သတင်း

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်း စစ်တပ်ဗုံးကြဲ၊ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

AA ၏ ထိုးစစ်သည် ရခိုင်ပြည်နယ်ကိုကျော်လွန်ပြီး ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့သို့ပါ ရောက်ရှိလာသည်။ စစ်ကောင်စီတပ်က ခုခံစဉ် ရွာအချို့လည်း ဗုံးကြဲခံရပြီး ဒေသခံများ တိမ်းရှောင်နေရသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်  လေးမျက်နှာမြို့နယ် ကျေးရွာများကို လေတပ်က မတ်လ  ၁၈ ရက်နေ့မှ စတင်ပြီး ၂ ရက်ကြာ  ဗုံးကြဲခြင်းကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရသည်ဟု သိရသည်။

ရခိုင်ရိုးမနှင့်ဆက်နေသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစု ကျေးရွာများ  ဗုံးကြဲခံနေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုကျေးရွာများသည် ပုသိမ်-မုံရွာ ကားလမ်း အနောက်ဘက်ရှိ ပန်းတောကြီးလမ်းဆုံအနီးတွင်ရှိပြီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများလည်း ဖြစ်သည်။ 

အသက်ဘေးမှ လွတ်မြောက်ရန် ကမန်းကတန်း တိမ်းရှောင်ခဲ့ရသည်ဟုလည်း စမ်းကုန်းရွာဒေသခံတစ်ဦးက ပြောသည်။

 “ဘာမှမယူနိုင်ဘူး။ ကျွဲနွားတိရိစ္ဆာန်လည်းအကုန်ထားခဲ့ရတာ။ လူပဲလွတ်အောင်ပြေးရတာ။ အချိန်က တအားကပ်ပြီးတော့ဖြစ်တာဆိုတော့ ဘာမှမယူနိုင်ဘူး။ စားစရာသောက်စရာနဲ့ အဓိကပစ္စည်းတွေပဲ ယူလို့ရတယ်” ဟု ၎င်းက ပြောသည်။

ဝတ်ကုန်းကျေးရွာအနီးတွင် AA နှင့် ပူးပေါင်းတပ်များ ရှိနေပြီး တုံးတောရွာတွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်သည်ဟုလည်း အထက်ပါ ဒေသခံက ပြောသည်။

“စစ်ဘေး‌ရှောင်တွေက လွတ်ရာကျွတ်ရာမှာ ရှောင်နေရတယ်။   ညဘက်ဆိုရင် ဒရုန်းနဲ့ ဗုံးကြဲတယ်။ ပထမညကလည်း နှစ်လုံး သုံးလုံးလောက်ကြဲသံကြားရတယ်။ အခုညလည်း သုံးလုံး လေးလုံးလောက် ကြဲတယ်။ တုံးတောရွာဆိုရင် တစ်ခြမ်းလောက် မီးလောင်သွားတယ်။ ရွာတစ်ဝက် လောက်ရှိတယ်” ဟု သူက ပြောသည်။

ထိုရွာ၏ ပျက်စီးသွားသည့်အိမ်ခြေအရေအတွက်ကို မသိရသေးပေ။

ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းအနီးရှိ ငါးသိုင်းချောင်း၊ ရေကြည်နှင့်လေးမျက်နှာမြို့နယ်များတွင်  AA က နေရာသုံးခုခွဲပြီး စစ်ကြောင်းများထိုးနေရာ စစ်ကောင်စီ၏ တန်ပြန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့ရွာတွေက တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ဆိုရင် တော်တော်ဝေးသေးတယ်။ ဘေးပတ်ဝန်းကျင်ရွာတွေကို စစ်မကူးစက်အောင်၊ နောက်တစ်ခုက ဒီဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတာဆိုတော့ ဘေးနားမှာ ဆက်စပ်နေတဲ့ ရွာတွေအကုန်လုံးကို ဗုံးကြဲတာပဲ” ဟု ၎င်းက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ အဓိက အရေးပါသည့်၊ ဂွ-ငါး သိုင်းချောင်းလမ်းပေါ်ရှိ စက်စက်ယိုလမ်းဆုံတွင် တည်ရှိသည့်စစ်စခန်းကို ပူးပေါင်းတပ် သိမ်းပိုက်နိုင်ရန် နီးစပ်နေပြီဟုလည်း သူက ပြောသည်။

စစ်ကောင်စီတပ်က   ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေရာ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်နှင့် ငါးသိုင်းချောင်းမြို့နယ်များရှိ ကျေးရွာ ၁၀ ရွာထက်မနည်းမှ စစ်ဘေးဒုက္ခသည် ထောင်ချီရှိလာသည်ဟု ဧရာဝတီလူငယ်များသမဂ္ဂ (AYU) အဖွဲ့ကလည်း ဆိုသည်။

လေးမြို့နယ်မှ စစ်ရှောင်များကို စစ်ကောင်စီတပ်က ပုသိမ်မြစ်၏ တစ်ဖက်ကမ်းသို့ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့ထားသည်ဟု  AYU တာဝန်ခံက ပြောသည်။ တိုက်ပွဲများတွင် စစ်တပ်အရာရှိ အဆင့်ထိပါ အကျအဆုံးရှိနေပြီး ဒဏ်ရာရ လူနာများကို အင်္ဂပူနှင့် ပုသိမ် ဆေးရုံများသို့ ပို့ဆောင်နေသည်ဟုလည်း သူက ပြောသည်။

“စက်စက်ယိုလမ်းဆုံမှာ ပိတ်တယ်။ ရေနံ့သာလမ်းဆုံမှာ ပိတ်တယ်။ အဲဒီလို ပိတ်ပြီး ထိုင်ထားတယ်။ စစ်ရှောင်တွေက ထွက်မရဘူးဖြစ်နေတယ်။ သွားချင်ရင် ရွာလမ်းတွေကနေပြီးတော့ ဖြတ်သွားရတယ်” ဟု ၎င်းက ပြောသည်။

ဂွ-ငါးသိုင်းချောင်းလမ်းနှင့် ဆက်စပ်နေသည့်  ထိုလမ်းဆုံများကို စစ်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထား၍ အဆိုပါလမ်းများကို အရေးတကြီးကိစ္စမှအပ အသုံးမပြုကြရန် ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ သတင်းထုတ်ပြန်ရေး စာမျက်နှာတွင် ရခိုင်ဒေသစစ်ပွဲအခြေအနေ မပါဝင်ပေ။

ပူးပေါင်း တပ်ဖွဲ့က ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ရန် အဓိကအရေးပါသည့် အမှတ် (၃၀၈) ခြေမြန်တပ်ရင်းကို ထိုးစစ်ဆင်နေရာ စစ်တပ်ကလည်း လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများသုံးပြီး အပြင်းအထန်ခုခံနေသည်ဟု သိရသည်။

ဂွမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက်  ပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ကမ်းရိုးတန်းတလျှောက်  ဧရာဝတီတိုင်းအတွင်း ရွေ့လျားလာရာ ပုသိမ်မြို့နယ်၊ မကျီးဇင်နှင့်ဘောမိကျေးရွာရှိ စစ်စခန်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး မကျီးဇင်-သာပေါင်း လမ်းအတိုင်း ထိုးစစ်ဆင်လာခဲ့ခြင်းပြီး သားပေါင်းမြို့နယ်ရှိ  စစ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာတဝိုက် တိုက်ပွဲများဖြစ်နေသလို ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများရှိနေကြောင်း AA ပြောခွင့်ရသူက Myanmar Now ကို ပြောသည်။

“ဧရာဝတီတိုင်းနှင့်ရခိုင်အစပ်ကနေရာတွေ အထူးသဖြင့် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲက နေရာတချို့မှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ဖြစ်ပွားနေတာရှိပါတယ်” ဟု သူက ပြောသည်။

ထို့ပြင် မကွေးတိုင်းနှင့်ရခိုင် နယ်စပ်တွင်လည်း တိုက်ပွဲများဖြစ်နေဆဲဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကာ ကျောက်ဖြူ မြို့နယ်၊ ဓညဝတီရေတပ်အနီး ကျေးရွာများတွင် တိုက်ပွဲများရှိနေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

Related Articles

Back to top button