သတင်း

မန္တလေးတိုင်းအတွင်း လေးမြို့နယ်တွင် သေဆုံးသူ အနည်းဆုံး ၁၀ ဦးရှိပြီဖြစ် 

မန္တလေးတိုင်းအတွင်း ဝမ်းတွင်း၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်းနှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ယနေ့ (မတ် ၂၇) နံနက်ပိုင်းတွင် အရပ်သားပြည်သူ အနည်းဆုံး ၁၀ ဦးကျဆုံးခဲ့ရပြီဖြစ်သည်။ 

မန္တလေးမြို့ ၃၈ လမ်းနှင့် ၆၉ လမ်းကြားတွင် တစ်ဦး၊ ၄၂ လမ်းနှင့် ၈၄ လမ်းတွင် တစ်ဦး ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။ 

သေဆုံးသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း လတ်တလော အတည်မပြုနိုင်သေးဘဲ ဗြဟ္မစိုရ်နာရေးကူညီမှုအသင်းသို့ ရောက်ရှိလာကြောင်း သိရကာ လက်ရှိအချိန်ထိလည်း မန္တလေးမြို့တွင်း၌  ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ 

မန္တလေးတိုင်း ဝမ်းတွင်းမြို့တွင်လည်း ယနေ့(မတ်၂၇)  နံနက်ပိုင်းတွင် လူငယ်နှစ်ဦးကျဆုံးကြောင်း မြို့ခံများက Myanmar Now ကို ပြောသည်။

ဝမ်းတွင်းမြို့ ၊ သဲတော-ဝမ်းတွင်းလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆိုင်ကယ်နှင့် လမ်းလျှောက်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ကျည်အစစ်ဖြင့် အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် အမျိုးသားလူငယ်နှစ်ဦးကျဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီအတိုင်း တန်းပစ်တာ။ ဘာမှသတိပေးတာလည်း မရှိဘူး။ ကျည်အစစ်နဲ့ပစ်ခံရတာ ဖြစ်ဖို့များတယ်။ တစ်ယောက်က ခေါင်းကို ပစ်ခံရတယ်။ တစ်ယောက်က ဗိုက်ကို ပစ်ခံရတယ်လို့ ကြားတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ကိုဖြိုးဆိုသူဟု သိရပြီး အခြားတစ်ဦးကိုမူ မည်သူမည်ဝါ အတည်မပြုနိုင်ဘဲ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လက်နက်ကိုင်များက ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“အခြေအနေ တကယ်ဆိုးပါတယ်။ ကျည်တွေ ဆက်တိုက်ပစ်နေပါတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

အလားတူ မြင်းခြံမြို့တွင်လည်း ပစ်ခတ်ဖြိုခွင်းခံရပြီး လူတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့သည်။

မိတ္ထီလာမြို့ ရတနာမာန်အောင်နယ်မြေ၌ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၄ ဦးကျဆုံးသွားကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။

ယနေ့ (မတ် ၂၇)နံနက်ပိုင်းက မိတ္ထီလာမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရင်း လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည်။

“၂ ယောက်ပဲ အလောင်းကောက်လို့ ရသေးတယ်။ ၁၃ နှစ်အရွယ် မိန်းကလေးကတော့ အိမ်ထဲကို ဝင်ပစ်လို့ ထိသွားတာ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသားက ပြောသည်။

ယနေ့အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရရှိထားကြောင်း ကနဦးသိရသည်။ လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက မိတ္ထီလာမြို့၌ လူနေရပ်ကွက်အတွင်း တပ်စွဲ၍ ပစ်ခတ်မှုများ ဆက်လုပ်နေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌လည်း ယနေ့ (မတ်လ  ၂၇ရက်) နံနက်ပိုင်း ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း၍ ကနဦးရရှိ​သောသတင်းများအရ ပြည်သူသုံးဦးကျဆုံးပြီး ဒဏ်ရာရသူများရှိ‌ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“သုံးယောက်ကျသွားတယ်။ ဖြစ်တာက သပိတ်စစ်ကြောင်းက ဘူတာက စထွက်တာကို ဖြိုခွင်းတာပေါ့။ ဒဏ်ရာရတာတွေလည်း ဆေးရုံ(ပုဂ္ဂလိက​ဆေးရုံ)ကို ရောက်နေပြီ။ ဒဏ်ရာရတာက ​ဆေးရုံရောက်တာ လေးငါးဦးရှိတယ်လို့ ပြောတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံအချို့ ကပြောသည်။

အခြားမြို့ခံတစ်ဦးကလည်း ၁၂ ဦး​သေနတ်ကျည် မှန်ခဲ့ပြီး သုံးဦးကျဆုံးခဲ့ခြင်းဖြစ်​ကြောင်း၊ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ပြောသည်။ 

“ကျောင်းသားတွေ သပိတ်စုနေတုန်းရှိသေးတယ်၊ ကားတွေနဲ့လာပြီး တန်းပစ်တာ။ ကလေးတွေ ပိတ်မိနေတာလည်း ရှိတယ်။ ဖမ်းခံရတာလည်း ၂၀လောက်ရှိတယ်လို့ ပြောတယ်။ အခု မြို့အရှေ့ဘက်မှာ မီးလောင်နေတာလည်း တွေ့တယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

အထက်ပါ မြို့နယ်များအပြင် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင်လည်း စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးနှင့် ဒဏ်ရာရသူများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။

Show More

Related Articles

Back to top button