခြင်းဖြစ်သည်။ အမေရိကန်က ၎င်းတို့၏ အဆင့်မြင့်နည်းပညာများ တရုတ်သို့ မရောက်ရှိရန် ထိန်းချုပ်လာသလို တရုတ်ကလည်း ထရမ့်အစိုးရ တက်မလာခင် ၂၀၂၃ ခုနှစ်ကပင် သမ္မတဘိုင်ဒင်အစိုးရ၏ Semiconductors ပို့ကုန်များအပေါ်ထိန်းချုပ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အရေးကြီးသတ္ထုများဖြစ်သော gallium, germanium, graphite သတ္ထုများ တင်ပို့မှုကို ကန့်သတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်က ဂျပန်နှင့်ငါးဖမ်းခွင့်ဆိုင်ရာနယ်နမိတ် အငြင်းပွားမှုဖြစ်ပြီးနောက် ဂျပန်နိုင်ငံသို့ မြေရှားသတ္ထု တင်ပို့မှုကိုလည်း ထိန်းချုပ်ခဲ့သည်။ တရုတ်အစိုးရက ကုန်သွယ်ဘက်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာသည့်အချိန်များတွင် ယင်းနိုင်ငံသွင်းကုန်များအပေါ်တွင် ကန့်သတ်ပိတ်ပင်လာခဲ့သည်။ ကုန်သွယ်ရေးနှင့်နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး ရောနှောလာခြင်းဖြစ်သည်။ သြစတေးလျဝန်ကြီးချုပ်၏ ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုး စတင်ပေါ်ပေါက်ရာဇစ်မြစ်ကို လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပြောကြားပြီးနောက် တရုတ်အစိုးရက သြစတေးလျ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ စီးပွားရေးအရ အနိုင်ကျင့်သည် economic coercion ဆိုသည့် စကားလည်း ရေပန်းစားလာခဲ့သည်။ တရုတ်နှင့် ကုန်သွယ်မှုဆက်ဆံရေးက အန္တရာယ်ရှိသည်ကို မီးမောင်းထိုးပြခဲ့သည်။
ယခုလည်း သမ္မတထရမ့် ဒုတိယအကြိမ် အာဏာရလာပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ စတင်လိုက် ချိန်တွင် တရုတ်အစိုးရကလည်း အထက်ဖော်ပြပါသတ္ထုများ တင်ပို့မှုကို ပိုမိုတင်းကျပ်စွာ ကန့်သတ်ခဲ့သည်ဟု သိရသည်။ ထိုအခါ အေအိုင်နည်းပညာ၊ semiconductor, EV ဘက်ထရီမှသည် ဆိုလာပြားများ၊ လေရဟတ်များ အပါအဝင် ၂၁ ရာစုကမ္ဘာတွင် စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအတွက် အရေးကြီးသည့် ထုတ်ကုန်များအတွက် မပါမဖြစ် အရေးကြီးသတ္ထုများကို ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံက သမ္မတထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောခဲ့သလို ဘယ်စစ်ပွဲဖြစ်ဖြစ်တိုက်ဖို့ အသင့်ပဲ ဆိုသည်မှာလည်း ထိုအရေးကြီးသတ္ထုများ ပိုင်ဆိုင်နေ၍လားဟု သုံးသပ်ရမလိုဖြစ်နေသည်။
အမေရိကန်အစိုးရနှင့်ထရမ့်အတွက်ကလည်း ထိုအရေးကြီးသတ္ထုများအတွက် ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကိုပင် သိမ်းယူလိုသည်၊ ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့်အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် သတင်းသမားများရှေ့မှောက် အခြေအတင်ဖြစ်ခြင်းတို့က အရေးကြီးသတ္ထုများနှင့် ပတ်သက်နေသည်ကို အထင်အရှားမြင်တွေ့နေရပါသည်။ မတ်လ ၂၀ရက်နေ့ကလည်း သမ္မတထရမ့်က စစ်အတွင်းမှာသာ သုံးစွဲခွင့်ရှိသည့် သမ္မတအမိန့် အာဏာထုတ်ပြန်ပြီး အမေရိကန်တွင် အရေးကြီးသတ္ထုများ အမြန်တိုးမြင့်ထုတ်လုပ်ရန် ညွှန်ကြားလိုက်ခြင်းသည် ထိုအရေးကြီးသတ္ထုများရရှိရန် နိုင်ငံခြားတိုင်းပြည်ကို မှီခိုနေရခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေ ခြင်းဖြစ်သည်ဟူသော ယူဆချက်ကြောင့်ဖြစ်ပါသည်။
China’s Control of Critical Minerals | Global Reserves% | Upstream | Mid-Stream Processing | Downstream Products |
Rare Earth Elements (REE) | 35% | 70% | 87% | |
Copper | 3% | 68% | ||
Nickel | 7% | 38% | ||
Cobalt | 1% | 73% | ||
Lithium | 1% | 59% | ||
Battery Components Source: AidData | -70% of Cathodes -85% of Anodes -62% of Electrolytes -78% of global EV battery manufacturing capacity |
