သတင်း

ပဲခူးတိုင်းအတွင်း သုံးမြို့နယ်တွင် ပစ်ခတ်ဖြိုခွင်းခံရသဖြင့် အနည်းဆုံးပြည်သူ ၄ ဦးကျဆုံး

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း၊ ဖဒိုနှင့် ဒိုက်ဦးတွင် ယနေ့ (မတ် ၂၇) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး ပြည်သူ ၄ ဦး ကျဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပဲနွယ်ကုန်းမြို့တွင် အရုဏ်ဦး ဆိုင်ကယ်သပိတ်ကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အသက် ၄၅ နှစ်အရွယ် ကိုကျော်ကျော်ဆိုသူ ကျဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှပါလာသူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ကိုကျော်သန်းထွန်းသည် ဝိုင်းဝန်းရိုက်နှက်ခံရသည့်အတွက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ရာ နေပြည်တော်ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။ 

ကျဆုံးခဲ့သည့် ကိုကျော်ကျော်ရုပ်အလောင်းကို ယခုအချိန်ထိ ကျောက်တံခါးမြို့နယ်ဆေးရုံမှ ထုတ်မရသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။ 

ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင်လည်း ယနေ့နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ကျဆုံးခဲ့သည်။ 

နံနက် ၉ နာရီခန့်တွင် သပိတ်စစ်ကြောင်းနှင့် လိုက်ပါလာစဉ် ဖဒိုရဲစခန်းမှ လှမ်းပစစ်သဖြင့် ကျဆုံးခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ရဲများက သယ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ ဖဒို (၂) ရပ်ကွက်မှ ဦးရေဂင်ဆိုသူဖြစ်ပြီး သပိတ်ဖြိုခွင်းခံရစဉ် ဒဏ်ရာရရှိသူ ၇ ဦးအနက် ရင်ဘတ်ဒဏ်ရာရရှိသူတစ်ဦးနှင့် ပေါင်တွင် ဒဏ်ရာရရှိသူတို့မှာ စိုးရိမ်ရကြောင်း အဆိုပါဒေသခံက ပြောသည်။ 

ဒိုက်ဦးမြို့တွင်လည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် အမျိုးသားနှစ်ဦး ကျဆုံးပြီး ဝမ်းဗိုက်နှင့် ပေါင်တွင် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း သိရသည်။ 

သေဆုံးသူနှစ်ဦးအနက် ပွဲချင်းပြီးကျဆုံးခဲ့သူ အသက် ၃၂ အရွယ် နန်းဝင်းဆိုသူ အမျိုးသားတစ်ဦးကိုသာ အတည်ပြုနိုင်သေးပြီး အခြားသူတစ်ဦးမှာမူ မည်သူမည်ဝါ မသိရသေးပေ။ 

Show More

Related Articles

Back to top button