သတင်း

အစားအသောက်ထက်  နေထိုင်ရေးကို ပိုပူပန်နေရကြောင်း ငလျင်ဒဏ်ခံရသူများပြော 

ငလျင်ကြောင့် စားသောက်ကုန်ပို့ဆောင်ရာလမ်းကြောင်း ထိခိုက်သည်အထိ မရှိသော်လည်း အခြေခံ လိုအပ်ချက်ဖြစ် သော နေအိမ်အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရန် ပိုအခက်အခဲ ဖြစ်နေသည်။

အင်အားပြင်းငလျင်ကြောင့် အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဖြစ်သည့် မန္တလေးနှင့် မြို့ကြီးများတွင် ဈေး၊ ကုန်စည်ဒိုင်နှင့် ကုန်သိုလှောင်ရုံများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ဆန်၊ ဆီနှင့် မရှိမဖြစ်ကုန်စည်များဝယ်ရန် လတ်တလော အခက်ခဲမရှိဘဲ အဆောက်အဦများပြိုကျ ပျက်စီးခဲ့သဖြင့် နေထိုင်ရေးအတွက် ပိုမိုပူပန်နေရကြောင်း သိရသည်။ 

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင် ကုန်စည်ဒိုင်နှင့် ကောက်ပဲသီးနှံသိုလှောင်ရုံများ ထိခိုက်ပျက်စီးပြီး ငလျင်အပြီး မိုးရွာသွန်းမှုကြောင့် ကုန်စည်များထိခိုက်ပျက်စီးမှုရှိသော်လည်း ဧပြီ ၁ ရက်နေ့ကတည်းက မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်များပြန်စခဲ့ကြောင်း၊ အခြားစားသောက်ကုန်ဖြန့်ဖြူးမှုလည်း လက်တလော အခက်ခဲမရှိသေးကြောင်း မန္တလေးကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“အခုဟာက ထုတ်လုပ်မှုအပိုင်းက (သီးနှံ) ရိတ်သိမ်းပြီးတဲ့အချိန်ဆိုတော့ ပြဿနာမရှိဘူး။ လူတွေမှာ အဓိက ပြဿနာက ဘာတုန်းဆိုတော့ နေစရာမရှိတာ။ နေစရာက အဓိက၊ စားစရာက ရှိတယ်။ စားစရာ သောက်စရာကရှိတယ်။ အဓိက ပြဿနာက နေစရာက တော်တော်များများပျက်စီးတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ဒီဘိလပ်မြေဈေးနဲ့ အဆောက်အဦတစ်လုံး ပြန်ဖြစ်ဖို့ဆိုတာက ခက်ခဲမယ်” ဟု ၎င်းက ပြောသည်။ 

ငလျင်ကြောင့် ပျက်စီးနေသော စစ်ကိုင်းမြို့က ဘုရားတစ်ဆူ
ငလျင်ကြောင့် ပျက်စီးနေသော စစ်ကိုင်းမြို့က ဘုရားတစ်ဆူ

ငလျင်ကြောင့် မန္တလေးကုန်စည်ဒိုင်အဆောက်အဦ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သောကြောင့် ကြံခိုင်မှု ရှိမရှိ စစ်ဆေးပြီးမှ ကုန်စည်အရောင်းအဝယ်ပြန်လည်စတင်နိုင်မည်ဖြစ်ပြီးလတ်တလောတွင် ကုန်စည်ဒိုင် အဆောက်အအုံပြင်ပ၌ ရောင်းဝယ်ရေးလုပ်ကြသည်ဟု ၎င်းက ဆက်ပြောသည်။ 

ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်ထိခိုက်ပျက်စီးမှုရှိသော်လည်း မန္တလေးသို့ဝင်ရောက်နိုင်သည့် ရှမ်းပြည်နှင့် မိတ္ထီလာလမ်းကြောင်း ထိခိုက်မှုနည်းသဖြင့်  ကုန်စိမ်းနှင့် စားသောက်ကုန်များဆက်လက် ဝင်နိုင်ကြောင်း မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသားနောက်တစ်ဦးက ပြောသည်။

“ဆန်တို့ဆီတို့လည်းပုံမှန်ပါပဲ။ (ဆိုင်တွေလည်း) ဖွင့်နေကြတယ်။ ဆန်ဆိုင်တွေဆိုရင် ပိုရောင်းနေရတယ်။ အလှူအတွက်ဆိုပြီး ဆန်တွေဝယ်ကြတာလေ။ ပွဲရုံပိုင်ရှင်တွေလည်းဝယ်လှူကြပါတယ်။ ဆန်တစ်အိတ်ကို ပုံမှန်ဈေးက ၈၅,၀၀၀ ဆိုရင် ၅၀၀၀ လျှော့ပြီး ၈၀,၀၀၀ နဲ့ပေးတာတို့ပေါ့” 

ဆန်ကုန်သည်များ၊ လက်လီဆိုင်များအနေဖြင့်သိုလှောင်ထားသောဆန်များကို ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူး ရောင်းချရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မတ်လကုန်တွင် တိုက်တွန်းထားသည်။ 

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့၏ အထင်ကရဈေးကြီးဖြစ်သည့် ဈေးချိုတော် ထိခိုက်ပျက်စီးမှုရှိပြီး ဈေးဆိုင်များပိတ်ထားသော်လည်း ကုန်ဈေးနှုန်းအနည်းငယ်မြင့်တက်မှုမှလွဲ၍  စားသောက်ကုန်ဝယ်ရန် အဆင်ပြေနေဆဲဖြစ်သည်ဟု ဆိုသည်။ 

မန္တလေးမြို့ထဲမှ အပျက်အစီး အဆောက်အဦတစ်ခုအနီး ရှင်းလင်းနေသော ဘတ်ဟိုးတစ်စီး။ (ဓာတ်ပုံ-Myanmar Now)

မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်သည့် ဧရာဝတီမြစ်ကူးတံတား နောက်တစ်စင်း ဖြစ်သော စစ်ကိုင်း တံတား (ရတနာပုံ) အား ဖြတ်သန်းခွင့်ပြုထား၍ စားသောက်ကုန်များဖြန့်ဖြူးနိုင်ကြောင်း သိရသည်။

ငလျင်ဖြစ်ပွားပြီး ၁၀ ရက်အကြာ မန္တလေးမြို့ပေါ်တွင် ပိတ်မှုနေသူများ ကူညီကယ်ဆယ်သည့်လုပ်ငန်း များမရှိတော့ဘဲ ပြိုကျအဆောက်အဦများကို ရှင်းလင်းနေကြောင်း မန္တလေးမြို့ခံများထံက သိရသည်။

စစ်ကောင်စီ၏ ကနဦးထုတ်ပြန်ချက်များအရ ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် အခြားဒေသများတွင် လူနေအိမ်၊ ရုံးဌာန၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဘာသာရေးနှင့် ရှေးဟောင်းအဆောက်အဦ၊ စပါးနှင့် အခြားသီးနှံစိုက်ခင်းများစွာ ထိခိုက်ပျက်စီးကြောင်း ဖော်ပြထားသည်။ 

ငလျင်ကြောင့် ပြိုကျသည့် အဆောက်အဦများစွာရှိသလို မပြိုသော်လည်း ယိုင်နဲ့အက်ကွဲသွားသည့် အဆောက်အဦ အများအပြားရှိရာ နောက်ဆက်တွဲငလျင်များလှုပ်ပါက ထပ်ပြိုကျမည်ကို စိုးရိမ်သဖြင့် မနေထိုင်ရဲကြောင်း သိရသည်။

နေအိမ်ပျက်စီးသွားသူများအနေဖြင့် လတ်တလောတွင် ကွင်ပြင်၌ ယာယီရွက်ဖျင်တဲများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုမရှိသည့် ဆွေမျိုးနေအိမ်များ၌ ယာယီနေထိုင်နေကြရ ကြောင်း သိရသည်။ 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် လူ ၅၀ ကျော်ထိခိုက်သေဆုံးသလို ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ၊ လူနေအိမ်နှင့် တိုက်တာဆောက်အဦများပျက်စီးကြောင်း ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ဆောက်လုပ်ရေးလုပ်သားများရှားပါးခြင်း၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းတချို့ဈေးတက်ခြင်း ကြောင့်  ပျက်စီးအဆောက်အဦများရှင်းလင်း၍ ပြန်တည်ဆောက်ရန် အခက်ခဲရှိနေကြောင်း ၎င်းက ဆိုသည်။ 

“ငလျင်မလှုပ်ခင်က ဘိလပ်မြေတစ်အိတ်ကို ၁၅,၀၀၀ ပိုပိုလောက်ရှိတယ်။ အခု ၃၀,၀၀၀ ဝန်းကျင်ကို ဝယ်မရတော့ အခက်အခဲတော့တော်တော်ရှိမယ်ဗျ။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့လှုပ်သွားတဲ့အခါကြတော့ အပျက်အစီးများတဲ့အခါကြတော့ ပန်းရံ အလုပ်ကြမ်းသမားရဲ့ တစ်နေ့တာလုပ်အားခစရိတ်က အရင် ၁၀,၀၀၀ ကျပ်ဝန်းကျင်ရှိတဲ့ဟာ အခုက ၂၅,၀၀၀ လောက်အထိ တောင်းတယ်” ဟု ၎င်းက ပြောသည်။

ငလျင်ဒဏ်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ဝန်ကြီးဌာနများမှာ ထိခိုက်ပျက်စီးမှုရှိပြီး ယိုင်နဲ့အက်ကွဲနေသည့် တိုက်ခန်းများ ရာနှင့်ချီရှိသည်။

လွှတ်တော် အဆောက်အဦများအပါအဝင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို မောင်းနှင်ပေးမည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန အစရှိသော ဝန်ကြီးဌာတို့၏ အဆောက်အဦ များစွာ ပျက်စီးသွားသည်။

ထို့ပြင် ဆိုက်ဘာဌာန၊ စစ်ရုံးချုပ်၊ ပြည်ထဲရေး၊ မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်အဆောက်အဦများမှာလည်း ထိခိုက်ပျက်စီးမှုများရှိကြောင့် စစ်တပ်က ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားသည်။ ဝန်ထမ်းများနေထိုင်သည့် ခရေ၊ ကန့်ကော် ၊ ဘူးကွဲ၊ ပိတောက်၊ ဝဏ္ဏသိဒ္ဓိအိမ်ရာ အများအပြားလည်း ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို ဖြစ်သလို နေရာချထားရသည့် အခြေအနေဖြစ်ကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။

စစ်ကောင်စီဝန်ကြီးဌာနများကမူ ဝန်ထမ်းများကို ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ အားကစားကွင်းများတွင် မိုးကာတဲများဖြင့် နေရာချထားပေး၍ ဝန်ကြီးများက ပစ္စည်းများ လှူဒါန်း နေသည့် ဓာတ်ပုံများဖြင့် ပြန်လည်ထူထောင်ရေး လုပ်နေသည်ဟု နိုင်ငံပိုင်သတင်းဌာနများမှတဆင့် ဝါဒဖြန့်နေကြသည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် ဓနသိဒ္ဓိရပ်ကွက်ရှိ အားကစားကွင်းများတွင် ယာယီမိုးကာတဲ များဖြင့် နေထိုင်နေ​ရသော စစ်ကောင်စီဝန်ထမ်းများ။ (ဓာတ်ပုံ- MOI) 

လက်ရှိတွင် ဝန်ထမ်းအိမ်ရာအများစုမှာ ပြိုလဲပျက်စီးကာ အလောင်းထုတ်မရသေးသူ အများအပြား ရှိနေပြီး အများစုမှာ နီးစပ်ရာများတွင် ခိုလှုံနေထိုင်နေကြရဆဲ ဖြစ်သည်ဟု နေပြည်တော်ဒေသခံများထံက သိရသည်။ 

စစ်ကောင်စီဘက်က ယခုလကုန်တွင် ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရန် ရုံးများကို အဓိကထား ပြုပြင်တည်ဆောက်မည်ဖြစ်ကြောင်း ထိခိုက်ပျက်စီးမှုပမာဏအလိုက် အဆင့် ၃ မျိုး အနီရောင်၊ လိမ္မော် ရောင်နှင့် အပြာရောင်ဟူ၍ ခွဲခြားစစ်ဆေးမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။​

ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများကို အင်ဂျင်နီယာကျွမ်းကျင်သူများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပြီး အကြီးစား ပြင်ဆင်ရမည့် ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းမိသားစုများအတွက် ယာယီမိုးကာတဲများ အမြန်ဆုံးတည်ဆောက်နေကာ ရေ၊ မီးနှင့် မိလ္လာကိစ္စများ အဆင်ပြေအောင် စီစဉ် မည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သော ငလျင်ဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံမှ မြို့နယ် ၃၃၀ မြို့နယ် အနက် မြို့နယ် ၆၀ နီးပါးမှာ နေထိုင်ကြသည့် လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိမည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ဧပြီ ၅ ရက်နေ့တွင် ခန့်မှန်းထားသည်။​

ငလျင်ကြောင့် ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသများမှ  လူသန်းပေါင်းများစွာသည် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုမရခြင်း သို့မဟုတ် လုံလောက်မှုမရှိခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း ဧပြီ ၅ ရက်နေ့က UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အားပြင်းငလျင်မဖြစ်ပွားမီကတည်းက စစ်တပ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင် စားနပ်ရိက္ခာမလုံလောက်မှုကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၅ သန်း ငတ်မွတ်ခေါင်း ပါးမှုဒဏ်ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) ယခုနှစ် ဇန်နဝါရီ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။ 

မတ် ၂၈ ရက်နေ့ ငလျင်အပြီး ဧပြီ ၈ ရက်အထိ သေဆုံးသူ ၃၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၄၈ ဦး ရှိသည်ဟု စစ်ကောင်စီစာရင်းအရ သိရသည်။ 

Related Articles

Back to top button