သတင်း

ပလက်ဝတွင် မုဒိမ်းမှုကျူးလွန်သည်ဟု စွပ်စွဲခံရထားသော   AA တပ်ဖွဲ့ဝင် ၂ ဦးအမှု ဖြေရှင်းပေးရန်  ချင်းအဖွဲ့များ တောင်းဆို  

ပလက်ဝမြို့ကိုအုပ်ချုပ်သော AA အနေဖြင့် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ရန်ကြိုးပမ်း ခဲ့သည်ဟု စွပ်စွဲခံထားရသော AA တပ်ဖွဲ့ဝင် ၂ ဦးကိစ္စဖြေရှင်းပေးရန် ပလက်ဝဒေသခံများနှင့် ချင်းအရပ်ဖက်အဖွဲ့များက တောင်းဆိုထားကြသည်။

အာရက္ခတပ်တော် (AA)မှ အရာရှိနှင့်တပ်သားတို့သည် ပြီးခဲ့သည့်ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ  ချင်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် သတ်ဖြတ်ရန်ကြိုးစားခဲ့သည်ဟု ချင်းအရပ်ဖက်အဖွဲ့ များက စွပ်စွဲလိုက်သည်။

သတင်းသုံးပတ်ခန့်ကြာသည်အထိ ထိုအမှုအတွက် AA က နှုတ်ဆိတ်နေကြောင်းလည်း ၎င်းတို့ကဆိုပြီး တရားမျှတမှုအတွက် စုံစမ်းစစ်ဆေးပေးရန်လည်း AA ကို တောင်းဆိုခဲ့ကြသည်။

ရာထူးအတိအကျမသိရသည့် AA အရာရှိနှင့်တပ်သားတို့သည် ဧပြီ ၅ ရက်နံနက်က တောင်ယာစိုက်ခင်းသို့ လာသည့် ချင်းအမျိုးသမီးကို ပလက်ဝမြို့၏အရှေ့ဘက်ရှိ စိမ့်စင်းကျေးရွာတွင် အဓမ္မပြုကျင့်ခဲ့ပြီး ရေနှစ်သတ်ရန်ကြိုးပမ်းခဲ့သည်ဟု ချင်းအရပ်ဖက်အဖွဲ့ များနှင့် ချင်းအင်အားစုများက ပြောသည်။ 

“(သတ်ဖို့လုပ်နေတဲ့) အဲ့ဒီအခြေအနေမှာ သူ့(ကောင်မလေးရဲ့)ယောက္ခမက ရောက်လာပြီးတော့ အကူညီတောင်းပြီးတော့ လွတ်လာတယ်”ဟု ထိုအဖြစ်အပျက်ကို သိသည့် ဒေသခံများ ကို ကိုးကားပြီး ကြားကာ လ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ (IKACC) ၏ ပြောရေးဆိုခွင့် ရှိသူက Myanmar Now ကို ပြောသည်။ 

ပလက်ဝမြို့ကို ပြီးခဲ့သည့်နှစ်ဇန်နဝါရီလတွင် AA ကစစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ထားပြီး အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများထားရှိကာ မြို့ကိုစီမံခန့်ခွဲနေသည်။

ကျူးလွန်ခံရသည့်အမျိုးသမီးသည် အသက်၂၅ နှစ်အရွယ်ရှိပြီး ကလေးမိခင်ဖြစ်ကြောင်း၊ သူ၏ခင်ပွန်းသည် နိုင်ငံရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြောင်း ဒေသခံတို့ကဆိုသည်။

လတ်တလောတွင် ထိုအမျိုးသမီးကို AA က ဆေးကုပေးနေသည်ဟု ကြားသိရကြောင်း IKACC ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

အိမ်ခြေ ၁၀၀ ခန့်ရှိသည့် စိမ့်စင်းကျေးရွာကို AA ထိန်းချုပ်ထားသည်မှာ ၁ နှစ်ကျော်ခန့်ရှိပြီး AA တပ်ဖွဲ့ဝင် များမှာ ကျေးရွာအတွင်း နေထိုင်ခြင်းမရှိဘဲ ရွာအနီး သီးခြားနေရာယူထားခြင်းဖြစ်ကြောင်းသိရသည်။ 

ထိုအမှုကို AA အနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းပေးရန် တောင်းဆိုထား သော်လည်း ကျူးလွန်သူများ ကို အရေးယူဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မသိရသေးကြောင်း IKACC ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။ 

“ဘယ်လူမျိုးပဲဖြစ်ပါစေ လက်နက်ကိုင်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ အနေနဲ့ တာဝန်ယူ၊ တာဝန်ခံ မှုရှိစွာနဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ကျူးလွန်တာတွေကို မိခင်အဖွဲ့အစည်းအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက် ဆက်ပြီးတော့ တွန်းအားပေးဖို့လည်းရှိပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးကတော့ နစ်နာတဲ့ ဘက်က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရတာတွေ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နစ်နာတဲ့ဟာတွေကို ပြန်လည် ကုစားနိုင်ဖို့အတွက် အဖွဲ့အစည်းဘက်က စနစ်တကျနဲ့ ပြန်လည်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်”

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက် သွယ်မေးမြန်းထားသော်လည်း ယနေ့ (ဧပြီ ၂၃ရက်) နေ့လယ်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ 

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးပွင့်ဆိုင်ထိစပ်နေပြီး အချက်အချာကျသည့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ၂၀၂၄ နှစ်ဆန်းတွင် AA က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ပြီး စစ်ကောင်စီတပ် ကင်းစင်သွားချိန်တွင် ဒေသလုံခြုံရေး၊ အုပ်ချုပ်ရေးရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့ကို AA က တာဝန်ယူဆောင်ရွက်နေသည်။

ချင်းနှင့် ရခိုင်နယ်စပ် ပလက်ဝဒေသကို တိုက်ခိုက်သိမ်းပိုက်ထားနောက် AA နှင့် ဒေသခံ ချင်းလူမျိုးစုများ အကြား ပွတ်တိုက်မှုများ ရှိခဲ့သလို AA ၏ မဟာမိတ်ချင်းအဖွဲ့များနှင့် ဒေသအခြေစိုက် ချင်းတပ်ဖွဲ့များ အကြား ပစ်ခတ်မှုဖြစ်သည်အထိ ဆက်ဆံရေးတင်းမာထားကြသည်။ 

AA အနေဖြင့် ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါက လူထု ယုံကြည်မှုလျော့ပါး သည့်အခြေအနေနှင့်ရင်ဆိုင်ရနိုင်သည်ဟု ချင်းအရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် India for Myanmar တာဝန် ရှိသူ ဆလိုင်းဒိုရ်ခါက ထောက်ပြသည်။ 

“ AA တို့လို လက်နက်ကိုင်အင်အားကြိးပြီး စနစ်ကျတယ်လို့ အများကြီး ထင်နေတဲ့အဖွဲ့ကတောင်မှ ဒါကို ကိုင်တွယ်တဲ့နေရာမှာ မျှတမှုမရှိသလိုဖြစ်လာရင်တော့ ဒါက ပြည်သူတွေအနေနဲ့ တော်လှန်ရေးအပေါ်မှာ စိတ်ပျက်မိမှာဖြစ်သလို နိုင်ငံတကာကလည်း ကျွန်တော်တို့ တော်လှန်ရေးအပေါ်မှာ မှန်ကန် တဲ့ တရားမျှတတဲ့စနစ်ဖော်ဆောင်မှုအတွက် ယုံကြည်မှုနိမ့်သွားလိမ့်မယ်”ဟု ဆလိုင်းဒိုခါရ်က သုံးသပ်သည်။ 

၂၀၂၄ စက်တင်ဘာအတွင်း ပလက်ဝမြို့နယ်အတွင်း မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်ခဲ့သူ ၂ ဦးကို အလိုရှိ ကြောင်း ဓာတ်ပုံများနှင့်တကွ  AA က ယခုရက်ပိုင်း  ဖမ်းဝရမ်းထုတ်ထားခဲ့သော်လည်း  AA တပ်ဖွဲ့ဝင် ၂ ဦး ကျူးလွန်သည်ဟု စွပ်စွဲခံရသည့်အမှုကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မှအပ ကျန်မြို့နယ်များကို AA က သိမ်းပိုက် ထိန်းချုပ်ထားပြီးလက်ရှိတွင်လည်း ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီ တိုင်းတွင်း စစ်ရေး လှုပ်ရှားမှုများ ဆက်လက်လှုပ်ရှားနေသည်။ 

Related Articles

Back to top button