သတင်း

မင်းကွန်းတောင်ရိုးမှ သံဃာနှင့်သီလရှင် တစ်ထောင်ကျော်  စစ်ဘေးရှောင်နေရ

စစ်ကိုင်းတောင်မှ စာမေးပွဲ ဖြေဆိုမည့်သံဃာအများအပြား၊ ဒေသခံများမှာ တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုရက်ပိုင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် စစ်ကိုင်းမြို့ရှိ သာသနိက အဆောက်အအုံများပေါများသည့်  မင်းကွန်းတောင်ရိုးတွင် သီတင်းသုံးသော သံဃာနှင့်သီလရှင် အပါး ၁၀၀၀ ကျော် တိမ်းရှောင်နေကြရသည်ဟု မင်းကွန်းဒေသသတင်းရင်းမြစ်များထံက သိရှိရသည်။

မင်းကွန်းဒေသ၊ တိပိဋကနိကာယသာသနာပြုအဖွဲ့ (မိုးမိတ်ကုန်းမြေ)မှ တိပိဋကဖြေဆိုမည့် သံဃာ အပါး ၁၀၀ ကျော်နှင့် သီလရှင်ကျောင်း ၄၀ ကျော်မှ သီလရှင် အပါး ၆၀၀ ကျော်၊ ဘုန်းကြီးကျောင်းများမှ သံဃာ ၄၀၀ ကျော်နှင့်  ဒေသခံအများအပြား ထွက်ပြေးနေရသည်ဟု  မင်းကွန်းဒေသခံ အသက် ၅၀ ကျော်အရွယ် လက်မှုပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“မိုးမိတ်ကုန်းမြေမှာက ပိဋကတ် ဖြေမယ့်သံဃာတွေပေါ့။ အခု လေးငါးပါးပဲ ကျန်တယ်။ အကုန်ပြေးရှောင် ကုန်ကြတယ်။ မင်းကွန်းတောင်ရိုးတစ်ခုလုံးပဲ။ တချို့တစ်ကျောင်းလုံး မရှိကြတော့ဘူး။ မင်းကွန်းတစ်ရွာ လုံးကလည်း ၉၅ ရာခိုင်နှုန်း‌လောက် ပြေးကုန်ကြပြီ”ဟု သူက ဆိုသည်။

လေတပ်တိုက်ခိုက်မှု၊ မြစ်အတွင်းမှ လက်နက်ကြီးဖြင့် အနီးဝန်းကျင်ကို  ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှု စသည့်အန္တရာယ်များ ရှိနေသည်ဟု သူက  ဆက်ပြောသည်။

“ပြေးရတာက လေယာဉ်ဗုံးကြဲမှာရယ်၊ မြစ်ထဲက ရမ်းသမ်းပစ်တာရယ် ကြောက်ကြတာ။ ကျွန်းရွာတွေမှာ လည်း တပ်စွဲထားပြီး(စစ်ကောင်စီ) မြစ်ကို ကျော်ပြီးပစ်တယ်။ ကျချင်ရာကျတာ”ဟု သူက  ဆိုသည်။

ဧရာဝတီမြစ်ကမ်းဘေး ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့ လက်မှုပညာလက်ရာများကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း  စစ်ကောင်စီက  မင်းကွန်းပုထိုးတော်ကြီးနှင့် မြသိန်းတန်စေတီအနီး တပ်စွဲကာ ဒေသခံများကို ဖမ်းဆီးနှိပ်စက်လေ့ရှိသည်။

၂၀၂၄ ခုနှစ်တွင်  တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုများ  မင်းကွန်းဒေသတွင်  အဆက်မပြတ် ပေါ်ပေါက်လာပြီးနောက် ၂၀၂၅ ခုနှစ် မတ်လ ဒုတိယပတ်မှစတင်၍ မင်းကွန်းအနီး တိုက်ပွဲများ ရှိလာသည်။

မတ်လ ၁၆ ရက်နေ့က မင်းကွန်းအထက်ဘက် ၁၅ မိုင်ခန့်အကွာ ဝက်လက်နယ်အတွင်း လေတပ်က ဗုံးကြဲခဲ့ပြီး လသား အရွယ်အပါအဝင် ၄ ဦး သေဆုံးခဲ့သည်၊ ထို့နောက် မတ်လ ၁၉ ရက်နေ့တွင် မင်းကွန်းဒေသ သမိုင်းဝင် မြသိန်းတန်စေတီအနီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုနေ့က လူထိခိုက်မှု မရှိသော်လည်း မင်းကွန်းပုထိုးတော်ကြီးအနောက်ဘက် အဘယရွှေဂူချောင်နှင့် အောင်မြေဘုံကျော်ကျောင်းသွပ်မိုးများ  ထိမှန်ပျက်စီးသည်၊  ထိုနေရာအနီး သာသနိက အဆောက်အဦများရှိသော မနောမယတောင်ထိပ်ကိုလည်း ဗုံးကျသဖြင့် အဆောက်အဦမှန်တချို့နှင့် ရေကန် ပျက်စီးခဲ့သည်။

နောက်တစ်နေ့တွင် စစ်ကောင်စီက ထိုသို့ ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း သတင်းထုတ်ပြန် ငြင်းဆိုထားသည်။

တိုက်ပွဲ မကြာခဏရှိနေ၍  မင်းကွန်းဒေသကို ခရီးသည်များ မလာရောက်ကြတော့ကြောင်း၊  စစ်တပ်က ဒေသတွင်း နေအိမ်အများအပြားကို မီးရှို့ထားကြောင်း အထက်ပါဒေသခံက ပြောသည်။

“မြသိန်းတန်ခြေရင်းက ရွာတွေလည်း ပြောင်ပြီ၊ သူတို့မီးရှို့လို့။ PDF အိမ်တွေရော၊  PDF မဟုတ်တဲ့ ဒေသခံအိမ်တွေရော အကုန်ပြောင်ပြီ” ဟု အထက်ပါဒေသခံက ပြောသည်။

မင်းကွန်းဒေသ အနီးမြစ်ကမ်းနံဘေးကျေးရွာအများစုက ခရီးသွားလုပ်ငန်းကို မှီတင်းကာ အသက်မွေးကြပြီး စစ်ကောင်စီ၏စစ်ကြောင်းထိုးမှုများနှင့် တိုက်ပွဲများပတ်လည်ဝိုင်းနေသည့် အခြေအနေများကြောင့်  ဒေသခံထောင်နှင့်ချီ စွန့်ခွာကုန်ကြသည်ဟု သိရသည်။

“ခရီးသွားတွေကို အားကိုးနေရတဲ့ရွာတွေ နှစ်နှစ်လောက်ရှိပြီ…ဘာဧည့်မှမရှိ။ အားလုံးဒုက္ခရောက်ကုန်ကြ တယ်”ဟု အထက်ပါဒေသခံက ပြောသည်။

မင်းကွန်းမှ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများသည် မန္တလေးမြို့ အနောက်ဘက်ရေဆိပ်မှ စစ်ကောင်စီတပ်ဖွဲ့များ၏ အစစ်အဆေးကြမ်းတမ်းခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ကိုင်းမြို့ဘက်မှ ရှောင်တိမ်း လျှင် စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်က ဖမ်းဆီးငွေညှစ်ခြင်းတို့ ကြုံကြိုက်နေရသည်။

၂၀၂၁ အောက်တိုဘာက စစ်ကိုင်းမြို့တံတားပေါ်တွင် ရပ်တန့်ထားသော စစ်ကားတစ်စီးအနီး တွေ့ရသည့် စစ်သားတချို့။ (ဓာတ်ပုံ-AFP)

ထို့ကြောင့် အများစုသည် မန္တလေးနှင့် စစ်ကိုင်းဘက်သို့ ခရီးမဆန့်နိုင်ဘဲ မင်းကွန်းမြောက်ဘက် စစ်ကိုင်းတိုင်း ဝက်လက်နယ်ဘက်သို့သာ ရှောင်တိမ်းနေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသည့် ပြင်ဦးလွင်ခရိုင်(ပကဖ)သတင်းတာဝန်ခံ အမျိုးသားက ပြောပြသည်။

“မင်းကွန်းကြတော့ သူတို့အနောက်ဘက်တွေကို ရှောင်ပြေးကြတာများတယ်။ အနောက်ဘက်က ရှောင်ရင် လွတ်မြောက်နယ်မြေဘက်တွေ ရောက်တယ်။  မင်းကွန်းဘက်ကနေ မန္တလေးဘက်တွေသွားရင် စကစ ဂိတ်တွေ ဖြတ်ရမှာ။ အစစ်အဆေးကြမ်းတယ်၊ ရစ်တယ်။ ပြီးတော့ ဒီစစ်ကိုင်းတံတားဘက်တွေဆိုရင် သူတို့ မထင်ရင် ဆွဲချဖမ်းတာတွေရှိတယ်”ဟု  ၎င်းက ဆိုသည်။

မင်းကွန်းဒေသတွင် ယူနီကွန်းတပ်ဖွဲ့၊ မင်းကွန်းတိုက်နယ်(ပကဖ)၊ Road to Mandalay နှင့် Acidအဖွဲ့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများ အခြေစိုက်လှုပ်ရှားနေကြသည်။

မင်းကွန်းဒေသစစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ထိုဒေသတွင်လှုပ်ရှားနေသည့် စစ်ရေးရင်းမြစ် တစ်ဦးက မင်းကွန်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ယနေ့ ပြောသည်။

“တိုက်ပွဲကတော့ ကြိုကြားကြိုကြားဆက်ဖြစ်နေတယ်။ သူတို့ဘက်က အထိုင်ချထားတဲ့နေရာတွေမှာ အင်အားတွေ ဆက်တိုးထားတယ်။ ကျွန်တော်တို့ဘက်ကလည်း ပိတ်ဆို့ထားဆဲပါ”ဟု အထက်ပါ စစ်ရေး ရင်းမြစ်အမျိုးသားက ဆက်ပြောသည်။

မင်းကွန်းတွင် မြသိန်းတန်စေတီနှင့်အနီးတဝိုက်၊ မင်းကွန်းရဲစခန်းတို့တွင် စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲကာ လက်နက်ကြီးများပစ်ခတ်လေ့ရှိသည်။ 

မတ်၂၀ ရက်နေ့ နေ့လယ်က မင်းကွန်းကျေးရွာ မြသိန်းတန်စေတီအနီး  တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထို့နောက် နောက်နေ့များတွင်လည်း စစ်ကောင်စီတပ်သည် မင်းကွန်းဒေသအနီးကျေးရွာများ ဝင်ရောက် ကာ  စစ်ကြောင်းထိုးနေသည်ဟု စုံစမ်းသ်ိရသည်။

လက်ရှိတိုက်ပွဲအခြေအနေများကြောင့်  တော်လှန်ရေးတပ်များက စစ်ကိုင်း-မင်းကွန်းကားလမ်းကို ယာယီ ပိတ်ထားသည်။

မင်းကွန်းဒေသသည် သာသနာ့နယ်မြေဖြစ်သည့်အတွက် ဒုတိယကမ္ဘာစစ်တွင်မူ ဗြိတိလျှကိုလိုနီတပ်များ ကပင် တိုက်ခိုက်လေ့မရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အများအပြား ခိုလှုံကြရာအရပ် ဖြစ်၍ ယခုအချိန်တွင် စစ်ကောင်စီတပ်က  ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကိုရှုတ်ချကြောင်း နိုင်ငံအနှံ့ ဝေဖန်ခဲ့ကြသည်။

Show More

Related Articles

Back to top button