
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၏ အစည်ကားဆုံးစျေးဟုပင် သမုတ်ခဲ့ကြဖူးသည့် နေပြည်တော် ပျဉ်းမနားစျေးတွင် အဆောက်အအုံအများစုက ငလျင်ကြောင့် အလဲလဲအပြိုပြို ဖြစ်နေသဖြင့် မြို့ပျက်ကြီးနှင့် တူနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အုတ်ကျိုးအုတ်ပဲ့များ၊ အပုပ်နံ့များက ဖုံးလွှမ်းထားသည်။
ငလျင်ဒဏ်အပြီး ထိုနေရာတွင် ကယ်သူမဲ့ သေဆုံးသွားသူ အများအပြား ရှိခဲ့ရာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အိမ်ပြိုအိမ်ပျက်များ၊ အဆောက်အဦအပျက်များက တစ်စုံတစ်ခုကို မကျေမနပ် ပြောပြလိုဟန်ရှိနေသည်။
ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများသည်လည်း အနံ့ဆိုးတို့ကို များစွာဂရုမစိုက်နိုင်အားဘဲ စားရေး၊ သောက်ရေးအတွက် သောကမျက်နှာကိုယ်စီဖြင့် ဟိုဟိုဒီဒီ သွားလာနေကြသည်ကို တွေ့မြင်ရသည်။
အချို့မှာ အပျက်အစီးများကြားထဲ ကောင်းနိုးရာရာ ကျန်ရှိမည်ဟု ထင်ရသည့် ပစ္စည်းများကို ကားများဖြင့် ကိုယ်ထူကိုယ်ထ သယ်ယူနေကြသည်။ အချို့မှာ အစားသောက်၊ အသုံးဆောင်များ ဝယ်ယူနေကြသလို အချို့မှာလည်း ပလပ်စတစ်ဘူးအလွတ်ကိုယ်စီဖြင့် ဧပြီလ နွေနေပူပူအောက်တွင် သောက်စရာရေ ရှာဖွေဝယ်ယူနေကြသည်။
ဦးရေ ၁၇၉၄၉ ကျော် နေထိုင်သည်ံ နေပြည်တော်မတည်ဆောက်ခင်က တည်ရှိခဲ့သည့် ပျဉ်းမနားမြို့နယ်တွင် နှစ်ပေါင်း ရာနှင့်ချီကြာမြင့်သည့် အိမ်အိုအိမ်ဟောင်း အများစုမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သည်။
နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မြို့များ ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အဦ နှင့် လူနေအိမ်ပေါင်းများစွာကို ပြားပြားဝပ်သွားစေခဲ့ပြီး ထောင်နှင့်ချီသည့် လူသေဆုံးမှုကိုဖြစ်ပေါ်ခဲ့သည့်တိုင် စစ်ကောင်စီသည် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ရမည့်အစား ယင်းတို့၏ စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရန်သာ အာရုံစိုက်နေသည်ဟု ပျဉ်းမနားမြို့ခံတို့က ဆိုသည်။

ငလျင်ဒဏ်ကြောင့် ၂၀၀၀ခုနစ်နောက်ပိုင်း ဆောက်လုပ်ခဲ့သည့် နေပြည်တော်ရှိ စစ်ကောင်စီယန္တယားအတွင်းက ဝန်ကြီးဌာနများမှာ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ယိုင်နဲ့ အက်ကွဲနေသည့် တိုက်ခန်းများ ရာနှင့်ချီရှိသည်။ လွှတ်တော် အဆောက်အဦများအပါအဝင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားကို မောင်းနှင်ပေးမည့် နိုင်ငံခြားရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန အစရှိသော ဝန်ကြီးဌာတို့၏ အဆောက်အဦများစွာ ပျက်စီးသွားသည်။
ထို့ပြင် ဆိုက်ဘာဌာန၊ စစ်ရုံးချုပ်၊ ပြည်ထဲရေး၊ မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်အဆောက်အဦများမှာလည်း ထိခိုက်ပျက်စီးမှုများရှိကြောင့် စစ်တပ်က ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားသည်။ ဝန်ထမ်းများနေထိုင်သည့် ခရေအိမ်ရာ၊ ကန့်ကော် အိမ်ရာ၊ ဘူးကွဲအိမ်ရာ၊ ပိတောက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိအိမ်ရာအများအပြားလည်း ပျက်စီးသွားခဲ့သည်။
တဲကြားက ဖိအား
ဝန်ထမ်းအိမ်ရာများ ပျက်စီးပြီး၊ ဝန်ထမ်းအချို့ သေဆုံးသွားသည့်တိုင် စစ်ကောင်စီသည် ဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေးရုံတက်ခိုင်းနေကြောင်း၊ စစ်ကောင်စီအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
ကာကွယ်ရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများ ကွင်းပြင်ထဲတွင် ယာယီတဲများထိုး၍ တစ်ရက်ခြားစီ ရုံးတက်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၄၀ကျော်အရွယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ၎င်းတို့ ထိုသို့ သွားရောက် စုဝေးရသည်မှာ သန့်ရှင်းရေးလုပ်ငန်းအတွက် ဖြစ်သည်ဟု ပြောသည်။
“စစ်ကောင်စီအစိုးရအဖွဲ့ရုံးက ရုံးကို မဖြစ်မနေလာတက်ခိုင်းတာ၊ ရုံးအလုပ်ထက် ဌာနသန့်ရှင်းရေးကို လုပ်ခိုင်းတာ၊ ခေါ်လို့ မလာတဲ့သူတွေလည်းရှိတယ်” ဟု သူက ဆိုသည်။
အိမ်သာတက်လိုပါက ယိုင်နဲ့ပြိုလဲတော့မည့် အိမ်ရာများရှိ အိမ်သာများကို အားကိုးရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“ဝမ်းသွားစရာနေရာမှမရှိတာ၊ အသက်ရင်းပြီးသွားရတာပဲ။ ရေလည်း ကျန်သေးတော့အဆင်ပြေတယ်၊ မနက်ဖြန်ဆို ရေပြတ်ပြီ”ဟု ၎င်းက ဧပြီ ၄ ရက်နေ့တွင် ပြောသည်။

ဝန်ထမ်းများအတွက် ဘောလုံးကွင်းထဲတွင် ပြည်ပအကူအညီဖြင့် ယာယီတဲများဆောက်လုပ်ပေးထားပုံ၊ မရှိမဖြစ်လိုအပ်သည့်မီးနှင့်ရေရရှိရန် မည်သို့စီမံထားသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ (ဓာတ်ပုံ − Myanmar Now)
ငလျင်ဒဏ် ခံနေရသူများ ရုံးမတက်ပါက ခွင့်တင်ခိုင်းသည်ဟု ဝန်ထမ်းများက ဆိုသည်။
“ထောက်ပံ့တာဆိုပြီး မုန့်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာတော့ပေးပြီး၊ ရုံးမလာနိုင်ရင် ခွင့်တင်လို့ပြောတယ်။ အချို့ကလည်း နယ်ပြန်အဆက်သွယ်မရတာတွေရော မလာတာတွေရော မျိုးစုံပဲ” ဟု မြန်မာ့မီးရထားမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောသည်။
“ခုက အလုပ်လုပ်လို့မှမရတာ၊ ထိခိုက်မှုမရှိတဲ့ ဌာနတွေဆို ရုံးတက်ရပြီ၊ အလုပ်တွေ လုပ်နေတယ်ဆိုတာ အထက်ကိုပြချင်တာ၊ အချို့ဌာနတွေကတော့ ရုံးလာခိုင်းပြီး ရုံးခန်းတွေကို သန့်ရှင်းရေးလုပ်ခိုင်းတာ” ဟုလည်း အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။
နေအိမ်များ၊ ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ပြိုကျပျက်စီးသဖြင့် ပြောင်းရွှေ့နေထိုင်မှု များပြားလာသည်၊ ယိုင်လဲ၊ ပြိုကျမသွားသည့် အဆောက်အဦတွင် နံရံ အက်ကြောင်းထင်ပါက ဆက်လက်နေထိုင်ခြင်းမပြုဘဲ ပြောင်းရွှေ့နေထိုင်ကြသည်။
ဤသို့ဖြင့် ဒက္ခိဏသီရိ၊ ဥတ္တရသီရိမြို့နယ်တို့ရှိ လစဉ် အိမ်ငှားခ ၆ သိန်းနှင့် ၁၀ သိန်းကြား လုံးချင်းအိမ်တစ်လုံးမှာ ၈ သိန်းမှ ၁၅ သိန်းအထိ ဖြစ်လာကြောင်း၊ ပျဉ်းမနားနှင့် ဇဗ္ဗူသီရိမြို့နယ်တို့တွင်လည်း ာင်း အခမဲ့လိုက်လံကူညီပေးနေသည့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
“ပိုက်ဆံရှိတဲ့သူတွေက ၄ သိန်း တန်တဲ့အိမ်ကို ၇ သိန်း ပေးတော့ ဈေးကွက်တွေပျက်ကုန်တာ၊ ငှားချင်တဲ့သူကလည်း အရမ်းများတော့ အိမ်က မလောက်ဘူး၊ အဲသလိုတွေ ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးသွားသူများ
နိုင်ငံတကာမှ ကယ်ဆယ်ရေး ပညာရှင်များ၊ ပရဟိတသမားများနှင့် မီးသတ်သမားတို့က အဆောက်အဦ ပြိုကျထားသည့် နေရာများတွင် မြေတူးစက် မြေကော်စက်များသုံးပြီး ဦးဆောင်ရှင်းလင်း ကယ်ဆယ်နေကြသည်ကိုလည်း တွေ့ရသည်။ မီးသတ်နှင့် ပရဟိတအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ညနေ ၅ နာရီခန့်အထိ ဆက်တိုက်ပြုလုပ်နေကြသည်ကို တွေ့ရသည်။
ပျက်စီးအဆောက်အအုံအရေအတွက်မှာ စက်ယန္တရား အင်အားထက် အဆမတန် များပြားနေရာ ငလျင်ဒဏ်ခံရပြီး တစ်ပတ်နီးပါးကြာသိအထိ ရှင်းလင်း၊ ရှာဖွေမှုများ ထိရောက်စွာမလုပ်နိုင်သေးပေ၊ အပျက်အစီးများအောက်မှ အပုပ်နံ့က ဆက်တိုက် ထွက်နေသည်။
အပြည်ပြည်ဆိုင်ရာမှ နိုင်ငံတစ်နိုင်ချင်းအလိုက် နိုင်ငံအဆင့် အဖွဲ့အစည်းများ၊ နိုင်ငံချင်းအလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့ပေါင်းများ၊ ကုလအဖွဲ့အအစည်းများ စသဖြင့် အဖွဲ့အစည်းပေါင်း ၅၄ဖွဲ့ မြန်မာ့ငလျင်ဒဏ်သင့် ပြည်သူများအတွက် အကူအညီပေးနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
သို့သော် ပြည်သူသာအမိ ပြည်သူသာအဖဟု တကြော်ကြော်ကြွေးကြော် အော်ဟစ်ခဲ့သည့် စစ်ကောင်စီတပ်သားများမှာ အရေးအကြီးအချိန်တွင် ပျောက်ခြင်းမလှ ပျောက်ဆုံးနေသည်ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပြသည်။
“စစ်တပ်ဆိုကလည်း (ကယ်ဆယ်ရေးကို) ဟန်ပြလောက်ပဲ လုပ်တာ။ ပြည်သူ့စစ်တွေက ဝါးလုံးတွေတားပြီးတော့ လုံခြုံရေးယူထားတာ။ (ညနေ) ၃ နာရီလောက်ဆို စစ်သားတွေက ကားတွေနဲ့ ပြန်လာခေါ်သွားတာ” ဟု သူက ဆိုသည်။
စစ်တပ်ရုံးစိုက်ရာ နေပြည်တော်တွင် လျှပ်စစ်ဓာတ်အားနှင့် ရေပြတ်လပ်မှုသည် ကြုံတောင့်ကြုံခဲ့အခြေအနေ ဖြစ်သော်လည်း ဧပြီ ၁ ရက်နေ့မှစ၍ စစ်ဗိုလ်ချုပ်များနေထိုင်သည့် ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ ဇေယျာသီရိမြို့နယ်တို့ရှိ ရပ်ကွက်အချို့တွင်သာ လျှပ်စစ်မီး ပြန်လည်ရရှိသည်၊ ပြည်သူအများစုမှာ ခက်ခဲလိုအပ်နေဆဲဖြစ်သည်။

ဝန်ထမ်းအိမ်ရာပြိုကျသွားရာမှ လွတ်မြောက်လာသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက လူသာအသက်ရှင်ပြီး လက်ဗလာဖြစ်ခဲ့သည်ဟု ပြောသည်။
“နေစရာအိမ်ကပြို၊ မီးမလာ၊ ရေမလာတဲ့အပြင် အစားသောက်ပါ ဝယ်မရတော့ အတော်ဒုက္ခများတယ်” ဟု သူက ပြောသည်။
ဝန်ထမ်းအိမ်ရာများတွင်လည်း ရေသယ်ကားများ ရောက်လာပြီး ရေပေးဝေခဲ့ဖူးသည်၊ သို့သော်လည်း အများအားဖြင့် ရေအလှူရှင်များ၊ လက်ခပ်ရေတွင်းများကိုသာ အားကိုးနေထိုင်နေကြရသည်။
အစားအသောက် လာရောက် လှူဒါန်းသူများရှိသည်ဟု ခရေအိမ်ရာမှ အသက်၅၀ကျော်အရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦးက ဆိုသည်။
“လာဝေတဲ့အခါ၊ ကြက်ဥ၊ ခေါက်ဆွဲတွေပါလာရင်တော့ ထင်းမီးဖိုနဲ့ ချက်ပြုတ်စားသောက်ကြတယ်” ဟု သူက ပြောသည်။
ပရဟိတအဖွဲ့အချို့သည် ငလျင်ဒဏ်ခံ ပြည်သူများရှိသည့် နေရာများ၌ မီးစက်နိုး၍ ဖုန်း၊ မီးသီးများ အားသွင်းရန် စီစဉ်ပေးသည်။
ပြည်သူတို့အတွက် ထိုသို့သော အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရန်၊ အပျက်အစီးများအကြား ရှင်သန်ပိတ်မိသူများကို ရှာဖွေရှင်းလင်းရန်နှင့် ပြန်လည်ထူထောင်ရန် အရေးတကြီးလိုအပ်နေချိန်တွင် စစ်ကောင်စီက လျစ်လျူရှုထားသည်။

စစ်ကောင်စီကို ပျက်ရယ်ပြုနေမည့် အုတ်ပုံများကြားက သေဆုံးသူတို့၏ ဝိဉာဉ်များ
စစ်တပ်သည် ၎င်းတို့အထိုင်ချရာ ဒေသမှာပင် သဘာဝဘေးအန္တရာယ်အပေါ် ထိထိရောက်ရောက် မတုန့်ပြန်နိုင်သောကြောင့် ထိခိုက်မှုများပြားခဲ့ရသည်ဟု ပျဉ်းမနား မြို့မစျေးတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဝေဖန်သည်။
“ကယ်ဆယ်ရေးရော၊ ကူညီရေးရော ပျဉ်းမနားက အရမ်းနည်းတယ်။ ဖြစ်ပြီး သုံးရက်ထိ မထုတ်ရသေးတဲ့အလောင်းတွေ အများကြီး။ အပုပ်နံ့တွေ ထွက်နေတာပဲ”ဟု အထက်ပါ အမျိုးသားက ပြောသည်။
ဧပြီ ၅ ၇က်နေ့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ငလျင်ဘေးကြောင့် စုစုပေါင်း သေဆုံးသူ ၃၃၅၄ ဦးရှိလာပြီဖြစ်သည်။ ထိုအရေအတွက်ထဲတွင် နေပြည်တောမှ သေဆုံးသူ ၆၁၅ ဦးလည်း ပါဝင်သည်။
ပျက်စီးသွားသည့် ပြည်သူ့နေအိမ်များ၊ သာသနိကအဆောက်အုံများ၊ ဘုရာပုထိုးစေတီ၊ ကျောင်းသင်္ကန်းနှင့် ဗလီများ၏ အုတ်ပုံများအောက်တွင် ငလျင်ကြောင့် အသက်ပျောက်သွားသည့် သေဆုံးသူတို့၏ မြောက်များစွာသော ဝိဉာဉ်များလည်း ရှိနေပေလိမ့်မည်။
မဲစာရင်းမှားယွင်းသည်ဟု စွပ်စွဲ၍ အာဏာသိမ်းခဲ့သည့်စစ်တပ်သည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျစ်လျူရှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မျက်နှာလွှဲထား၊ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းမပေးခဲ့ပေ။ စီမံခန့်ခွဲမှုအလွဲများနှင့် အာဏာတည်မြဲရေးသာ မျက်နှာမူထားသည့် စစ်ကောင်စီကို ငလျင်ဘေးတွင် သေဆုံးသွားသည့် အုတ်ပုံများအောက်ရှိ ထောင်ပေါင်းများစွာသော ဝိဉာဉ်များက ကျိမ်စာတိုက်နေပေလိမ့်မည်။