သတင်း

တန့်ဆည်တွင် သက်ကြီးပိုင်းများအပါအဝင် ၇ ဦး အသတ်ခံရ၊ အိမ်ခြေ ၃၀၀ ပြာကျ

စစ်တပ်အခြေစိုက်နေရာများတိုက်ခိုက်ခံရပြီးနောက် တန့်ဆည်နယ်အတွင်း စစ်တပ်က နှစ်ပတ် စီးနင်း ခဲ့စဉ် မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ၇ ဦး သတ်ဖြတ်ခံလိုက်ရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်၏ နှစ်ပတ်တာ စစ်ကြောင်းထိုးမှုအတွင်း သက်ကြီးရွယ်အိုများ အပါအဝင် ၇ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေ ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ 

ယခုလ ၁၄ ရက်နေ့ကစပြီး  မြို့ပေါ်နှင့် မြို့အနီးဝန်းကျင် စစ်စခန်းများမှ အင်အား ၈၀ ခန့်ပါ လက်နက်ကိုင်များသည် မြို့မြောက်ဘက်ခြမ်းရှိ ကျွန်းတောကုန်း၊ ခနုသည်၊ ရွာသစ်၊ ချောင်းဆုံ (တောင်) ၊ ဖလံချိုင် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။ 

ထိုစစ်ကြောင်းက သတ်ဖြတ်လိုက်သူတို့မှာ ဖလံချိုင်ရွာမှ  လူငယ် ၁ ဦး၊ ကပ်လျက် ချောင်းဆုံ (တောင်) ရွာမှ ၃ ဦး၊ ကျွန်းတောကုန်းရွာမှ  ၃ ဦး တို့ ဖြစ်သည်ဟု ဒေသခံနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။ 

ချောင်းဆုံ (တောင်)ရွာမှ အိမ်ခြေ ၁၁၁ လုံး၊ ရွာသစ်မှ အိမ်ခြေ ၃၄ လုံး၊ ခနုသည်ရွာမှ အိမ်ခြေ ၁၂၃ လုံးနှင့် ဖလံချိုင်ရွာမှ ၃ လုံးတို့ကို မီးရှို့ခံရသည်ဟု သိရသည်။

တန့်ဆည်မြို့မြောက်ဘက် ၄ မိုင်ခန့်အကွာ ကျွန်းတောကုန်းရွာကို  မတ် ၁၄ ရက်နေ့တွင် စီးနင်းစဉ် အသတ်ခံရသူ အမျိုးသားများမှာ လူလတ်ပိုင်းအရွယ်များ ဖြစ်သည်၊ ထိုရွာမှ နေအိမ် ၇၂ လုံး မီးရှို့ခံရသည်ဟု သိရသည်။ 

မတ် ၂၁ ရက်နေ့က မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ဖလံချိုင်ရွာတွင် ရှင်ပြုအလှူပွဲ လုပ်နေ စဉ် စစ်ကြောင်း ဝင်ရောက်လာပြီး လူ ၅၀ နီးပါးကို ကန့်ဘလူမြို့အမှတ် (၆၀၀၆) တင့်ကား တပ်သို့ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။

အလှူပွဲရှိလူများကို ဖမ်းသွားခြင်း ဖြစ်သည်ဟု  လုံခြုံရေးအရ အမည် မဖော်လိုသည့် ချောင်းဆုံရွာ ဒေသခံတစ်ဦးက ပြောသည်။ 

“သူတို့က အလှူ မှာ ဝင်တာ တော်တော်များများမိသွားတာ။ သီလပေးနေတဲ့အချိန် အလှူအိမ်မှာ” ဟု သူက ပြောသည်။

ဖလံချိုင်ရွာမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး၏ လက်ကိုင်ဖုန်းတွင် အစ်ကိုဖြစ်သူ၏ PDF ယူနီဖောင်းဝတ်ဓာတ်ပုံ၊ သေနတ်ကျည်ဆန် ဓာတ်ပုံများ တွေ့ရှိသွားသဖြင့် သေဆုံးသည်အထိ ညှဉ်းပန်းပန်းနှိပ်စက်စစ်ဆေးကြသည်ဟု သိရသည်။ 

မတ် ၂၃ ရက်နေ့တွင် ထိုစစ်ကြောင်းက  ဖလံချိုင်ရွာကပ်လျက်ရှိ ချောင်းဆုံ (တ) ရွာကို စီးနင်းမီးရှို့ကြရာ ကျန်းမာရေးမကောင်းသဖြင့်  ရွာထဲမှာပင် ကျန်ရစ်ခဲ့သည့် အသက် ၈၄ နှစ် အရွယ် အမျိုးသား၊  တူဖြစ်သူ အသက် ၄၄ နှစ်အရွယ် မသန်စွမ်း၊ အသက် ၈၇ နှစ် အရွယ် အမျိုးသမီးတို့ မီးလောင်သေဆုံးခဲ့သည်။ 

ထိုသူများ၏ ရုပ်အလောင်းများကို မီးလောင်ကျွမ်းထားသည့် အဆောက်အဦများထဲ ရှာဖွေတွေ့ရှိကြောင်း အထက်ပါဒေသခံက ပြောသည်။  

မီးလောင်နေသော ချောင်းဆုံရွာမှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ- ပေးပို့) 

“သွက်ချာပါဒ ဖမ်းတဲ့အဘွားကြီးက သူ့အိမ်မှာပဲ တွေ့တာ။ တူအရီးနှစ်ယောက်က ရေလောင်း အိမ်သာ ထဲမှာ။ အိမ်သာထဲမှာဖွင့်ကြည့်လိုက်တော့ အလောင်းနှစ်လောင်းက ထပ်လျက်ကြီးတွေ့တာ။ အိမ်သာပါ မီးရှို့တာ ရှေ့ကတံခါးနေရာက ပွင့်ပြီး ဟတကြီးဖြစ်နေတော့ ထိုးဖွင့်လိုက်တော့ သူတို့အလောင်းကိုတွေ့ တာ” ဟု  ထိုသူက ပြောပြသည်။

အိမ်ခြေ ၆၀၀ နီးပါးရှိ ချောင်းဆုံရွာသည် ၈ ကြိမ်ခန့် စီးနင်းမီးရှို့ခံထားရ၍ နေအိမ် ၂၁၇ လုံး ပျက်စီးထား ရာ ယခုတစ်ခေါက်စီးနင်းချိန်တွင် ရွာတောင်ပိုင်းအိမ်များ မီးရှို့ခံရပြီး အိမ်ခြေ ၁၁၁ လုံး မီးလောင်ကျွမ်းခဲ့ သည်။ ရွာထက်ဝက်မှ နေအိမ်များ မီးလောင်ကျွမ်းထားပြီဖြစ်သည်။ 

ရွာထက်ဝက်နီးပါးကို မီးရှို့ခဲ့သည့် ချောင်းဆုံရွာတွင်  ဆန်စပါး သိုလှောင်ရာနေရာများကို အဓိကထားဖျက်ဆီးခံခဲ့ရသဖြင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်လျက်ရှိသည် ဒေသခံများက ဆိုကြသည်။

“စားနပ်ရိက္ခာဆိုတာ ဘာမှမကျန်ဘူး။ အဝတ်အစားလည်းမကျန်ဘူး။ ဘာမှမကျန်ဘူး။ ဒီနှစ်က ပွဲစားတွေ မလာလို့ စပါးတွေက မရောင်းရဘူးလေ”  ”ဟု  အထက်ပါ အမျိုးသားက ဆက်ပြောသည်။ 

“စပါးတိုက်တွေ၊ စပါးတွေကိုအဓိက ပစ်မှတ်ထားရှို့သွားတာ။ အရင်က မီးရှို့ခံထားရတဲ့သူတွေကလည်း စပါးတွေ ထားစရာမရှိတော့ မီးရှို့မခံရတဲ့ အိမ်တွေပဲ လာထား ကြတာလေ အဲ့ဒီဟာတွေပါ ပါသွားတာ”

နှစ်ပတ်တာ စီးနင်းမှုအတွင်း မီးရှို့ခံရသည့် ကျေးရွာများမှာ ပြီးခဲ့သည့်နှစ်များတွင် စစ်တပ်၏ အကြိမ် ကြိမ်မီးရှို့မှု ခံခဲ့ရပြီး ဖြစ်သည်။

ထိုစစ်ကြောင်းက မူလတပ်စွဲထားရာနေရာများသို့ ပြန်ဆုတ်သွားပြီဟု သိရသော်လည်း ၅ ရွာထက်မနည်း သောကျေးရွာများမှ ဒေသခံတို့ နေရပ်မပြန်ရဲကြသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

တန့်ဆည်မြို့နယ်အတွင်း စစ်တပ်နှင့်ပြည်သူ့စစ်တို့ ခြေကုပ်ယူထားရာကျေးရွာများကို ယခုလဆန်းတွင် တော်လှန်ရေးအင်အားစု ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က အနီးဝန်းကျင်ရှိ ကျေးရွာ တချို့ကို စီးနင်းရာမှ ဖမ်းဆီးသတ်ဖြတ်မှုများ၊ မီးရှို့မှုများ ပေါ်ပေါက်လာသည်။ 

မတ် ၄ ရက် နံနက်တွင် တော်လှန်ရေးအင်အားစုက တန့်ဆည်မြို့အနီးဝန်းကျင်ရှိ စစ်တပ်နှင့် ပြည်သူ့ စစ်စခန်းများကို စတင်တိုက်ခိုက်ခဲ့အပြီး လက်ရှိအချိန်ထိ အခြေအနေ တင်းမာနေဆဲဖြစ်သည်။ 

“သူတို့ရဲ့ ရှေ့ကာကင်းစခန်းတွေဖြစ်တဲ့ ဆင်ငယ်၊ အင်ကုက္ကားတို့၊ နားဋောင်းကျ၊ ဝရငယ်၊ ရွာသစ်တို့၊ ရွှေကတော်၊ ကျွဲသဲတို့ အဲ့ဒီနေရာတွေကို စစ်မျက်နှာဖွင့်ပြီးတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တာပါ။ ကာကင်း လို့ ယူဆလို့ရတဲ့နေရာတွေကို တပြိုင်တည်းထိုးစစ်ဆင်တာ”ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် အမှတ် (၅၂) ဗျူဟာ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

အမှတ် ၅၂ ဗျူဟာ ကို  အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင် အမှတ် ၇ ၊ ၈၊ ၁၀၊ ၁၆ နှင့် ၂၅ စသေည တပ်ရင်း ၅ ခုဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင် စုဖွဲ့ထားခြင်းဖြစ်သည်။

တိုက်ခိုက်နေသည့် စစ်စခန်းများအနက် တန့်ဆည် – ကလေးဝ လမ်းပေါ်ရှိ ဝရငယ်ရွာ၊ မြို့မြောက်ဘက်ရှိ ဆင်ငယ်ရွာတို့မှာ စစ်တပ်က တိုးချဲ့အထိုင်ချထားသည့် စခန်းများဖြစ်သည်။ 

ယခုလ တန့်ဆည်နယ်တိုက်ပွဲများအတွင်း အမှတ် (၃၆၁) ခြေမြန်တပ်ရင်းမှ တပ်သား ၁ ဦး၊ ရဲတပ်ကြပ် ၁ ဦးကို ဖမ်းဆီးရမိသည်ဟု ဗျူဟာ ၅၂ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကဆိုသည်။  လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုများရှိသည်ဟု ဆိုသော်လည်း အရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

တန့်ဆည်နယ်သို့ ကန့်ဘလူမြို့အခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းက စစ်ကူ ပို့ထားသလို လေကြောင်းပစ်ကူအများပြားသုံးခဲ့သည့်အပြင် ဒရုန်းတိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။ 

တန့်ဆည်မြို့ကို သိမ်းနိုင်ရန် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစု နှစ်ကြိမ်တိုင် ကြိုး ပမ်းခဲ့ရာ မြို့မရဲစခန်းမှအပ နေရာအများစုကိုစီးနင်းနိုင်ခဲ့သော်လည်း မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။ 

ထို့နောက် ၂၀၂၄ နှစ်လယ်ပိုင်းတွင် ကန့်ဘလူမှ စစ်သားနှင့် ပျူစောထီးများ စစ်ကူရောက်ရှိလာပြီး မြို့အနီးရှိ နေရာ ၄ ခုတွင် တိုးချဲ့တပ်စွဲခဲ့သည်။ 

တန့်ဆည်နယ်အတွင်း   မီးရှို့မှု၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံတို့ သတ်ဖြတ်ခံ ရသည့် အခြေ အနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်  မရရှိခဲ့ပါ။ 

စစ်တပ်၏ သတင်းထုတ်ပြန်ရေး အွန်လိုင်းစာမျက်နှာတွင်လည်း ယခုလအတွင်း တန့်ဆည်မြို့နယ်အကြောင်း ဖော်ပြမထားပေ။

မူးမြစ်အနောက်ဘက်ခြမ်းရှိ တန့်ဆည်မြို့နယ်သည် ကျွန်းလှ၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ မင်းကင်း၊ ကလေးဝတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းရာ ဒေသဖြစ်သည်။ 

တန့်ဆည်မြို့နယ်တွင် ကျေးရွာအများစုကို တော်လှန်ရေး အင်အားစု  ထိန်းချုပ်ထားသော်လည်း ပျူစောထီးအင်အားကောင်းရာ ကန့်ဘလူနှင့်ကပ်လျက်ရှိ  မြို့နယ်အရှေ့ပိုင်းကို အပြည့်အဝထိန်းချုပ် နိုင်ခြင်းမရှိသေးပေ။ 

ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဝင်အထွက်ရှိသည့် ရွာများကို တပ်မတော်က ဝင်ရောက်မီးရှို့ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် ခုခံမှုအားကောင်းသော ဒေသများကိုလည်း အလားတူ ပြုမူနေခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး စာရင်းကောက်ယူနေသည့် Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားချိန် သုံးနှစ် ကျော်အတွင်း နိုင်ငံအနှံ့မှ နေအိမ် ၁၁၃,၀၀၀ ကျော် မီးရှိ့ဖျက်ဆီးခံခဲ့ရပြီး ထိုအထဲမှ သုံးပုံနှစ်ပုံဝန်းကျင်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။ 

ကြည့်ရန်သာ

Related Articles

Back to top button