
လူထောင်ပေါင်းများစွာ သေကြေ၍ အိုးအိမ်တိုက်တာပေါင်းများစွာ ထိခိုက်ပျက်စီးစေခဲ့သည့် အင်အားပြင်ငလျင်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများ ဒရောသောပါး ဆောင်ရွက်လျက်ရှိသည်။
မြန်မာပြည်အလယ်ပိုင်းကို လှုပ်ယမ်းလိုက်သည့် အင်အား ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။ ဆေးရုံများတွင် လူနာများ ပြည့်လျှံကာ၊ လူသိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၃,၀၀၀ ကျော် ရှိလာပြီး နောက်ရက်များတွင် ပို၍တိုးလာမည်ဟု ခန့်မှန်းရသည်။
ကုလသမဂ္ဂ၏ လူသားစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) သည် ထိခိုက်ပျက်စီးမှုများကို ဆန်းစစ်နိုင်ရန် အရေးပေါ်အဖွဲ့များဖွဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေကြောင်း၊ အကူအညီ ဖြန့်ဖြူး ပေးအပ်ရေးလုပ်ငန်းများ လုပ်နေကြောင်း ထုတ်ပြန်ထားသည်။
“ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်များစွာမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေကို တွေ့မြင်ရပါတယ်” ဟု ရန်ကုန်မြို့ရှိ UNOCHA ၏ ဒုတိယ အကြီးအကဲဖြစ်သူ Annette Hearns က ဆိုသည်။
“လူထိခိုက်သေဆုံးစာရင်းကလည်း စိတ်ထိခိုက်စရာပါပဲ။ ပိုဝမ်းနည်းစရာ ကောင်းတာကတော့ သေဆုံးသူအရေအတွက် ဆက်တိုးလာနေတာပါ။ ကျွန်မတို့ခန့်မှန်းထားတာကော့ ငလျင်ဘေးဒဏ် သက်ရောက်ခဲ့တဲ့ ဒေသတွေမှာ လူသန်းပေါင်းများစွာ နေထိုင်ကြပြီး၊ ငလျင်လှုပ်အပြီးမှာလည်း နောက်ဆက်တွဲ ငလျင်များစွာကို ခံစားခဲ့ကြရပါတယ်” ဟု Annette Hearns က Myanmar Now ကို ပြောသည်။
ပိတ်မိနေသူများကို ကယ်ဆယ်ရန် အချိန်သိပ်မကျန်တော့ကြောင်း၊ နာရီနှင့်အမျှ ကယ်ဆယ်ရေး လုပ်ငန်းများပို၍အရေးတကြီးလိုအပ်နေကြောင်း သူကဆိုသည်။ လူထုအတွက် လိုအပ်ချက်များပြားလာနေပြီး မရှိမဖြစ် ကူညီထောက်ပံ့ရေးပစ္စည်းများသည်လည်း စိုးရိမ်ဖွယ်ကောင်းလောက်အောင် နည်းပါးနေကာ အိမ်ပြိုပျက်သွားသူများမှာ လမ်းပေါ်တွင် အိပ်နေကြရသည်ဟုလည်း သူက ဆက်ပြောသည်။
“သူတို့တွေ အမိုးအကာ၊ သန့်ရှင်းတဲ့ရေ၊ အစားအသောက်နဲ့ မရှိမဖြစ်ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေပါတယ်။ ဒါတွေအားလုံးက အသက်ရှင်သန်ရေးအတွက် မဖြစ်မနေလိုအပ်မှုတွေ ဖြစ်ပါတယ်” ဟု Hearns က ဆိုသည်။
သို့ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီပေးသူများသည် တိုင်းပြည်တွင်း အလိုအပ်ဆုံးသူများထံ ရောက်အောင်သွားပြီး၊ အကူအညီများပေးနိုင်ရန် ကြိုးစားနေသည့်အတွက် မျှော်လင့်ချက်ရှိဆဲဟုလည်း Hearns က ဆိုသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ကလည်း ထိခိုက်ဒဏ်ရာကုသရေးပစ္စည်းများနှင့် အရေးပေါ်ယာယီတဲများ အပါအဝင် ဆေးဝါးအထောက်အပံ့ သုံးတန်နီးပါးကို ဆေးရုံအပြည့်အလျှံ ဖြစ်လာနေသည့် လူနာများ လက်ခံကုသနိုင်ရန် ကြိုးပမ်းနေရသည့် ဆေးရုံများထံ ပေးပို့ပြီး၊ စုရုံးပြင်ဆင်ထားပြီးဖြစ်သည်။
WHO သည် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၅ သန်း ထုတ်ပေးထားပြီး ဒေါ်လာ ၈ ထပ်မံတောင်းခံထားကာ အကူအညီများပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အခြားနိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အကူအညီများပေးပို့နိုင်ရန် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်လျက်ရှိကြသည်။ သို့ရာတွင် နိုင်ငံခြားတိုင်းပြည်များမှ အကူအညီများကို ပိတ်ပင်တားဆီးခြင်း သို့မဟုတ် တလွဲဖြန့်ဖြူးခြင်း သမိုင်းကြောင်းရှိသည့် စစ်ကောင်စီသည် နိုင်ငံတကာမှကူညီသည့် ဘဏ္ဍာငွေများကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမှန်တကယ် အသုံးပြုမည်ဟုတ်မဟုတ်ကိုမူ မသိရှိနိုင်သေးပေ။
ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံသို့ အကူအညီ ဒေါ်လာ ၁၂ သန်းအထိ ပေးအပ်မည်ဟု ကတိပြုထားပြီး၊ ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများတွင် အစားအသောက်၊ ရေ၊ ဆေးဝါးနှင့် ခိုလှုံနေထိုင်စရာအဆောက်အဦများ ရရှိစေရန် ယင်းဘဏ္ဍာငွေများကို မြန်မာနိုင်ငံတွင်း မိတ်ဖက်အဖွဲ့များထံ ပေးအပ်သွားမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ဆေးဝါးအထောက်အပံ့များ၊ မီးစက်များနှင့်အတူ ကယ်ဆယ်ရေးကျွမ်းကျင် သူ ၁၃၅ ဦး စေလွှတ်ခဲ့ပြီး၊ ဒေါ်လာ ၁၃.၈ သန်းနီးပါး လှူဒါန်းခဲ့သည်။
အိန္ဒိယနိုင်ငံက သယ်ယူပို့ဆောင်ရေးစစ်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ပြီး၊ မန္တလေးတွင် အရေးပေါ် ကုသရေးစင်တာတစ်ခု ဖွင့်လှစ်ရန် ဆေးဘက်ဝန်ထမ်း ၁၀၀ ကျော်၊ မြေပြင်ဆေးရုံတစ်ခုနှင့် ဒေါ်လာ ၆.၅ သန်းခန့် အကူအညီများပေးထားသည်။
ရုရှား နိုင်ငံက ကယ်ဆယ်ရေးလုပ်သား ၁၂၀ စေလွှတ်ခဲ့ပြီး၊ အိုင်ယာလန်နိုင်ငံက လူသားစာနာအကူအညီများအဖြစ် ဒေါ်လာ ၆.၅ သန်း ပေးအပ်ရန် ကတိပြုခဲ့သည်။ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများကလည်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ စေလွှတ်ပေးပို့ခဲ့သည်။
ငလျင်ဘေးအကူအညီများကို စစ်ကောင်စီ ဘယ်လိုသုံးမလဲ
ငလျင်ဘေးအတွက် ကမ္ဘာတစ်ဝန်းက ချက်ချင်းတုံ့ပြန်လာကြသော်လည်း ဘဏ္ဍာငွေများကို စစ်ကောင်စီ အလွဲသုံးစား အသုံးပြုနိုင်ခြေအတွက် စိုးရိမ်မကင်း ရှိနေကြသည်။ အထူးသဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် တိုက်ရိုက်ပေးအပ်သည့် အကူအညီများ စစ်တပ်ထံသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးထားသည်။
မြန်မာစစ်တပ်၏ နိုင်ငံရေးအမြတ်ထုတ်ရေး၊ နိုင်ငံခြားအကူအညီမှန်သမျှ ထိန်းချုပ်ရေးတို့ကို လုပ်ထုံးလုပ် နည်းအဖြစ် အမြဲတမ်း လက်ကိုင်ထားဆောင်ရွက်လေ့ရှိခဲ့ပြီး၊ နိုင်ငံဝင်ခွင့်ပိတ်ပင်ခြင်း၊ လူသားစာနာမှု အကူအညီပေးသူများကို စစ်ကောင်စီနှင့် အာဏာပြိုင်အခြားဒေသများသို့ မသွားနိုင်ရန် ခရီးသွားခွင့်ပြုချက်ဆိုင်ရာ လိုအပ်ချက်အများအပြားဖြင့် ကန့်သတ်ခြင်းတို့ပါဝင်သည်။
တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အာဆီယံနိုင်ငံများမှ ကယ်ဆယ်ရေးကျွမ်းကျင်သူများကို ခွင့်ပြုခဲ့သည်မှာလည်း ၎င်းတို့ သွားရောက်စေလိုသည့် နေရာများတွင်သာ လိုက်နာလုပ်ဆောင်သူများ ဖြစ်နေ၍ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ကယ်ဆယ်ရေးကျွမ်းကျင်သူ အများစုသည် နေပြည်တော်တွင်သာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြရပြီး၊ စစ်ကိုင်းသည် ချန်လှပ်ခံထားရခြင်းဖြစ်သည်ဟု အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားရှေ့နေများအဖွဲ့ (AHRLA) ၏ ဒါရိုက်တာ Phil Robertson က ပြောသည်။
စစ်ကောင်စီသည် မြောက်အမေရိကန်နှင့် ဥရောပတို့မှ လူသားစာနာလုပ်ဆောင်သူများကို ပြဿနာအဖြစ်သာ ရှုမြင်သည်ဟု Robertson က ဆိုသည်။ အကြောင်းမှာ ၎င်းတို့သည် စစ်တပ် ထိန်းချုပ်နယ်မြေ၊ စစ်ကောင်စီဆန့်ကျင်သူတို့၏ ထိန်းချုပ်နယ်မြေဟူ၍ ခွဲခြားခြင်းမရှိဘဲ အရေးတကြီး အလိုအပ်ဆုံးနေရာများသို့ အကူအညီများ ပေးပို့ရေးကို ဦးစားပေးဆောင်ရွက်ခြင်းကြောင့်ဟု ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ပိတ်ပင်တားမြစ်ကြောင်း၊ ထိုသို့ပိတ်ပင်ခြင်းသည် ပြည်သူများ၏ အကျိုးစီးပွားကို လျစ်လျူရှု၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော မြန်မာစစ်တပ်မူဝါဒ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း Robertson က ဆိုသည်။
ယခင်မြန်မာစစ်အာဏာရှင်အစိုးရက နိုင်ငံတကာအကူအညီများ ပိတ်ပင်ခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ဖျက်အားပြင်း ဆိုင်ကလုံးမုန်တိုင်း နာဂစ် အဖြစ်အပျက်များအပြင်၊၂၀၂၃ ခုနှစ်အတွင်း ဆိုင်ကလုံးမိုခါ တိုက်ခတ်ခဲ့မှုများသည် အနောက်နိုင်ငံများထံမှ သေရေးရှင်ရေးလိုအပ်နေသည့် အကူအညီများပေးပို့မှုကို မြန်မာစစ်တပ်က နှောက်ယှက်ဟန့်တားသည့် ဥပမာများအဖြစ် ပြတ်ပြတ်သားသား ထင်ကျန်နေဆဲ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် သေရေးရှင်ရေးအချိန်အခါမျိုး၌ ထောက်ပံ့ကူညီသည့် အဓိကထောက်တိုင်တစ်ရပ် ဖြစ်ခဲ့သည်။ အမေရိကန်သမ္မတထရန့်၏ မကြာသေးမီက USAID အပေါ် ဘဏ္ဍာရေး ဖြတ်တောက်မှုသည် မြန်မာနိုင်ငံတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို သိသိသာသာ နှောင့်နှေးစေခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ထရန့်အစိုးရ၏ USAID အပေါ် အမြစ်ဖြတ်ချေမှုန်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံတကာ ဘေးအန္တရာယ်များ တုံ့ပြန်ရသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စုသည် ဦးဆောင် ကူညီသူအဖြစ်မှ နှောင့်နှေးကြန့်ကြာသူအဖြစ်သို့ ရောက်ရှိ သွားစေသည်ဟု ရောဘတ်ဆန်က ဆိုသည်။ ထို့ပြင် ၎င်းက “အီလွန်မတ်နှင့် DOGE အဖွဲ့သည် ငွေဖြတ်တောက် လိုက်ခြင်းသာမဟုတ်ဘဲ အစီအစဉ်များ လုပ်ဆောင်ရန်လိုအပ်သည့် ဗျူရိုကရေစီအဆောက်အဦနှင့် လူ့စွမ်းရည်တို့ကိုပါ ချေမှုန်းတိုက်ဖျက်လိုက်ခြင်းဖြစ်သည်” ဟု ဆိုသည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒေါ်လာ ၂ သန်းပံ့ပိုးမည် ဖြစ်ကြောင်း ကတိကဝတ်ပြုထားမှုအပေါ် မှတ်ချက်ပေးရာတွင် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ အရာရှိတစ်ဦးက “အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင်း လူသားစာနာအကူအညီပံ့ပိုးမှုများအား “ကာလရှည်ကတည်းက နှစ်မြှုပ်လုပ်ကိုင်” လာခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ခုနှစ်နှစ်အတွင်း ဒေါ်လာ ၂.၄ ဘီလီယံနီးပါး ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။
ဖျက်အားပြင်း ငလျင်ဘေးကို တုံ့ပြန်ဆောင်ရွက်ရန် ဒေသတွင်းအခြေစိုက် USAID အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ လာမည်ဟု အဆိုပါအမေရိကန်အရာရှိက ပြောသည်။
“ကျွမ်းကျင်သူတွေက မြေပြင်လိုအပ်ချက်တွေကို ဆန်းစစ်သွား မှာဖြစ်ပါတယ်၊ အဲ့ဒီနောက်မှာတော့ တုံ့ပြန်မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်သင့် ရပ်ရွာလူထုတွေကို ထောက်ပံ့ ကူညီနိုင်ဖို့ လူသားစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများကတဆင့် ဒေါ်လာ၂ သန်း အထိ ပေးအပ်သွားမှာပါ”ဟု အထက်ပါ အမေရိကန်သံရုံးအရာရှိက ပြောသည်။
အမေရိန်ကန်ပြည်ထောင်စုသည် “အကျပ်အတည်းကာလများ” အတွင်း မြန်မာပြည်သူလူထုနှင့်အတူ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ဖြည့်စွက်ပြောသည်။
သို့ရာတွင် နိုင်ငံအတွင်း သတင်းအချက်အလက်ဖိနှိပ်မှုသည် နိုင်ငံတကာအသိုင်းအဝန်း၏ ဘေးအန္တရာယ်တုံ့ပြန်မှု များအတွက် နောက်ထပ်အဟန့်အတားအဖြစ် ရှိနေမည်ဖြစ်သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့ ကြေညာချက် တစ်ခုတွင် စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားသားသတင်းထောက်များ သတင်းယူရန် လာရောက်မှုကို ပိတ်ပင်ကြောင်း ခပ်ပြတ်ပြတ်ပင် ပြောခဲ့သည်။
ထို့အပြင် ပြည်ပအစိုးရများစွာက တုံ့ပြန်ဆောင်ရွက်မှုများရှိနေသော်လည်း ကယ်ဆယ်ရေး လုပ်ငန်းများသည် အဓိကအဟန့်အတားများကို ရင်ဆိုင်နေရသည်။ ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေပြီး၊ ဆေးရုံများတွင် မရှိမဖြစ်ဆေးဝါးများ၊ ထိခိုက်ဒဏ်ရာထိန်းချုပ်ကုသရေးပစ္စည်းများ၊ မေ့ဆေးများ ပြတ်လပ်လာခြင်းမှာ အထူးစိုးရိမ်စရာဖြစ်သည်။
ထို့ပြင် အစားအသောက် ကုန်စည်များလည်း ပြတ်လပ်လာနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ဒီအင်အားပြင်းငလျင်က တိုင်းပြည် အနိမ့်ပါးဆုံးလို့ ဆိုနိုင်မယ့်အချိန်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ညှိနှိုင်းရေးမှူးဖြစ်သူ ရှီးလာမက်သရူးက မကြာသေးမီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
“တိုင်းပြည်တွင်းရှိ လူလေးဦးတွင် တစ်ဦးသည် လက်တလောစားနပ်ရိက္ခာမလုံခြုံမှုကို ရင်ဆိုင်နေရပြီးဖြစ်သည်၊ မြန်မာနိုင်ငံသည် နောက်ထပ်ဘေးအန္တရာယ်တစ်ခုကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ပါ။ WFP သည် သိုလှောင်ရုံများအတွင်း အသင့်စား စားသောက်ကုန်တွေ ရှိပါတယ်၊ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ဖို့ အဆင့်သင့် ရှိနေပါတယ်” ဟု WFPညှိနှိုင်းရေးမှူးက ပြောသည်။

အခြေခံအဆောက်အဦ ထိခိုက်ပျက်စီးမှုသည်လည်း ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများကို နှောင့်နှေးစေသည်။ အဓိကလမ်းမကြီးများ၊ တံတားများနှင့် လေဆိပ်များ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပြီး၊ အထောက်အပံ့များကို အဆိုးဝါးဆုံးထိခိုက်သည့်ဒေသများသို့ သယ်ယူရန် နှေးကွေးစေကြောင်း သတင်းရင်းမြစ်များက Myanmar Now သို့ ပြောသည်။
ရန်ကုန်မြို့ရှိ UNOCHA မှ Hearns က ယခုသဘာဝဘေးဒဏ်က လူထုအတွက် လိုအပ်ချက်များကို ပိုမိုဆိုးရွားလာစေပြီးလိမ့်မည်ဟု ဆိုသည်။
“အခုလိုအကျပ်အတည်းကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများဟာ ကမ္ဘာ့ကြီးရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။ လူသားစာနာထောက်ထားမှု အစီအစဉ်တွေအတွက် ဘဏ္ဍာငွေနည်းပါးမှုတွေကို နှစ်ပေါင်းများစွာကြာ နာတာရှည်ခံစားခဲ့ကြရတာဖြစ်ပါတယ်။ အခုငလျင်ဘေးက ပြည်သူတွေအတွက် လိုအပ်ချက်တွေကို ပိုမိုဆိုးရွားလာစေပြီး အရေးပေါ်ဘဏ္ဍာငွေထောက်ပံ့မှုက အသက်တွေကို ကယ်တင်ဖို့၊ ထိခိုက်ခံစားမှုတွေကို ဖြစ်နိုင်သမျှ လျော့ပါးစေဖို့ အလွန်အရေးပါပါတယ်” Hearns က ဆိုသည်။
ငလျင်ဘေး သေဆုံးအရေအတွက် ဆက်လက်မြင့်တက်လက်ရှိပြီး၊ တစ်ချိန်တည်းတွင် မြေပြင်ရှိ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် မြန်မာနိုင်ငံသားများသည် အသက်ရှင်ကျန် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရေးနှင့် အသက်ကယ်အကူအညီများ ပေးအပ်နိုင်ရေးတို့အတွက် အချိန်ပြည့် ကြိုးပမ်းနေကြသည်။
သို့ရာတွင် တစ်မြို့လုံး အုတ်အကျိုးအပဲ့များအဖြစ် ရောက်ရှိသွားသည့်မြို့များနှင့် ပြိုကျအဆောက်အဦများအတွင်း ထောင်ပေါင်းများစွာ ပိတ်မိနေမှုများကြောင့် ငလျင်ဘေး၏ ထိခိုက်မှုအတိုင်းအဆများ ယခုမှ စတင်ရုပ်လုံးပေါ်လာခြင်းဖြစ်သည်။
မြန်မာစစ်ကောင်စီသည် ကူညီထောက်ပံ့ရေးဘဏ္ဍာငွေ သန်းပေါင်းများစွာ လက်ခံရတွင် ၎င်းတို့သတ်မှတ်ငွေလဲနှုန်းဖြင့် တွက်ချက်မည့်ကိစ္စကိုလည်း ရောဘတ်ဆန်က သတိပေးထားသည်။
“စစ်ကောင်စီက အကူအညီအထောက်အပံ့တွေကို သူတို့ထိန်းချုပ်တဲ့ ဒေသတွေကိုပဲ ဦးတည်စေမည်ဖြစ်ပြီး၊အကူအညီတွေကို စစ်တပ်သစ္စာခံတဲ့ အစုအဖွဲ့တွေ ရပ်ရွာလူထုတွေကိုသာ ဖြန့်ဖြူးပေးအပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အောက်ပါ ဇယားမှာ ဧပြီ ၂ ရက်နေ့အထိ နိုင်ငံတကာမှ အကူအညီများဖြစ်သည်
စဉ် | အဖွဲ့အစည်း သို့မဟုတ် နိုင်ငံ | ကူညီမှု | မှတ်ချက် |
၁ | ကမ္ဘာ့ကျန်းမာရေးအဖွဲ့ | ဒေါ်လာ ၅ သန်း | ဒေါ်လာ ၈ သန်း ထပ်မံတောင်းခံထား |
၂ | ကုလသမ္မဂ္ဂ | ဒေါ်လာ ၅ သန်း တန်ဖိုးရှိ ကုသရေးနှင့် ကူညီရေးပစ္စည်းများ | |
၃ | ဥရောပသမဂ္ဂ | ဒေါ်လာ ၂.၇ သန်းခန့် တန်ဖိုးရှိ အကူအညီ အထောက်အပံ့များ | |
၄ | အာရှ ဖွံ့ဖြိုးရေးဘဏ် | ဒေါ်လာ ၃ သန်း | |
၅ | နီပွန်ဖောင်ဒေးရှင်း | ဒေါ်လာ ၃ သန်း | |
၆ | တရုတ် | ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ | |
၇ | ဗြိတိန် | ၁၂.၉ သန်းခန့် တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ | |
၈ | ဩစတြေးလျ | ဒေါ်လာ ၉ သန်း | |
၉ | အိုင်ယာလန် | ဒေါ်လာ ၆.၅ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ | |
၁၀ | ဂျပန် | ဒေါ်လာ ၆ သန်းခန့် တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များ | |
၁၁ | အိန္ဒိယ | စားသောက်ကုန်၊ ဆေးဝါး ကူညီရေး ပစ္စည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ | |
၁၂ | ရုရှား | ထောက်ပံ့ရေး ပစ္စည်းများ ကယ်ဆယ်ရေးအဖွဲ့များ | |
၁၃ | အမေရိကန် | ဒေါ်လာ ၂ သန်းနှင့် ထောက်ပံ့ရေး ပစ္စည်းများ | |
၁၄ | တောင်ကိုရီးယား | ဒေါ်လာ ၂ သန်းခန့် တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ | |
၁၅ | မလေးရှား | ဒေါ်လာ ၂.၃ သန်းခန့် တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများနှင့် ကူညီရေးအဖွဲ့များ | |
၁၆ | နယူးဇီလန် | ဒေါ်လာ ၁.၁၄ သန်း | |
၁၇ | အင်ဒိုနီးရှား | ဒေါ်လာ ၁ သန်းတန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များ | |
၁၈ | အာရပ်စော်ဘွားများ ပြည်ထောင်စု | ထောက်ပံ့ရေးပစ္စည်းနှင့် ဆေးအဖွဲ့ဝင်များ | |
၁၉ | ဗီယက်နမ် | ဒေါ်လာ ၃ သိန်းတန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များ | |
၂၀ | ထိုင်း | ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ | |
၂၁ | ထိုင်းဘုရင် | ဆေးဝါးအိတ်များ၊ယာယီတဲများနှင့် ရိက္ခာ | |
၂၂ | စင်္ကာပူ | ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ | |
၂၃ | ကမ္ဘောဒီးယား | ဒေါ်လာ ၁ သိန်း | |
၂၄ | ဘင်္ဂလားဒေ့ရှ် | ထောက်ပံ့ရေး ပစ္စည်း ၁၆ တန်ကျော် | |
၂၅ | လာအို | ထောက်ပံ့ရေး ပစ္စည်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ | |
၂၆ | ဖိလစ်ပိုင် | ထောက်ပံ့ရေး ပစ္စည်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ | |
၂၇ | အမေရိကန်အခြေစိုက် လူမှုကူညီရေးအဖွဲ့ Samaritan’s Purse | ဆေးပစ္စည်းနှင့် ဆေးအဖွဲ့ဝင်များ |