အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဖြေလွှာမီးလောင်သွားသည့် ကျောင်းသားများအား စာမေးပွဲပြန်ဖြေခိုင်းမည့်အစီစဉ်ကို ကန့်ကွက်

မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် ကျောင်းသား ၁သိန်းကျော်ကို မေလအစောပိုင်းတွင် ၂ ပတ်ကြာ အနီးကပ်ကျောင်းတက်ခိုင်း၍ စာမေးပွဲပြန်ဖြေခိုင်းရန် စစ်ကောင်စီကပြင်ဆင်နေသည်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ပြိုကျပျက်စီးပြီး နောက်ဆက်တွဲမီးလောင်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများမီးလောင်ကျွမ်းခဲ့သဖြင့် အဖြေလွှာပိုင်ရှင်ကျောင်းသား ၆ သောင်းကျော်ကို စာမေးပွဲပြန်ဖြေခိုင်းရန် စစ်ကောင်စီက စီစဉ်နေခြင်းကို ကျောင်းသားသမဂ္ဂနှင့် ပညာရေးအသိုင်းဝိုင်းက ကန့်ကွက်နေသည်။ 

ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးပြိုကျမီးလောင်ကျွမ်းခဲ့ရာ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာစာအုပ် ၃၇၆,၉၅၆ အုပ် ပျက်စီးဆုံးရှုံးသွားပြီး နေပြည်တော်တွင်လည်း အဖြေလွှာများပျက်စီးဆုံးရှုံးမှုရှိ၍ စာမေးပွဲပြန်ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ညွှန်ကြားစာတစ်စောင်တွင် ဖော်ပြထားသည်။

မေလအစောပိုင်းတွင် ၂ ပတ်ကြာ အနီးကပ်ကျောင်းတက်ခိုင်း၍ စာမေးပွဲပြန်ဖြေခိုင်းမည့် စစ်ကောင်စီ အစီစဉ်သည် မတရားသည့် လုပ်ရပ်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ဧပြီ ၁၄ တွင် သဘောထားထုတ်ပြန်သည်။ 

ပြည်သူလူထုကို သတ်ဖြတ်ရန်နှင့် ယိုင်နဲ့နေသော အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ရန်သာ အာရုံရှိသည့် စစ်ကောင်စီသည် ကျောင်းသားများကို တစ်ပူပေါ်နှစ်ပူဆင့်စေသည့် နည်းလမ်းကို ရွေးချယ်ခြင်းဖြစ်ပြီး ကန့်ကွက်ရန်လိုအပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုပြင်းထန်ခဲ့သဖြင့် ကျောင်းသားများအနေဖြင့် စားမေးပွဲပြန်ဖြေရန် လွန်စွာခက်ခဲကြောင်း မန္တလေးမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုမှ လုံခြုံရေးအရအမည်မဖော်လိုသူ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ 

“(ကျွန်တော်တို့ကျောင်း) Grade 12(တက္ကသိုလ်ဝင်တန်း) ကျောင်းသားတွေနည်းနည်းတော့များတယ်။ မီးလောင်တဲ့အထဲ သူတို့အဖြေလွှာတွေ ပါမှာပေါ့။ တော်တော်များများကတော့ မဖြေချင်တော့ပါဘူးဗျာ။ သူတို့အခက်ခဲတွေနဲ့” ဟု ၎င်းက ပြောသည်။ 

အဖြေလွှာ မီးလောင်သွားသည့် အဖြေလွှာပိုင်ရှင်များကို အကျမရှိ အအောင်ပေးသင့်ကြောင်း သို့ရာတွင် အမှန်ကောင်းကောင်းနှင့် ဂုဏ်ထူးမှန်းထားသည့် ကျောင်းသားကျောင်သူများကိုမူ နစ်နစ်မှုမရှိရန်အတွက် အခွင့်လမ်းတစ်ခုဖန်းတီးပေးသင့်ကြောင်း သူက ပြောသည်။ 

မြန်မာတွင် သဘာဝဘေးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများပျက်စီးဆုံးရှုံးရသည့်ဖြစ်ရပ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြန်မဖြေခိုင်းသင့်သော်လည်း စစ်ကောင်စီ၏ ဝန်ကြီးဌာန ဆုံးဖြတ်ချက်အပေါ် မူတည်နေကြောင်း ပညာရေးဝန်ကြီးဌာန အငြိမ်းစား အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုသည်။ 

“ဖြေတဲ့ကလေးတွေလည်းတစ်ကွဲတစ်ပြားနဲ့ စာအုပ်စာတန်းကအစ ဘယ်ရှိတော့မလဲ။ ဖြေပြီးတဲ့ စာမေးပွဲကို ဘယ်လိုလုပ်ပြီးပြန်ဖြေရမလဲ။ ဟိုးအရင်တုန်းကလည်း ပြန်ဖြေရတယ်ဆိုတာ ထုံးစံမရှိဘူး။ ဒါကတော့ ဝန်ကြီးဌာန ဆုံးဖြတ်ချက်ပေါ့” ဟု သူက ပြောသည်။ 

ဦးနုအစိုးရလက်ထက် ၁၉၅၆ ခုနှစ်တွင် သတ္တမတန်း အစိုးရမေးခွန်းပေါက်ကြားမှုကို မကျေနပ်သဖြင့် ကျောင်းသားများဆန္ဒထုတ်ဖော်သည့် ဟယ်ရီတန်အရေးအခင်းအပြီး ဖြေဆိုသူအားလုံးကို တစ်ပြေးညီ အအောင်ပေးသည့်ဖြစ်စဉ်တစ်ခုရှိခဲ့သည်။

ယခင် တက္ကသိုလ်ဝင်စာမေးပွဲများတွင် သတ်မှတ်အောက်ချက်ပြည့်မီရန် moderation (လျော့ပေါ့စနစ်) အတန်းတင်ပေးနေရကြောင်း၊ ငလျင်ကြောင့် ထိခိုက်ခဲ့သူများကို ထပ်မံဝန်ထုပ်ဝန်ပိုမပေးသင့်ကြောင်း ပညာရေးကျွမ်းကျင်သူများက ဆိုသည်။ 

၂၀၂၄-၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၇ မှ ၂၂ ရက်ထိ ကျင်းပခဲ့ပြီး ကျောင်းသားစုစုပေါင်း ၂၂၀,၈၄၃ ဦးစာရင်းသွင်းထားကာ ဝင်ရောက်ဖြေဆိုသူ ၂ သိန်းကျော်ရှိကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါဝင် ထိန်းချုပ်နယ်မြေအများအပြားလက်လွတ်ဆုံးရှုံးခဲ့ရသည့် ရခိုင်၊ ရှမ်း(မြောက်)၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူသိသိသာသာကျဆင်းခဲ့သည်။ 

Related Articles

Back to top button