
ဧပြီ ၁၉ နှင့် ၂၀ ရက်နေ့များတွင် လေတပ်က တိုင်းနှင့် ပြည်နယ် ၄ ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် ၄၀ ထက်မနည်း သေဆုံး၊ ၆၀ ထက်မနည်း ဒဏ်ရာရသွားကြောင်း စုံစမ်းသိရှိရသည်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် ဧပြီ ၂ ရက်မှစ၍ ၂၀ ရက်ကြာ အပစ်ရပ်မည်ဟု ကြေညာထားစဉ် ထိုသို့ တိုက်ခိုက်သဖြင့် စစ်ကိုင်းတိုင်းတွင် ၁၃ ဦး သေဆုံးကြောင်း ဒေသအခြေစိုက် တက်ကြွလှုပ်ရှားသည့်အဖွဲ့များနှင့် ပြည်သူကာကွယ်ရေးတပ်များက Myanmar Now ကို ပြောသည်။
မြင်းမူမြို့နယ်၊ ကန်တော်ရွာမှ ၅ ဦး၊ ကန့်ဘလူမြို့နယ် သင်တောကျေးရွာမှ ၆ ဦး၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာမှ ၂ ဦး ဖြစ်သည်။
ထို့ပြင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာမှ ကလေးများအပါအဝင် အရပ်သား ၂၄ ဦး၊ မွန်ပြည်နယ် ဘီလင်းမြို့နယ် မင်းစောရွာဘုန်းကြီးကျောင်းမှ အမျိုးသမီး ၂ ဦးနှင့် ကိုရင် ၁ ပါး၊ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှ မြေးအဖိုး ၂ ဦး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်များက ဆိုသည်။
မြင်းမူ၊ ရွှေဘို၊ ကန့်ဘလူ တိုက်ခိုက်မှု
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အနောက်ဘက် ၇ မိုင်ကျော်အကွာရှိ ကန်တော်ရွာအနီးကို ဧပြီ ၁၉ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်ရေးရဟက်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း မြင်းမူပကဖလက်အောက်ခံ People’s Knight Defence Force အဖွဲ့တာဝန်ရှိသူ ဗိုလ်အေးချမ်းက Myanmar Now ကို ပြောသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် မစုမြတ်၊ ၁၇ နှစ်အရွယ် မမေဇွန်ဦး၊ ၆၅ နှစ်အရွယ် ဦးတင်မောင်နှင့် တော်လှန်ရေးရဲဘော်အမျိုးသား ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားသည်။
အပစ်ရပ်ထားသည်ဟုဆိုသော်လည်း မြင်းမူမြို့နယ်တွင် မြေပြင်စစ်ကြောင်းထိုးနေသလို ဝေဟင်မှ တိုက်ခိုက်မှုများရှိနေ၍ သတိရှိရန်လိုကြောင်း ၎င်းက ပြောသည်။
ထိုနေ့တွင် စစ်ကောင်စီတပ်က မြင်းမူမြို့နယ် အလ္လကပ္ပရွာနှင့် တောချောင်းဦးလမ်းပေါ်ရှိ ပြည်သူကာကွယ်ရေးမတော်(PDF) စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ တိုက်ပွဲဖြစ်ပြီး ရဲဘော်တစ်ဦးသေဆုံးကာ မောင်းပြန်သေနတ်တစ်လက်ဆုံးရှုံးကြောင်း သိရသည်။
ဧပြီ ၂၀ ရက် ညနေပိုင်းတွင် ရွှေဘိုမြို့နယ် ကွန်ဆိပ်ကျေးရွာ စာသင်ကျောင်းကို လေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါဝင် ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။
သေဆုံးသူအမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည် ၈ လသား ကိုယ်ဝန်ဆောင်သည်ဖြစ်ပြီး ကလေးကို ခွဲစိတ်ကယ်ထုတ်ရန် ကြိုးစားနိုင်ခဲ့သော်လည်း ထိုကလေးမှာ မိနစ်ပိုင်းသာ အသက်ရှင်၍ သေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောသည်။
“(စစ်ကောင်စီက) သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် လူသားချင်းစာနာစိတ်ထားဖို့ နေနေသာသာ ယုတ်မာရက်စက်ဖို့ရာ အကုန်လုပ်နေတယ်။ နောက်ဆုံးထွက်သက်အထိ ယုတ်မာသွားတော့မှာပဲ” ဟု သူက ပြောသည်။
တစ်ပြိုင်တည်းတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောရွာကိုလည်း စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုကြောင့် သင်တောရွာ ဦးစိုးမင်းနှင့် ဒေါ်မူချို ကုန်စုံဆိုင်နှင့် အနီးသို့ ကျရောက်ခဲ့ပြီး အသက် ၅၀ အရွယ် ဦးကျော်မင်းကြီး၊ အသက် ၃၀ အရွယ် ကိုဖိုးမော့၊ ကိုမင်းမင်း၊ အသက် ၅၀ အရွယ် ဒေါ်ခင်မာနှင်း၊ ဒေါ်စောနှင့် အသက် ၂၀ အရွယ် မမိသေးတို့ ၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုဒေသကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထား၍ ဒဏ်ရာရသူနှင့် အိုးအိမ်ထိခိုက် ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း ထိုအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီဧပြီလထဲမှာ ဝန်းသို၊ ကောလင်းတစ်ကြောပေါ့နော် မန္တလေးတိုင်း သပိတ်ကျင်းဘက်တစ်ကြောတွေ ပစ်နေတာ၊ အကုန်လုံးကကျွန်မတို့သိသလောက် တိုက်ပွဲမရှိဘူး။ သူတို့က ပြည်သူကို သက်သက်ကြီး ပစ်မှတ်ထားပြီး ရွာတွေထဲပဲ ဗုံးကြဲနေတာလို့ ကျွန်မတို့မြင်တာပဲ” ဟု သူက ဆိုသည်။
သင်တောရွာသည် စစ်ကောင်စီ၏ ကိုးတောင်ဘို့ အထိုင်စခန်းနှင့် နီး၍ ရွာထဲတွင် သိပ်မနေကြဘဲ ရွာပြင်ထွက်နေကြကာ ယခုနောက်ပိုင်းတွင် ရွာထဲနေ၍ ဈေးရောင်းဈေးဝယ်လုပ်နေကြကြောင်း၊ လေကြောင်းပစ်ခံရသည့်အိမ်မှာ ကုန်စုံဆိုင်ကြီးတစ်ခုဖြစ်ကြောင်းလည်း ထိုအဖွဲ့က ဆိုသည်။
ယနေ့ (ဧပြီ ၂၁ ရက်) နံနက်ပိုင်းတွင်လည်း မြို့အရှေ့ဘက် ညောင်ရင်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ်တလုံးကို ဖျက်စီးကာ ဒေသခံများကို ရိုက်နှက်ခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

သပိတ်ကျင်း၊ ဘီးလင်းနှင့် သရက်ချောင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှု
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို လေတပ် ဧပြီ ၁၉ တွင် ဗုံးကြဲသဖြင့် ကလေးများအပါအဝင် အရပ်သား ၂၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရကာ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လူစည်ကားသည့် နေရာကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ရွာက ရွှေလုပ်ငန်းတွေနဲ့ အသက်မွေးကြတာပဲ။ တကယ့်လူစည်ကားတဲ့အချိန် ရွာလယ်ကိုကြဲချတာ ကလေးတွေလည်း အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေ”ဟု ၎င်းက ဆိုသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများတွင် ဗုံးပေါက်ကွဲမှုကြောင့် အစိတ်အပိုင်းများ ပြတ်တောက် နေကြသလို ပေါက်ကွဲမှုအရှိန်ကြောင့် လောင်ကျွမ်းနေသော အလောင်းများ၊ မီးကျွမ်းကာ အစိတ်အပိုင်းများ ပြတ်တောက်နေသော ကလေးအလောင်းများပါတွေ့ရသည်။
ကလေးများအပါအဝင် သေဆုံးသူ ၂၄ ဦးကိုသာ အတည်ပြုနိုင်သေးပြီး ၊ နောက်ထပ်သေဆုံးသူများလည်း ရှိနိုင်သေးကြောင်း၊ စစ်ကောင်စီသည် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နေရာများကို ရန်ငြိုးထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်(ပကဖ)သတင်းတာဝန်ခံက ပြောသည်။
“အဓိကကတော့ သူတို့ ဒီနေရာတွေကို ပြန်လိုချင်တယ်။ ဒါ့ကြောင့် မစားရတဲ့အမဲ သဲနဲ့ပက်သလို ရန်ငြိုးထားပြီး ပြည်သူတွေကိုပါရက်ရက်စက်စက် သတ်ပြနေတာ” ဟုပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေ၍ ဗုံးခိုကျင်းများ တူးဖော်ထားရှိရန် အရေးပေါ်လိုအပ်နေကြောင်း၎င်းက သတိပေးသည်။
သပိတ်ကျင်းမြို့နယ် တောင်ဘက် စဉ့်ကူးမြို့နယ်တွင် ကျည်တောက်ပေါက်ကျေးရွာလည်း ယမန်နေ့က ဗုံးကြဲခံရပြီး ရွာလယ်စာသင်ကျောင်းနှင့်ဈေးအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ကာ ၆ ဦး ဒဏ်ရာရသွားသည်။
ယခုလအတွင်း မန္တလေးတိုင်းအတွင်းမြို့နယ်များဖြစ်သော စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်တို့ကို ပစ်မှတ်ထားဗုံးကြဲနေပြီးတိုက်ခိုက်မှုအကြိမ်ရေ၂၀ ကျော်ရှိသည်ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖက) က ဆိုသည်။
ဧပြီ ၁ ရက်မှစကာ ဧပြီ ၁၉ ရက်နေ့အထိ မန္တလေးတိုင်းထဲရှိ သပိတ်ကျင်းမြို့နယ်တွင် ၁၃ ကြိမ်၊ စဉ့်ကူး မြို့နယ်တွင် ၄ ကြိမ်၊ မတ္တရာမြို့နယ်တွင် ၁ကြိမ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ကလည်း ထုတ်ပြန်ထားသည်။
ဧပြီ ၁၉ ရက်တွင်ပင် ကရင်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်ရဟတ်ယာဉ်က ဗုံးကြဲတိုက်ခိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးသထူ(သထုံခရိုင်)က သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ ဘုန်းတော်ကြီးများ ဆွမ်းဘုန်းပေးနေချိန် တိုက်ခိုက်မှုတွင် အသက် ၁၀ နှစ်အရွယ် ကိုရင် ရှင်ကေလာသ၊ ဆွမ်းကပ်လှူနေသော ကျောင်းဒါယိကာမ အသက် ၆၅ နှစ်အရွဘ် နော်လှမြင့်၊ အသက် ၆၀ အရွယ် နော်မဝဲ တို့ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။ ထို့ပြင် ရဟန်း ၃ ပါးနှင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ဧပြီ ၁၉ နံနက်ပိုင်းတွင် နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ရဲငဲကျေးရွာကို လေတပ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝကျေးရွာ နယ်မြေရဲစခန်းသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရန် သွားရောက်စဉ် ထိုရွာအနီးရှိ ရဲငဲရွာကို လေတပ် ရောက်လာပြီး ဗုံးကြဲခဲ့ကြောင်း ၎င်းက ပြောသည်။
“တိုက်ပွဲကတော့ ကြီးကြီးမားမားမဖြစ်လိုက်ဘူးဗျ။ အဲ့မှာမှ ဝင်းဝရဲစခန်းက ရဲတွေက သူတို့ ကြောက်ပြီး စစ်ကူတောင်းလိုက်တယ်။အဲ့မှာ ကျွန်တော်တို့ရွာတွေကို ဗုံးပတ်ကြဲတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် သရက်ချောင်းမြို့နယ် အနောက်ဘက်ခြမ်း ကပ္ပလီပင်လယ်ကမ်းစပ်ရှိ ကျေးရွာများကို အမည်းရောင်နယ်မြေဟုသတ်မှတ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ်စစ်ကြောင်းဝင်လေ့ရှိသည်။
စစ်တပ်ရန်ကို ကြောက်သဖြင့် အိမ်ခြေ ၁၆၀၀ ကျော်ရှိသည့် ရငဲရွာမှ ဒေသခံများ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံတွင်မကြာခဏ ရွှေ့ပြောင်းနေရကြောင်း၊ လူမရှိသည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းမွှေနှောက်ပြီး ပစ္စည်းများယူဆောင်ကြကြောင်း ဒေသခံတို့က ဆိုသည်။
မတ် ၂၈ ရက်နေ့ အင်အားပြင်း ငလျင်လှုပ်ပြီးကတည်းက အပစ်ရပ်ကြေညာခဲ့သည့်စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကိုအရှိန်မြှင့်လုပ်နေရာ သေဆုံးသူအရေအတွက် များပြားလာနေသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ၂၀၂၃ ဧပြီ ၁၁ ရက်နေ့က ကလေးငယ်များ အပါအဝင် အရပ်သားများ ၁၆၈ ဦးအထိ အစုလိုက် အပြုံလိုက်သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲမှုမှာ ထင်ရှားသည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်တပ်သတင်းနှင့်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အလ်ဂျဇီးရားသတင်းဌာနနှင့် မတ် ၂၈ ရက်နေ့ ငလျင်မလှုပ်မီ မိနစ်ပိုင်းအလိုက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကလေးတွေအများကြီး ပါဝင်တယ်ဆိုတာက သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အုပ်စုရဲ့အစိတ်အပိုင်းဖြစ်နေလို့ပါ တိုက်ခိုက်မှုတွေဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ရှောင်လွှဲလို့မရဘူး ဒါက စစ်ပွဲရဲ့သဘောပါပဲ ဘေးထွက်ဆိုးကျိုးတွေက ရှိမှာပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ တစ်နှစ်ထက် တစ်နှစ်ပိုမိုမြင့် တက်လာပြီး ၂၀၂၄ ဖေဖော်ဝါရီလအထိ ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂၂၄ ဦးသေဆုံး၊ ၃၄၆၆ ဦး ဒဏ်ရာရသည်ဟု ဉာဏ်အလင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။