သတင်း

ပလက်ဝမြို့ မုဒိန်းမှုကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု AA ပြော

ပလက်ဝမြို့နယ်မှ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးနောက် အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်ဟု သိရသည်၊ AA က ထိုအမှုကို ကိုင်တွယ်နေပြီး ကျူးလွန်သူတို့ကို ထိုက်သင့်သည့်ပြစ်ဒဏ် ပေးမည်ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော မုဒိမ်းမှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများကို  ဖမ်းဆီးထားပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု အာရက္ခတပ်တော် (AA) က ယမန်နေ့ (ဧပြီ ၂၄) တွင် ပြောသည်။  

ဧပြီ ၅ ရက်နေ့က မြို့အရှေ့ဘက် စိမ်းစင်း (စိမ်းစမ်းဝ) ကျေးရွာရှိ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သူများမှာ   AA တပ်သား ၂ ဦး  ဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက   Myanmar Now ကို ပြောသည်။ 

“အရက်သေစာသောက်စားမူးယစ်ပြီးတော့ ပြန်လာတဲ့ ရဲဘော် ၂ ယောက်က ချောင်းထဲမှာ ရေချိုးနေတဲ့ အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ကို မုဒိန်းမှုကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ ရဲဘော်နှစ်ယောက်ကိုတော့ အခင်းဖြစ်တဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

“တရားစွဲတင်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးသွား မှာ ဖြစ်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်ရင်တော့ အာရက္ခတပ်တော်ကပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ရာဇဝတ်ကျင့်ထုံး ဥပဒေတွေအတိုင်း တရားရုံးမှာ တရားစွဲတင်ပြီးတော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးသွားမှာဖြစ်ပါတယ်“

ကျုးလွန်ခံရသည့်အမျိုးသမီးကို ရေနှစ်သတ်ရန် ကြံနေကြစဉ် ထိုအမျိုးသမီး၏ မိသားစုဝင်တစ်ဦး ရောက်ရှိ လာသောကြောင့် သတ်ဖြတ်မှု အထမမြောက်ခဲ့ကြောင်း ချင်းအရပ်ဖက်အဖွဲ့များထံက သိရသည်။ 

တရားမျှတမှုအတွက် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုလိုအပ်သည်ဟု ဒေသတွင်း အဖွဲ့အစည်းများက တောင်းဆို ခဲ့ကြသည်။ 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မနာင်းမို့မို့က ဤအမှုတွင် ထိထိရောက်ရောက် အရေး ယူရန် လိုအပ်သလို နစ်နာသူအမျိုးသမီးအတွက်လည်း တရားမျှတမှုဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောသည်။ 

“ဘယ်လိုမျိုး အပြစ်ပေးမှုတွေလုပ် နေပြီလဲဆိုတာ ပွင့်လင်း မြင်သာစွာနဲ့ ပြည်သူလူထုကို ချပြပေးဖို့ လိုတယ်။ အဲ့လိုမှပဲ ပွင့်လင်းမြင်သာမှု ရှိရှိ၊ ထိထိရောက်ရောက် အပြစ်ပေး အရေးယူမှုတွေလုပ်မှသာလျှင် နောက် …ဒီလိုမျိုးတွေ မဖြစ်အောင် ကြိုတင် တားဆီးနိုင်မှာ ဖြစ်တယ် ”ဟု ၎င်းက မှတ်ချက်ပြုသည်။  

အမှု စစ်ဆေး စီရင်ရာတွင် ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိလျှင် လူထုက AA အဖွဲ့ကို ယုံကြည်မှု လျော့ပါးသွားလိမ့်မည်ဟု ချင်းအဖွဲ့များက မှတ်ချက်ပြုသည်။ 

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ  သုံးနိုင်ငံထိစပ်ရာ ပလက်ဝမြို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို AA က ၂၀၂၄  ဇန်နဝါရီအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ပြီးနောက်  ဒေသလုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို   တာဝန်ယူဆောင်ရွက်နေသည်။ 

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် စိမ်းစင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက သီးခြားနေရာယူထားသည် ဟု သိရသည်။ 

AA က ပလက်ဝကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်ရှိမြို့များကိုလည်း ဆက်လက် သိမ်းပိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မှ အပ ကျန် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင်လည်း ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နေသည်။ 

Related Articles

Back to top button