
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မင်းကွန်းဒေသကို စစ်လေယာဉ်က ဗုံးကြဲ ပစ်ခတ်ခဲ့၍ သာသနိကအဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့ပြီး မြောက်ဘက် ဝက်လက်နယ်၊ စဉ့်ကိုင်ကျေးရွာ ကိုလည်း ဗုံးကြဲခဲ့ရာ ဒေသခံ ဆေးသုတ်သမား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ယမန်နေ့ ( မတ် ၁၉ ရက်)ည ၁၁ နာရီခန့်က ရှေးဟောင်းအမွေအနှစ်မင်းကွန်းဒေသ မြသိန်းတန်စေတီအနီး စစ်လေယာဉ်ဖြင့် ဗုံး ၁ လုံး လာရောက်ကြဲချခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မင်းကွန်းပုထိုးတော်ကြီးအနောက်ဘက်ရှိ အဘယရွှေဂူချောင်နှင့်အောင်မြေဘုံကျော်ကျောင်းသွပ်မိုးများ ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ကာ ထိုနေရာအနီး သာသနိကအဆောက်အဦများရှိသော မနောမယတောင် ထိပ်ကိုလည်း ဗုံးကျသဖြင့် အဆောက်အဦ မှန်တချို့ နှင့်ရေကန် ပျက်စီးခဲ့သည်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိဟု မင်းကွန်းဒေသခံတို့က ပြောကြသည်။
တိုက်ခိုက်ခံရသည့် သာသနိကအဆောက်အအုံနေရာများသည် မကြာသေးမီက အင်အား ၁၀၀ နီးပါးဖြင့် စစ်ကောင်စီ၏ပျူတပ်ဖွဲ့ဝင်များ အထိုင်ချ ဖြန့်ကျက်တပ်စွဲခဲ့သည့် စခန်းဟောင်းနေရာများဖြစ်သည်ဟု သိရသည်။
ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက သာသနိကအဆောက်အအုံတို့ကို စောင့်ရှောက်ခြင်းဖြစ်သည် ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။
အဆိုပါသာသနိကအဆောက်အအုံများတွင် မင်းကွန်းအခြေစိုက် ပျူစောထီးများ တပ်စွဲထားပြီး အနီးနား ကျေးရွာများကို မကြာခဏဆိုသလို စစ်ကြောင်းထိုးမီးရှို့မှုများပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြော သည်။
ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများ ကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ် အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပ ခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။
မင်းကွန်းဒေသသည် သာသနာ့နယ်မြေဖြစ်သည့်အတွက် ဒုတိယကမ္ဘာစစ်တွင်မူ ဗြိတိလျှကိုလိုနီတပ်များ ကပင် တိုက်ခိုက်လေ့မရှိ၍ အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အများအပြားခိုလှုံကြရာအရပ်ဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကိုရှုံ့ချကြောင်း ဒေသခံများက လူမှုကွန်ယက် တွင် ဝေဖန်ရေးသားနေကြသည်။
ဆင်းရဲခေါင်သီလှသည့် မင်းကွန်းဒေသအနီး မြစ်ကမ်းနံဘေးကျေးရွာများသည် ခရီးသွားဧည့်သည်များ ကို မှီတင်းကာ လုပ်ကိုင်စားသောက်ကြရပြီး ယခုအခါ စစ်ကောင်စီ၏စစ်ကြောင်းထိုးမှုများနှင့် တိုက်ပွဲ များပတ်လည်ဝိုင်းနေသည့် အခြေအနေများကြောင့် အများစုမှ ဒေသကိုစွန့်ခွာကုန်ကြသည်ဟုသိရသည်။
မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက်ခြမ်း၊ မန္တလေးမြို့၏အနောက်ဘက်တွင် တည်ရှိပြီး မန္တလေးမြို့နှင့်ဧရာဝတီမြစ်သာ ခြားကာ ပတ်ချာလည်တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ မင်းကွန်းတွင်လည်း စစ်ရိပ်စစ်ငွေ့သမ်းလာနေသည်။
ယမန်နှစ် နှစ်လယ်ပိုင်းမှစတင်ကာ မင်းကွန်းဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ပစ်ခတ်ခံရမှုများ ဖြစ်ပွားလာသည်။
စဉ့်ကိုင်ရွာ ဒုတိယအကြိမ်လေကြောင်း တိုက်ခိုက်မှု
ယနေ့ (မတ် ၂၀) နံနက် ၉ နာရီခွဲခန့်တွင် မင်းကွန်းပုထိုးတော်ကြီး မြောက်ဘက် ၁၅ မိုင်ခန့်အကွာ စစ်ကိုင်း တိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာကို ဗုံးကြဲခံရပြီး ရွာစေတီကို ဆေးသုတ်နေသည့် သက်လတ်ပိုင်း အရွယ် ရွာသား ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း စဉ့်ကိုင်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ရွာစေတီမှာ ဆေးသုတ်နေတာ။ ဗုံးက စေတီပေါ် ကျပြီး အုတ်တွေမှန်ပြီး ထိတာ။ (ဒဏ်ရာက) မစိုးရိမ်ရ ဘူး ”ဟု ယင်းအမျိုးသားက ပြောသည်။
အဆိုပါ မင်းကွန်းကျေးရွာမြောက်ဘက် ဝက်လက်မြို့နယ် အတွင်းပါရှိသော စဉ့်ကိုင်ရွာကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်ကလည်း လေယာဉ်ဖြင့်၂ ကြိမ်ဗုံးလာရောက်ကြဲခဲ့စဉ် အသက် ၈၀ ကျော် အဘိုးအဘွား ၂ ဦး၊ ၃၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် လသားအရွယ်ကလေးငယ် ၁ ဦး တို့ သေဆုံးခဲ့သည်။
အဆိုပါစဉ့်ကိုင်ကျေးရွာသည် တိုက်ပွဲများပြင်းထန်ခဲ့သည့် မတ္တရာမြို့နယ်အနောက်ခြမ်း သဖန်းဒေါင့်ရွာ နှင့် ဧရာဝတီမြစ်သာခြား၍ ကပ်လျှက်တည်ရှိသည်။ ဒေသခံတို့က စိုက်ပျိုးရေးအဓိကလုပ်ဆောင်ကြပြီး အိမ်ခြေရာဂဏန်းရှိသည်ဟုသိရသည်။
တော်လှန်ရေးစတင်ခဲ့သည့်အချိန်က စဉ့်ကိုင်ရွာအနီး တိုက်ပွဲများပြင်းထန်ခဲ့ဖူးပြီး ယခုအခါ တော်လှန်ရေး တပ်များရှိနေသည်ယူဆကာ ဗုံးကြဲနေခြင်းဖြစ်နိုင်ကြောင်း မင်းကွန်းဒေသမှအမည်မဖော်လိုသူ တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စဉ့်ကိုင်က ကျွန်တော်တို့အဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာဗျာ။ အဲဒါကြောင့်လည်းဆိုင်မယ်။ အဲဒီနေရာ တွေက ကျွန်တော်တို့တော်လှန်ရေးစဖြစ်ခါစ ဟိုတုန်းက ဒီတကြောက အမြဲတိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့။ ဒါကြောင့်မို့လို့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေနိုင်တယ်ဆိုပြီး ကြောက်ပြီး လာကြဲချနေတယ်လို့ ထင်တယ် ”ဟု ဆိုသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခိုအောင်းသည်ဟု ယူဆကာ စာသင်ကျောင်းများ၊ သာသနာ အဆောက်ဦများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသာမက ဒေသခံများ လည်း ထိခိုက်သေဆုံးမှုများရှိနေသည်။
မင်းကွန်းဒေသတိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။




ယနေ့နံနက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စဉ့်ကိုင်ရွာမှစေတီနှင့် ဘာသာရေး အဆောက်အဦတချို့။ (ဓာတ်ပုံများ-ပေးပို့)