သတင်း

ငလျင်ဒဏ်ခံရသည့် ကျောင်းသားများအပေါ် ဗူးလေးရာ ဖရုံဆင့်သည့် စစ်ကောင်စီ၏ စာမေးပွဲ

လူ ထောင်ချီသေဆုံးခဲ့ရသည့် ငလျင်ကြောင့် အသက်ဘေးနှင့်ကြုံတွေ့ခဲ့ရသည့် ကျောင်းသားကျောင်းသူ များမှာ အဖြေလွှာများ မီးလောင်သွားမှုကြောင့် ဒုက္ခသောကရောက်နေချိန် အချိန် ၂ လကျော် အတွင်း စာမေးပွဲပြန်ဖြေရန် အသင့်ဖြစ်မနေကြပေ။

အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပြိုကျပျက်စီးပြီး နောက်ဆက်တွဲမီးလောင်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးမှုအတွက် စစ်ကောင်စီက တာဝန်ယူခြင်းမရှိဘဲ ငလျင်ကြောင့် စိတ်သောကရောက်ကာ ဒုက္ခပင်လယ်ဝေနေသော ကျောင်းသားထုအပေါ် ပုံချသည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်သည်။

အဖြေလွှာများ မီးလောင်ကျွမ်းသည့်အထဲပါသွားသည့် ကချင်၊ မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်မှ ၁၂ တန်း (Grade 12) ဟု ခေါ်သည့် တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသား ခြောက်သောင်းကျော်ကို လာမည့် ဇွန် ၁၆ မှ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရန် ယမန်နေ့(ဧပြီ ၂၂) တွင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

မတ် ၂၈ ရက်နေ့က ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးပြိုကျမီးလောင်ကျွမ်းခဲ့စဉ်  မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ကချင်ပြည်နယ် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာစာအုပ် ၃၇၆,၉၅၆ အုပ် ပျက်စီးဆုံးရှုံးသွားပြီး နေပြည်တော်တွင်လည်း အဖြေလွှာများပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

စာမေးပွဲပြန်ဖြေခိုင်းမှုကို ကျောင်းသားသမဂ္ဂများနှင့် ပညာရေးအသိုင်းအဝိုင်းက ကန့်ကွက်သည့်နည်းတူ ကျောင်းသားများကိုယ်တိုင် ငလျင်ကြောင့် မိသားစုဝင်များ၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ရ၍ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုရန် ဒုက္ခတွေ့နေကြသည်။

ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးသွားသည့် ကျောင်းသား၊ ကျောင်းသူများလည်းရှိသည်။

စာသင်နှစ်တစ်နှစ်ကို ကျောင်းသားကျောင်းသူအားလုံးက အကောင်းဆုံးပုံစံနှင့်ကြိုးစားဖြေဆိုပြီးဖြစ်ပြီး ငလျင်ကြောင့် စိတ်ဒဏ်ရာများပြည့်နှက်နေချိန် စာပြန်ကျက်ရန်၊ စာမေးပွဲပြန်ဖြေဆိုရန်မဖြစ်နိုင်ကြောင်း ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့ခံ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကိုဇော်(အမည်လွှဲ) က Myanmar Now ကို ပြောသည်။ 

“အိုးအိမ်တွေဆုံးရှုံး၊ မိဘတွေဆုံးရှုံးရတဲ့ ကျောင်းသူကျောင်းသားတွေလည်းရှိလိမ့်မယ်။ အဲလိုလူတွေ အတွက် စာလေ့လာဖို့၊ ကျက်မှတ်ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့မှာလည်း စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေမှာသေချာတယ်” ဟု သူက ပြောသည်။

“နောက်ပြီး အခုချိန်က အကုန်လုံး စိတ်ဒုက္ခရောက်နေကြတဲ့အချိန် အဲ့လိုအချိန်မှာ ပြန်ဖြေရမယ့် စာမေးပွဲ အတွက် စာတွေအော်ကျက်ဖို့၊ အာရုံစိုက်ဖို့ဆိုတာကလည်း ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံဘူး။ အဲ့ဒီတော့ လူလူချင်း ကိုယ်ချင်းစာသင့်တယ် ထင်တာပါပဲ။ စာမေးပွဲကြီးပြန်ဖြေဖို့ဆိုတာက သိပ်ခက်ခဲလွန်းတယ်”

-မတ် ၂၈ ရက်နေ့က မန္တလေးတက္ကသိုလ်အတွင်း မီးစတင်လောင်ကျွမ်းလာသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာစဉ်။

ပြန်မဖြေသည့်ကျောင်းသားများရှိနိုင်သဖြင့် ၎င်းတို့နစ်နာမှုအတွက် မည်သို့စဉ်းစားဆောင်ရွက်မည်ကို သိချင်ကြောင်း ၎င်းက မေးခွန်းထုတ်သည်။ 

မိသားစုဆုံးရှုံးသွားသည့် ကျောင်းသားများကို စာများ အာရုံစိုက်ရန်မဖြစ်နိုင်သလို ငလျင်ကြီးကြောင့် အသက်လုထွက်ပြေးခဲ့ရသည့်အခြေအနေဖြစ်၍ ကျောင်းသုံးမှတ်စုနှင့် သင်ကြားရေးစာအုပ်များပင် မရှိ တော့ကြောင်း နိုင်ငံအလယ်ပိုင်းမှ ငလျင်ဒဏ်ခံရသည့် ကျောင်းသားများက ပြောသည်။

တိုတောင်းလှသည့် အချိန်ကာလအတွင်း စာမေးပွဲအတွက် စာများလေ့လာရန် မဖြစ်နိုင်တော့သဖြင့် စာမေးပွဲပြန်ဖြေလျှင်လည်း အောင်မှတ်ပင်ရရန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့က ဆိုကြသည်။

ငလျင်ဘေးအပြင် စစ်ဘေးပါကြုံနေရသည် စစ်ကိုင်းတိုင်းမှ အမည်မဖော်လိုသည့် ကျောင်းသားတစ်ဦး ကလည်း စစ်ရေး၊ စားဝတ်နေရေး၊ သွားလာရေး စသည့်အခက်ခဲများကြောင့် စာမေးပွဲပြန်ဖြေဆိုရန် စိတ်ပိုင်း၊ ရုပ်ပိုင်း အဆင်မပြေကြောင်း ပြောသည်။

“အခုတောင် တော်တော်လေး မိဘတွေရောကျောင်းသားတွေပါ စိတ်ဆင်းရဲရပါတယ်။ ငွေရေးကြေးရေး တွေရော အခက်ခဲတွေနဲ့ရင်ဆိုင်နေရတာ တကယ်စိတ်ပင်ပန်းရပါတယ်။ စာလေ့လာတဲ့အခါမှာကျတော့ ကျွန်တော်တို့က Bio(ဇီဝဗေဒဘာသာရပ်ယူသူ) သမားတွေလေဗျာ။ တစ်ရက်နှစ်ရက်လောက် မနွှေးရင် တောင် မေ့နေတတ်တာ အခုကအကြာကြီးနေပြီးမှဆိုတော့ ဘယ်လိုအဆင်ပြေမှာလဲ” ဟု သူက ပြော သည်။

“တစ်နှစ်လုံးတောင်အတော်ကြိုးစားယူထားရတာပါ။ တစ်လလောက်နဲ့ဘယ်လို အဆင်ပြေနိုင်မှာလဲဗျာ G12 ကျောင်းသားတိုင်းသိပါတယ်။ ဘယ်လိုမျိုးစိတ်ပင်ပန်း ကိုယ်ပင်ပန်းရလဲဆိုတာအစစအရာရာပါပဲ” 

ဧပြီ ၂၀ ရက်နေ့အထိ မြေငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၃၇၃၅ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ဦးလည်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့ပြင် နေပြည် တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှ စာသင်ကျောင်းများ အပါဝင် လူနေတိုက်တာအဆောက်အဦ၊ ဘာသာရေးနှင့် အခြားသောအဆောက်အုံ ရာပေါင်း များစွာ ထိခိုက်ပျက်စီးခဲ့သည်။ 

ကိုယ်ကျိုးစီးပွားအတွက် မတရားအာဏာသိမ်းယူကာ ပြည်သူကိုဖိနှိပ်နေသည့် စစ်ကောင်စီသည် ယိုင်နဲ့ နေသော အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန်သာအာရုံရှိပြီး အဖြေလွှာဆုံးရှုံးမှုများအတွက် ကျောင်းသားများ၏ နစ်နာမှုကို တာဝန်ယူစဉ်းစားပေးခြင်းမရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးကော်မတီ တာဝန်ရှိသူ မခင်နီက Myanmar Now ကို ပြောသည်။

“ငလျင်ရဲ့ဒဏ်ကို အလူးအလဲခံရတဲ့အထဲမှာ သူတို့လည်းအားလုံးနည်းတူပါတယ်။ အဲ့ဒီဟာကိုမှ ပြန်ဖြေဖို့ ဆိုပြီး အလွယ်တကူ သူတို့အမိန့်ချလို့ရတိုင်းချလိုက်တယ်ဆိုတာက ကြိုးစားရတဲ့ ကျောင်းသားတွေရော ဘေးကနေ ပံ့ပိုးပေးရမယ့် အသိုင်းအဝိုင်းအတွက်ရော တစ်ပူပေါ်တစ်ပူဆင့်ရတဲ့ ကိစ္စကြီးဖြစ်တယ်။ ဒါက အတော်ကိုမှ တရားမမျှတတဲ့ဖြေရှင်းချက်ပဲ။ အဲ့ဒီအတွက်ကို ကျွန်မတို့ ကျောင်းသားထုကနေပြီးတော့ ဒီကိစ္စကို ဆန့်ကျင်ရမယ်” 

စစ်ကျွန်ပညာရေးဟု ဆိုလင့်ကစား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်ကုန်လူပင်ပမ်းခံကာ ကျောင်းသားမိသားစုတိုင်းက ရှိစုမဲ့စုဥစ္စာများအသုံးပြုခဲ့ရပြီး ထိုအဖြေလွှာများသည် ပြည်သူများ၏ အသက်သွေးချွေးများ ပုံအောခဲ့သည့် အဖြေလွှာများဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ငလျင်ကြောင့် အဖြေလွှာများပျက်စီးမှုအတွက် ကျောင်းသားများတွင် တာဝန်ယူရန်မလိုအပ်တော့ဘဲ အဖြေလွှာများထိန်းသိမ်းသည့် စစ်ကောင်စီတွင်သာ တာဝန်ရှိကြောင်း မခင်နီက ပြောသည်။

ဦးနုအစိုးရလက်ထက် ၁၉၅၆ ခုနှစ်တွင် သတ္တမတန်း အစိုးရမေးခွန်းပေါက်ကြားမှုကို မကျေနပ်သဖြင့် ကျောင်းသားများဆန္ဒထုတ်ဖော်သည့် ဟယ်ရီတန်အရေးအခင်းအပြီး ဖြေဆိုသူအားလုံးကို တစ်ပြေးညီ အအောင်ပေးသည့်ဖြစ်စဉ်တစ်ခုရှိခဲ့သည်ဟု ဆိုသည်။ 

သမိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ကို စဉ်းစားချက်ထဲတွင်ထည့်ရန်လိုသလို နောက်တစ်ချက်မှာ တက္ကသိုလ်ဝင်ခွင့်အတွက် ထိုစာမေးပွဲတစ်ခုတည်းပေါ်တွင် အခြေမခံဘဲ ဆိုင်ရာတက္ကသိုလ်အလိုက် ဝင်ခွင့်သတ်မှတ်ချက်များအပေါ် အခြေခံသည့် နည်းလမ်းများလည်းရှိသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသမီးက ဆက်ပြောသည်။ 

စာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသားများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်ဘဲ စစ်ကောင်စီလက်အောက် ပညာသင်ကြားနေသော်လည်း ကျောင်းသားထုအခွင့်အရေးချိုးဖောက်မှု များအတွက် ကျောင်းသားထုဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောသည်။

မြန်မာတွင် သဘာဝဘေးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများပျက်စီးဆုံးရှုံးရသည့်ဖြစ်ရပ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြန်မဖြေခိုင်းသင့်သော်လည်း စစ်ကောင်စီ၏ ဝန်ကြီးဌာန ဆုံးဖြတ်ချက်အပေါ် မူတည်နေကြောင်း ပညာရေးဝန်ကြီးဌာန အငြိမ်းစားအဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုသည်။

“ဖြေတဲ့ကလေးတွေလည်းတကွဲတပြားနဲ့ စာအုပ်စာတမ်းကအစ ဘယ်ရှိတော့မလဲ။ ဖြေပြီးတဲ့ စာမေးပွဲကို ဘယ်လိုလုပ်ပြီးပြန်ဖြေရမလဲ။ ဟိုးအရင်တုန်းကလည်း ပြန်ဖြေရတယ်ဆိုတာ ထုံးစံမရှိဘူး။ ဒါကတော့ ဝန်ကြီးဌာန ဆုံးဖြတ်ချက်ပေါ့” ဟု သူက ပြောသည်။

ယခင် တက္ကသိုလ်ဝင်စာမေးပွဲများတွင် သတ်မှတ်အောက်ချက်ပြည့်မီရန် Moderation (လျော့ပေါ့စနစ်) အတန်းတင်ပေးနေရကြောင်း၊ ငလျင်ကြောင့် ထိခိုက်ခဲ့သူများကို ထပ်မံဝန်ထုပ်ဝန်ပိုမပေးသင့်ကြောင်း ပညာရေးကျွမ်းကျင်သူများက ဆိုကြသည်။ 

၂၀၂၄-၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၇ မှ ၂၂ ရက်ထိ ကျင်းပခဲ့ပြီး ကျောင်းသားစုစုပေါင်း ၂၂၀,၈၄၃ ဦးစာရင်းသွင်းထားကာ ဝင်ရောက်ဖြေဆိုသူ ၂ သိန်းကျော်ရှိကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် စာမေးပွဲပြန်ဖြေခိုင်းသည့်နည်းဖြင့် ကျောင်းသားထုအပေါ် တာဝန်ပုံချချင်းမှာ ယုတ္တိမရှိကြောင်း ကိုဇော်က ယခုကဲ့သို ဆိုသည်။

“ဒါက သဘာဝကြောင့်ဖြစ်သွားတဲ့အခြေအနေမှာ အခုလို Grade 12 စာမေးပွဲကြီး ပြန်ဖြေရမှာဆိုတော့ သိပ်ပြီးယုတ္တိမရှိဘူးလို့တော့ထင်တာပဲ” 

စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်လည်း Grade – 12 စာမေးပွဲပြန်ဖြေရမည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားမိဘများက ဝေဖန်နေကြောင်း ဖော်ပြထားကြသလို စစ်ကောင်စီနှင့်နီးစပ်သော ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP) ကလည်း ကျောင်းသားထုအတွက် အကြံပြုထားသည်။

ထိုသို့ ဖိအားပေး ဆောင်ရွက်နေသော်လည်း ငလျင်ဒဏ်သင့်ပြည်သူအများစုမှာ ငလျင်အပြီး တစ်လ နီးပါးရှိတော့မည့်အချိန်အထိ လုံခြုံသောအမိုးအကာများအောက် မရောက်ရှိသေးပေ။

ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၄ ဒသမ ၃ သန်းကျော်သည်  သန့်ရှင်းသည့်ရေနှင့် သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA)က ဧပြီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ငလျင်ကြောင့် အင်းဝမြို့ဟောင်းရှိ စေတီတစ်ဆူ ပြိုကျပျက်စီးနေသည်ကို ကြည့်ရှုနေသော လမ်းသွားလမ်းလာတစ်ဦးကို ဧပြီ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

Related Articles

Back to top button