သတင်း

အကြမ်းဖက် ပစ်ခတ်မှုကြောင့် မိုးညှင်းတွင် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယနေ့ (မတ် ၂၅) နေ့လယ်ပိုင်းက စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ၁ ဦး ဝမ်းဗိုက် ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ်လူငယ် ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ မိုးညှင်းဒေသခံများက  Myanmar Now ကို ပြောသည်။ 

ယနေ့ (မတ် ၂၅) နံနက်ပိုင်းက မိုးညှင်းမြို့တွင် ပုံမှန်ပြုလုပ်နေသည့် လမ်းလျှောက်သပိတ်ကို စစ်ကောင်စီက ဝင်ရောက်ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူ ၉ ဦးကို ဖမ်းဆီးသွားခဲ့ပြီး မြို့ခံများက ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန် မိုးညှင်းရဲစခန်းရှေ့သို့ သွားရောက်တောင်းဆိုရာမှ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ပထမ ရဲတွေရှိနေတုန်းက လူစုခွဲဖို့ပဲပြောတယ်။ ခဏနေတော့ စစ်ကားတစ်စီးရောက်လာပြီးတော့ ပစ်ခတ်သွားတာပဲ” ဟု ဒဏ်ရာရသူများကို ဆေးကုသပေးနေသည့် မိုးညှင်းမြို့ခံ လူမှုကူညီရေး အသင်းက Myanmar Now ကို အတည်ပြုသည်။

စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဝမ်းဗိုက်ကျည်ဆန် ထိမှန်သေဆုံးသွားသူမှာ မိုးညှင်းမြို့ အောင်သေပြေရပ်ကွက်တွင် နေထိုင်သည့် ဓာတ်ဆီဆိုင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ အရွယ် ဦးဝင်းဆွေဖြစ်သည်ဟု သိရသည်။ 

အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ၊ ဖမ်းဆီးခံရသူ အရေအတွက်နှင့် ဒဏ်ရာရရှိသူအရေအတွက် ထပ်မံတိုးလာနိုင်ဖွယ်ရှိပြီး Myanmar Now က ထပ်မံအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သူ ၂၇၅ ဦး ထိရှိနေပြီဖြစ်ပြီး  ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၉၀၆ ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button