
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ် ၃ ရက်ကြာ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဧရာဝတီမြစ်ကမ်းဘေးရှိ ကြူ၊ ဆင်ကြို့၊ ဗလဘရွာများကို စစ်ကောင်စီတပ်သာ ၁၅၀ ကျော်ဖြင့် ဧပြီ ၂၀ ရက်နေ့က စတင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဧပြီ ၂၁ နှင့် ၂၃ ရက်နေ့များတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့သည်။
ဧပြီ ၂၁ နံနက်ပိုင်းနှင့်ညပိုင်းတို့တွင် ဇီးပင်ကုန်းရွာကို လေကြောင်းဖြင့် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ဆင်မရဲကျေးရွာကို ဗုံးကြဲခဲ့ရာ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်စထိမှန်သေဆုံးခဲ့ပြီး ထိုရွာအနောက်တောင်ဘက် လေးယာပြည့်ရွာမှ အမျိုးသားတစ်ဦး လေကြောင်းရန် ထိတ်လန့်၍ နှလုံးရပ်သေဆုံးခဲ့ကြောင်း သိရသည်။
“ မနေ့ည (ဧပြီ ၂၃)က ဆင်မရဲရွာကို ကြဲသွားတယ်။ အခြေအနေက တော်တော်ဆိုးတယ်။ အိမ် ၅ လုံး လောက် ပျက်စီးသွားတယ်။ ခိုင်းနွားတွေ သေတယ်။ အဘွားအို တစ်ယောက်သေသွားတယ်” ဟု ရေစကြို တပ်ပေါင်းစုအဖွဲ့မှာ ရဲဘော်တစ်ဦးက ပြောသည်။
သေဆုံးသူများမှာ ဆင်မရဲရွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်ဆန်းမြင့်ကြည်၊ လေးယာပြည့်ရွာမှ အသက် ၄၃ နှစ်အရွယ် ကိုညိုလင်းအောင် တို့ဖြစ်ကြသည်။
ဧရာဝတီမြစ်ကမ်းဘေးရှိ ဗလဘရွာတွင် စစ်ကောင်စီတပ်က ၂ ရက်ကြာ တပ်စွဲထားခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ ရာ လူဦးရေ ၁၅၀၀ ကျော်ရှိသည့် ဗလဘရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ထွက်သွားပြီးနောက် ဗလဘရွာအတွင်း ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) ဘက်တံဆိပ် ပါ ယူနီဖောင်းနှင့် ကျည်ဘူးခွံများကို ဒေသခံများက တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုရွာကို ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ ညနေကလည်း စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲ ၊ ပစ်ခတ် ခဲ့၍ အသက် ၈၀ အရွယ် ဒေသခံတစ်ဦး ခြေတောက်ပြတ်ကာ အခြား ၂ ဦးလည်းဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေအိမ် ၁၀ လုံးခန့်နှင့် ဘုန်းတော်ကြီးကျောင်းအဆောင်တစ်ခု၊ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသသတင်းများ ဖော်ပြနေသည့် Yesagyo Township Info Committee က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ထိုဒေသများကို စီးနင်းတိုက်ခိုက်၍ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ယူဆောင် နေသည်၊ ကြူ ၊ ဆင်ကြို့၊ ရွာသစ်၊ ညောင်ပင် ၊ ကျော်ထင်ကန်ုး၊ မထီး၊ အင်းမ၊ ငါးမြားလေး၊ လေးယာ ပြည့် ၊ ဆင်မရဲနှင့် ငါးဖယ် စသောကျေးရွာတို့မှ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည် ဟုလည်း ယမန်နေ့ (ဧပြီ ၂၄) နံနက်က ထုတ်ပြန်ထားသည်။
လတ်တလောတွင် စစ်ကောင်စီတပ်သည် ပခုက္ကူ-ရေစကြို ကားလမ်းတလျောက်တွင် နေရာယူထားပြီး တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများ၏ အဓိက ဝင်ပေါက်ဖြစ်သည့် ဆန်းသစ်ရွာတွင် တပ်စွဲထားသည်ဟု Southern YSO PDF အဖွဲ့က ပြောသည်။
ပြီးခဲ့သည့် မတ်လကလည်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နှစ်ပတ်ကြာ ဝင်ရောက်စီးနင်းစဉ် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၁၈ ဦးထက်မနည်း သတ်ဖြတ် ခံထားရသည်။
ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာတွင်တည်ရှိသည့် ရေလယ်ကျွန်းဒေသမှာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်း ဒေသသုံးခု ပေါင်းဆုံသည့် နေရာတွင် တည်ရှိခြင်းကြောင့်လည်း စစ်ကောင်စီတပ်အတွက်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက် အရေးပါသည့် ဒေသ ဖြစ်သည်။
ထို့ကြောင့် မတ်လဆန်းမှစ၍ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေဖြင့် ထိုဒေသကို နှစ်ပတ်ကြာ ထိုးစစ်ဆင် ခဲ့ပြီး တော်လှန်ရေးအားကောင်းသော ဒေသရှိ ကျေးရွာများကို စီးနင်း၍ မီးရှို့ခဲ့ကြသည်။
ထို့နောက် မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးကို အခြေပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ဒဏ် ကြောင့် ငလျင်ဘေးကယ်ဆယ်ရေးအာရုံစိုက်နေကြချိန် အထက်ပါ စစ်ကောင်စီတပ်က ရေစကြို ရေလယ်ကျွန်းဒေသရှိ မဲကုန်း၊ တောင်ကုန်း၊ မိဖုရား၊ ကံဦးကျေးရွာများတွင် စခန်းချကာ နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကိုယူဆောင်သွားကြသည်ဟု သိရသည်။

ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရေလယ်ကျွန်းဒေသ၊ သာဂေါင်ကြီးရွာစာသင်ကျောင်းကိုလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ ကျောင်းသား ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ခြင်းကြောင့် ထိခိုက် သေဆုံးမှု မရှိခဲ့သော်လည်း စာသင်ကျောင်းဆောင်နှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ သည်။
ထို့ကြောင့် ရေလယ်ကျွန်းဒေသခံ နှစ်သောင်းကျော်သည် မတ်လဆန်းမှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရ သည်။
စစ်ကောင်စီက ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဧပြီ ၂ မှ လကုန်အထိ အပစ်ရပ် ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့သလို မြေပြင်ထိုးစစ်များလည်း မရပ်တန့် ခဲ့ပေ။
လေတပ်တိုက်ခိုက်မှုကြောင့် စစ်ကိုင်း၊ မန္တလေး ၊ မကွေး နှင့် ကချင်၊ ချင်း၊ ကရင်၊ ရခိုင် ဒေသများတွင် အရပ်သား ရာဂဏန်းထက်မနည်း သေဆုံးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားပြီး ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် လေတပ်က ဧပြီ ၁၈ ရက်နေ့က အစပြုပြီး ၃ ရက်ဆက်တိုက် ဗုံးကြဲရာ ကလေးများအပါအဝင် အရပ်သား ၃၇ ဦး သေဆုံး၊ ဒဏ်ရာရသူ ၅၀ ကျော်ရှိခဲ့သည်။