
အာရက္ခတပ်တော် AA နှင့်တိုက်ပွဲများဖြစ်ပွားနေသည့် ဧရာဝတီတိုင်းစစ်မျက်နှာပြင်မှ ထွက်ပြေးရန်ကြိုးစားခဲ့သည့် လူငယ်စစ်သားသုံးဦးကို ဧပြီ ၇ရက်နေ့ ညနေပိုင်းတွင် စစ်တပ်ကပြန်လည်ဖမ်းမိခဲ့ပြီးနောက် ရေကြည်မြို့နယ်၊ ကွင်းချောင်းရွာတွင် လက်ပြန်ကြိုးတုပ် ပစ်သတ်ခဲ့ကြောင်း မျက်မြင်သက်သေ နှစ်ဦးကပြောသည်။
သတ်ဖြတ်ခံရသူများသည် မကြာသေးမီကမှ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံထားရသူ အသက် ၂၀ ဝန်းကျင် တပ်သားသစ်များ ဖြစ်ကြသည်ဟုလည်းဆိုသည်။
“ကလေး ၃ ယောက်လုံးက အသားအရည်ကော၊ ရုပ်ရည်ကော ခပ်သန့်သန့်လေးတွေ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
သေဆုံးသွားသည့်တပ်သားများအပါအဝင် လူငယ်စစ်သားလေးဦးသည် ဧပြီ ၇ရက် နံနက်ပိုင်းတွင် ရေကြည်မြို့နယ်၊ ငသိုင်းချောင်း မြို့နယ်ခွဲအတွင်း သေနတ်ကိုင်ကာ ကင်းလှည့်နေစဉ် ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်ရိုးမကိုကျော်လွန်လာသည့် အာရက္ခတပ်တော် AA ၏ထိုးစစ်ကို ခုခံနေသည့် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်များကို ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းမှ ကျေးရွာများသို့ပို့ကာ တိုက်ခိုက်ရေးနှင့် လုံခြုရေးတို့တွင် အသုံးပြုနေသည်။
လူရွေးမှားသည့်တပ်သားများ
နယ်မြေမကျွမ်းကျင်သည့် ထိုစစ်သားများသည် ငါးသိုင်းချောင်းမြို့၏အနောက်ဘက် ခုနှစ်မိုင်ကျော်အကွာသို့ ရောက်သွားစဉ် ကွင်းချောင်းရွာသားတစ်ဦးကို ချဉ်းကပ်ပြီး မြို့ပေါ်သို့ အမြန်ဆုံးရောက်မည့်လမ်းကြောင်း မေးမြန်းစုံစမ်းခဲ့သည်။ ၎င်းတို့အကူအညီတောင်းခံသည့်ရွာသားမှာ စစ်တပ်ထောက်ခံသည့် ကျေးရွာဥက္ကဋ္ဌဟောင်း ဖြစ်နေသည်။
ယာဉ်ထိန်းရဲအဖြစ် တာဝန်ထမ်းခဲ့ဖူးသည့် ဦးမြင့်ဌေးဆိုသူ ထိုဥက္ကဋ္ဌဟောင်းသည် ထိုလူငယ်များကို အကူအညီပေးမည်ဟုလှည့်ဖျားကာ ကျေးရွာဘုန်းကြီးကျောင်းသို့ ခေါ်သွားခဲ့သည်။

ထို့နောက် အဆိုပါ ကျေးရွာဥက္ကဋ္ဌဟောင်း၏ သတင်းပေးချက်အရ မြောက်ဘက်လေးမိုင်ကျော်အကွာ မြောက်စမ်းရွာအနီးရှိ အမှတ်(၃၄၄) အမြောက်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ဘုန်းကြီးကျောင်းသို့ နာရီပိုင်းအတွင်း ရောက်လာခဲ့သည်။
ကြယ်နှစ်ပွင့်အဆင့်ရှိ ဗိုလ်ကြီး ဦးဆောင်သော ထိုစစ်သားများရောက်လာချိန်တွင် လူငယ်စစ်သားများအနက် အိမ်သာတက်နေသူတစ်ဦးသာ ထွက်ပြေးလွတ်မြောက်သွားပြီး၊ ကျန်သုံးဦးမှာ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခံရပြီးမကြာမီ ပစ်သတ်ခံလိုက်ရသည်။
အသတ်မခံရမီ သေနတ်နှင့်ခဲယမ်းများ ဝှက်ထားခဲ့သည့်နေရာကိုလည်း ပြောပြခဲ့ရသည်ဟု သိရသည်။
ထို့နောက် အိမ်ခြေ ၁၀၀၀ခန့်ရှိသော ကွင်းချောင်းရွာထိပ်ရှိ ဘုန်းကြီးကျောင်းအနီးမှာပင် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ ရွာသားအချို့က ကျင်းတူးပြီး မြေမြှုပ်ပေးခဲ့ရကြောင်း ထိုအခြေအနေကို မျက်မြင်သိရှိသူ ဒေသခံများက ပြောပြသည်။
“ရင်ဘတ်တွေရယ်၊ ခေါင်းတွေရယ် ပွင့်ထွက်ဒဏ်ရာတွေနဲ့ပေါ့” ဟုမျက်မြင်တွေ့ရှိသူကဆိုသည်။

ပစ်သတ်ခံရသူများအနက်နှစ်ဦးမှာ ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်(တမခ ၂၂) ဘက်တံဆိပ်တပ် စစ်အင်္ကျီဝတ်ဆင်ထားပြီး၊ ကျန်တစ်ဦးမှာ စွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ထားသည်ဟု အထက်ပါ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
အမှတ် ၃၄၄ အမြောက်တပ်ရင်း၌ စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်ဖြစ်လာသူ ဒေသအသီးသီးမှ လူငယ်အများအပြား ရောက်ရှိနေပြီး၊ ၎င်းတို့မှာ အမြောက်တပ် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် နေ့စဉ်ကင်းလှည်နေကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်သားများ ပစ်သတ်ခံရသည့်အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် စစ်ကောင်စီ၏ ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်း အဆက်အသွယ်မရသေးပါ။
လွတ်မြောက်သွားသူနှင့် သတ်ဖြတ်ခံခဲ့ရသူတို့၏ အမည်နှင့်ကိုယ်ပိုင်အမှတ်အပါအဝင် အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းရောက်လာသည့် AA ထိုးစစ်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့အပါအဝင် ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် AA သည် ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းထဲထိ ဝင်ရောက်လာကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်နေသည်။
ရခိုင်ပြည်နယ်ကို ဧရာဝတီတိုင်းနှင့် ဆက်သွယ်ထားသည့် ဂွ-ငသိုင်းချောင်းလမ်း၊ ပဲခူးတိုင်းနှင့် ချိတ်ဆက်ထားသည့် တောင်ကုတ်-ပန်းတောင်းလမ်း၊ မကွေးတိုင်းနှင့် ထိစပ်နေသည့် အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်တိုက်ခိုက်နိုင်ပါက ရခိုင်ပြည်သို့ စစ်ကောင်စီဝင်ရောက်နိုင်မည့် ကုန်းလမ်းအားလုံးကို အလိုလိုဖြတ်တောက်ထားနိုင်မည် ဖြစ်သည်။
ဤအခြေအနေတွင် AA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အထက်ပါ ဒေသများကို ဆက်လက်ထိုးစစ်ဆင်နေသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်ထဲအထိ AA နှင့် မဟာမိတ်တပ်များ ရောက်ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရေကြည်မြို့နယ်အတွင်းရှိ ပုသိမ်မြစ်ဘေးမှ သရက်ပင်ကြီးစုရွာနှင့် အနီးပတ်ဝန်းကျင်ရွာများအထိ AAတပ်ဖွဲ့များ ရောက်လာကြောင်း ဒေသခံများထံက သိရသည်။
တိုင်းနှင့်ပြည်နယ် ၁၄ခုအနက် ဧရာဝတီတိုင်းသည် စစ်ကောင်စီတပ်ရင်း အနည်းဆုံးအခြေစိုက်သော တိုင်းတစ်ခု ဖြစ်သည်။

မြို့တော်ပုသိမ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) အခြေစိုက်ပြီး၊ နတခ လက်အောက်တွင် ခြေမြန်တပ်ရင်း ၂ရင်း၊ ခြေလျင်တပ်ရင်း ၉ရင်း၊ အမြောက်တပ်ရင်း ၂ရင်း ရှိသည်။ ဟိုင်းကြီးကျွန်းတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ် ရှိသည်။
အမြောက်တပ်ရင်း ၂ခုမှာ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာအနီးရှိ အမှတ်(၃၄၄)အမြောက်တပ်ရင်းနှင့် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးရွာတွင် အခြေစိုက်သည့် အမှတ်(၅၀၅) အမြောက်တပ်ရင်းတို့ ဖြစ်သည်။
AA နှင့် မဟာမိတ်တပ်များ ရောက်ရှိနေသော သာပေါင်းမြို့နယ်တွင် အမှတ်(၃၀၈)ခြေမြန်တပ်ရင်း၊ မြန်အောင်တွင် အမှတ်(၅၁)ခြေလျင်တပ်ရင်း၊ ဟင်္သတမြို့နယ်တွင် အမှတ်(၁၈) ခြေလျင်တပ်ရင်း အခြေစိုက်သည်။
ရှေ့တန်းစစ်မျက်နှာရောက်အရပ်သားများ
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄နှစ်ဆန်းပိုင်းက စတင်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေဖြင့် အရပ်သားလူငယ်များကို အတင်းအကျပ် စစ်မှုထမ်းစေပြီး ၂၀၂၅ မတ်လအထိ စစ်သင်တန်း ၁၁ ကြိမ်ဖွင့်ခဲ့သည်။ သင်တန်းတစ်ခုလျှင် လူ ၅၀၀၀ စစ်သင်တန်းပေးမည်ဟု စစ်ကောင်စီကကြေညာထားရာ စစ်မှုထမ်းဥပဒေဖြင့် အရပ်သား ၅၅၀၀၀ စစ်သားဖြစ်သွားပြီဟု နားလည်ရသည်။
ကနဦးတွင် စစ်ကောင်စီသည် လူငယ်တပ်သားသစ်များကို ရှေ့တန်းမပို့ဟု ထုတ်ပြန်ခဲ့သည်။
သင်တန်းပြီးသည်နှင့် တိုက်ပွဲရှိသည့်ဒေသသို့ ရောက်သွားက ထွက်ပြေးလွတ်မြောက်သူများရှိသလို တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသူများ၊ တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရသူများလည်း ရှိနေသည်။
ပြီးခဲ့သည့်နှစ်က စစ်ခေါင်းဆောင်လက်မှတ်ထိုးကာ အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ် အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ် ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသား ဖြစ်ပါက ၁၈ နှစ်မှ ၄၅ နှစ်၊အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံး ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြား ထွက်ခွင့်မပြုကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ထည့်သွင်းကန့်သတ်ထားသည်။