
စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းနှင့် မုံရွာမြို့တို့တွင် စစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြသူတို့ကို အကြမ်းဖက်ပစ်ခတ်ရာ ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ ကျဆုံးသူ စုစုပေါင်း သုံးဦးရှိသည်။
မုံရွာမြို့၏ အနောက်ဘက် ရွှေတောင်ဦးကုန်းတွင် ဆန္ဒပြနေသော လူထုထဲမှ အမျိုးသားနှစ်ဦး ကျဆုံးသွားသည်ဟု ကျဆုံးသူ၏ မိသားစုဝင်တို့ထံမှ သိရသည်။
ယနေ့ (မတ် ၂၇) နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီလက်နက်ကိုင် ၅၀ ခန့်က ကားသုံးစီးဖြင့် လာရောက်၍ ပစ်ခတ်သဖြင့် ရုံးတောအုပ်စု ရွာသာရွာနေ အသက် ၂၉ နှစ် အရွယ် ကိုချမ်းမြေ့ကျော် ကျဆုံးခဲ့ကြောင်း ၎င်း၏ ညီတော်စပ်သူက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ဘက် နှစ်ယောက်ကို ဘာအကြောင်းရင်းမှ မရှိဘဲနဲ့ စစ်ကားပေါ်ကို တစ်ခါတည်း တန်းဖမ်းသွားလို့ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းနေတဲ့အချိန်မှာ သူတို့က ဝင်ပစ်သွားတာ”ဟု ၎င်းက ပြောသည်။
ကိုချမ်းမြေ့ကျော်၏ ညာဘက်ရင်အုံကို ကျည်ထိမှန်ပြီး အဆုတ်ပေါက်ကာ ကျဆုံးသွားခဲ့သည်ဟု သူက ဆိုသည်။
ထိုပစ်ခတ်မှုအတွင်း အခြားအမျိုးသားတစ်ဦးလည်း ကျဆုံးသည်ဟု ၎င်းက ပြောသည်။
ယင်းသို့ပစ်ခတ်မှုကြောင့် ခါးကို ကျည်ထိမှန်သူတစ်ဦးနှင့် လက်မောင်းအထက်ကို ကျည်ထိမှန်ထားသူ နှစ်ဦးလည်း ရှိနေကြောင်း၊ ကျဆုံးသူရုပ်အလောင်းကို စစ်ကောင်စီလက်နက်ကိုင်များ ပြန်လာလုမည်စိုး၍ လမ်းများပိတ်ဆို့ထားကာ ဆန္ဒပြလူငယ်များ စောင့်ဆိုင်းနေကြကြောင်း ကျဆုံးသွားသူ၏ ညီကပြောသည်။
မတ်လ ၂၇ တွင် နိုင်ငံ့အနှံ့ နေရာအများအပြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက အကြမ်းဖက်ပစ်ခတ်နေပြီး သေဆုံး၊ ဒဏ်ရာရသူများ အများအပြားရှိနေသည်။
စစ်ကိုင်းမြို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို လက်နက်ကိုင်တပ်များက ယနေ့ ပစ်ခတ်ဖြိုခွဲသည့်အတွက် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့သည်။
စစ်ကိုင်းမြို့ ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းနှင့် လက်နက်ကိုင်တပ်များ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် တစ်နာရီနီးပါးအကြာတွင် ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများနှင့် ကျည်အစစ်များအသုံးပြုပြီး ဖြိုခွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“အဘယဘုရားနားမှာ ထိပ်တိုက်တွေ့တာ။ ပြည်သူတွေက အတားအဆီးတွေတော့ လုပ်ထားတယ်။ သူတို့ကို ဘာမှတော့ မလုပ်ဘူး။ ပြည်သူတွေက နောက်ဆုတ်တဲ့အချိန်မှာ သူတို့က ဝင်ပစ်တာ။ ကျည်အစစ်တွေပါသုံးပစ်တာ။ ကိုအာကာကတော့ ခေါင်းထိပြီး မျက်လုံးပေါက်ထွက်သွားတာ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ကျဆုံးသွားသူမှာ အသက် ၂၅ နှစ်အရွယ် စစ်ကိုင်းမြို့နယ်၊ သဗြူးကျေးရွာမှ ကိုအာကာဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ပြီး မျက်လုံးပွင့်ထွက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်လက်နက်ကိုင်တပ်များ၏ လက်ချက်ကြောင့် ခေါင်း၊ ခြေထောက်၊ လည်ပင်း၊ ဂုတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိထားသူ ၇ ဦး နီးပါးရှိပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူ သုံးဦးအထိ ရှိနိုင်ပြီး လတ်တလောတွင် ကျန်နှစ်ဦးသေဆုံးမှုကို Myanmar Now က အတည်ပြုနိုင်ရန် ကြိုးစားနေသည်။
ယနေ့ ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက မြို့နယ် ၂၀ ကျော်တွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့မှုများကြောင့် နေ့လယ်ပိုင်း ၂ နာရီခွဲ အထိ ကျဆုံးသူအရေအတွက် ၆၄ ဦး ရှိပြီဖြစ်သည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ် ရွာသာရွာမှ အသက် ၃၀ ဝန်းကျင် ကိုချမ်းငြိမ်းသည် ဝမ်းဗိုက်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်တွင် ပြည်သူများ ပစ်ခတ်ခံရပြီး သေဆုံးသူရှိသည်ဟု ကြားသိနေရကာ Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဆန္ဒပြသူများ ဦးခေါင်းကို ပစ်ခတ်ခံရနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ရုပ်သံမှ သတိပေးထုတ်လွှင့်ခဲ့သည်။