သတင်း

နေပြည်တော် ပျဉ်းမနားတွင် ငလျင်ဒဏ်သင့်နေအိမ်ဖြိုခ သိန်းဆယ်ချီပေးနေရ

ငလျင်ကြောင့် နေအိမ်ပျက်စီးသွားသူတို့ အလုံးအရင်း ကုန်ကျရမည့်ငွေမှာ အိမ်ပြန်ဆောက်ခ မဟုတ်ဘဲ အိမ်ဖြိုခ ဖြစ်နေသည်ဟု နေပြည်တော် ပျဉ်းမနား ဒေသခံများက ပြောသည်။

အင်အားပြင်းထန်သည့် ငလျင်ကြောင့် အထိနာခဲ့သည့် နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၌  ပြိုကျသည့်နေအိမ်များ ဖယ်ရှားရှင်းလင်းရာတွင် ကျပ်သိန်းဆယ်ချီ ကုန်ကျနေကြရသည်ဟု သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီထံ ဖြိုဖျက်ခွင့် တောင်းခံရသည်၊  ခွင့်ပြုမိန့်ကျလာလျှင် စက်ယန္တရားများ  ကျပ်သိန်းဆယ်ချီပေး ငှားရမ်းကာ  နေအိမ်ပြိုပျက်မှုရှင်းလင်းရသည်ဟု  ငလျင်ဒဏ်သင့်မိသားစုများ၊ ကူညီပေးနေသူများက ဆိုသည်။

နေအိမ်အမျိုးအစားပေါ်မူတည်၍ ဖြိုဖျက်ခသည် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၅၀ အထိ ကုန်ကျကြောင်း ၎င်းတို့က ပြောသည်။

စက်ယန္တရားများကို ငှားရမ်းရာတွင် ဘတ်ဟိုး (မြေကော်စက်) တစ်စီးလျှင် တန်ချိန်ပေါ်မူတည်၍ တစ်နာရီ လျှင် ကျပ်တစ်သိန်းမှ နှစ်သိန်းကြားအထိ ကုန်ကျပြီး နေအိမ်တစ်လုံး ဖြိုဖျက်ခ ကျပ် ၁၅ သိန်းအထက် ကုန်ကျသည်ဟု သိရသည်။

“ရှင်းလင်းတာက နှစ်မျိုးရှိတယ်။ လမ်းပေါ်မှာကျနေတဲ့ အပြိုအပျက်တွေရှင်းတာရှိတယ်၊ အဆောက်အဦ တွေကို ဖြိုဖျက်ရှင်းလင်းတာလည်းရှိတယ်” ဟု ငလျင်ဒဏ်ထိနေအိမ်များ ဖြိုဖျက်ရာတွင် ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

နေအိမ်တိုက်အပြိုအပျက်များမှ အုတ်အကျိုးပဲ့များကို ကားပေါ် တင်ရန် ကူညီ လုပ်အားပေးသူများ လိုအပ် ကြောင်း သူက ဆက်ပြောသည်။

“နေအိမ် သုံးလေးငါးလုံး ရှိတဲ့သူတွေက သိပ်ပြသနာမရှိဘူး၊ သူတို့ ပြန်ထူထောင်ဖို့အတွက်။ တချို့သူတွေက တော့ ထူထောင်ဖို့နေနေသာသာ ဖြိုဖျက်စရိတ်တောင် မတတ်နိုင်တဲ့သူတွေရှိတယ်” ဟု သူက ပြောသည်။

နေပြည်တော် စည်ပင်မှ တာဝန်ရှိ တစ်ဦးက ပြသနာမဖြစ်ပွားစေရန် လိုက်လံ ကြီးကြပ်ပေးကြောင်း  ကူညီနေသူများက ပြောကြသည်။

“တစ်အိမ်နဲ့တစ်အိမ် ကပ်နေတော့လေ၊ တစ်အိမ်က ဖြိုချရင် ဘေးအိမ်က စိုးရိမ်စိတ်ဖြစ်တော့ အဲသလို အခက် အခဲတွေကြုံတယ်၊ အိမ်က မပြိုသေးဘူး၊ နည်းနည်းတော့ အက်နေတယ်၊ အုန်းခနဲ ဒိုင်းခနဲ မြေပြင်ကို တွန်း လိုက်တဲ့ အကျိုးဆက်ကြောင့် ထိခိုက်နိုင်တာရှိနိုင်တယ်ပေါ့၊ အဲဒါမျိုးကို ညှိုနှိုင်းဆောင်ရွက်ရတာရှိတယ်” ဟု  အိမ်ဖြိုဖျက်ရာတွင် ကူညီပေးနေသူ အမျိုးသားက ဆိုသည်။ 

နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် စည်ပင်ထံမှ ဖြိုဖျက်ခွင့်ကျထားသည့်နေအိမ် ၅၀၀ ကျော်ရှိသည်၊  လက်ရှိ တွင် နေအိမ် ၁၀၀ နီးပါး ရှင်းလင်းထားပြီးပြီဖြစ်သည်ဟု ၎င်းက စည်ပင်သာယာရေး ကော်မတီအချက်လက်များကို ကိုးကား၍  ပြောသည်။

ပြန်လည် အသုံးပြုနိုင်သည့် သစ်သား၊ သံချောင်းများ လိုက်လံ ကောက်ယူနေသူတို့ကို အပျက်အစီးများထဲတွင်   တွေ့ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်ဖြိုပျက်တဲ့နေရာမှာ ပစ္စည်းအဟောင်းတွေ ရသမျှလာကောက်တဲ့သူတွေကလည်း အများကြီးပဲ၊ အိတ်ခွံ နဲ့ ကောက်တယ်၊ သုံးဘီးနဲ့ လာကောက်တဲ့သူတွေလည်း ရှိတယ်” ဟု သူက ပြောသည်။ 

နေအိမ်အပြိုအပျက်များမှ ပစ္စည်းလိုက်ကောက်နေသူတစ်ဦး။ (ဓာတ်ပုံ- Myanmar Now)  

ပျဉ်းမနားမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သူ၏အိမ်မှာ သေးငယ်သောကြောင့် စက်ယန္တယား ငှားရမ်းရန် မလိုအပ်ကြောင်း၊ သို့သော်လည်း ဖြိုဖျက်ခမှာ လစဉ် ဝင်ငွေ ၅ သိန်းခန့်သာ ရှိနေသော  သူ့အတွက် များပြားနေကြောင်း ပြောသည်။

“ကျွန်တော်တို့အိမ်ကတော့ လက်သမားခေါ်ပြီး ဖြိုချလိုက်တာ၊ သိပ်အကြီးစားမဟုတ်တော့၊ အုတ်နံရံ ပျဉ်ထောင်ဆိုတော့လေ။  ဒါလေးတောင် ဖြိုတာ ၇ သိန်းလောက် ပေးရတယ်” ဟု သူက ဆိုသည်။

ငလျင်သင့် နေအိမ်ဖြိုခ မတတ်နိုင်သည့်သူများကို ပရဟိတကူညီရေးအဖွဲ့များက ငွေကြေးစိုက်ခံကူညီပေးမှုများလည်းရှိကြောင်း သိရသည်။

ထိုသို့ အခက်အခဲ ကြုံရသည်မှာ နေပြည်တော်ဒေသတစ်ခုတည်းမဟုတ်ပေ၊ Myanmar Now က မေးမြန်းခဲ့ သော တခြားဒေသမှ ငလျင်ဒဏ်သင့်သူများနှင့် ပရဟိတကူညီပေးနေသူများကလည်း နေထိုင်ရေး ပိုခက်ခဲ ကြောင်း ပြောကြသည်။

ဆောက်လုပ်ရေးလုပ်သားရှားပါးခြင်း၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းတချို့ဈေးတက်ခြင်းတို့မှာ အိမ်သစ် ပြန်ဆောက်ရသူများ ကြုံရမည့် စိန်ခေါ်မှုများ ဖြစ်ကြသည်။ 

ငလျင်ဒဏ်ကြောင့် အိုးအိမ်ပျက်စီးခဲ့သည့် နေပြည်တော်ဒေသခံများသည် ဆွေမျိုးသားချင်းများ၊ ဘုန်းကြီး ကျောင်းများတွင် ယာယီခိုလှုံနေထိုင်ကြပြီး ငွေကြေးတတ်နိုင်သူတို့က အိမ်ငှားရမ်း၍ နေထိုင်နေ ကြသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့်၊ လမ်းပိုင်းများ၊ ဓာတ်တိုင် များ၊ ဖုန်းလိုင်းများပြုပြင်ရာတွင် ပါဝင်နေသည်၊  နေပြည်တော်မြို့နယ်အားလုံးနီးပါးတွင် လျှပ်စစ်ဓာတ်အား ပြန်ရနေပြီ ဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် လွှတ်တော် အဆောက်အဦများအပါအဝင်  နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြန်ကြားရေး၊ စက်မှုဝန်ကြီးဌာန၊ စွမ်းအင်၊ အလုပ်သမား စသည့်  ဝန်ကြီးဌာနတို့တွင် အဆောက်အဦများစွာ ပျက်စီးသွားသည်။

နေပြည်တော်ကို အထူးဦးစားပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း  ပြိုကျနေသော  ဝန်ထမ်းအိမ်ရာများကို   ငလျင်အပြီး ၁၀ ရက်ကျော်သည်အထိ  ဖြိုဖျက်ရှင်းလင်းခြင်းမရှိသေးပေ၊  နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့်ထိုရပ်ကွက်ရှိ အားကစားကွင်းများတွင် မိုးကာတဲများဖြင့် နေရာချထားပေးထားသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်မှုကို ရင်ဆိုင်နေရသော၊ ငလျင်ကာလတွင်ပင် ဒေသအများအပြားရှိ အရပ်သားများကို လိုက်လံဗုံးကြဲနေသော စစ်ဗိုလ်ချုပ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး ကျွမ်းကျင်မှု၊ ကြိုတင်ပြင်ဆင်ထားမှု၊ စေတနာတို့ ရှိမနေကြောင်း ယခင် ရေဘေး၊ လေဘေးကာလများကပင် အများသိရှိပြီး ဖြစ်သည်။

ဧပြီ ၉ ရက်နေ့အထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် သေဆုံးရသူ ၃၆၄၉ ဦး ရှိပြီး ဒဏ်ရာ ရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူ ၁၄၅ ဦးရှိကြောင်း သိရသည်။

စစ်ကောင်စီ ရုံးစိုက်သည့် နေပြည်တော်တွင် ပျဉ်းမနားအပါအဝင် ၈ မြို့နယ်ရှိသည်။ 

ပျဉ်းမနားမြို့တွင်း တွေ့ရသည့် အဆောက်အဦ ရှင်းလင်းနေသည့် မြေကော်စက် တစ်စီး။ (ဓာတ်ပုံ- Myanmar Now)

Show More

Related Articles

Back to top button