
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို ယမန်နေ့ (မတ် ၁၆) ညက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး အပါအဝင် ၄ ဦး သေဆုံး၊ အိမ်အများအပြား ပျက်စီးခဲ့ကြောင်းဒေသခံများနှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
ည ၁၀ နာရီကျော်ခန့်တွင် လေယာဉ်တစ်စီး ဝက်လက်မြို့နယ် ၊ စဉ့်ကိုင်ရွာကို ၂ ကြိမ် လာရောက်ဗုံးကြဲသည်၊ အသက် ၈၀ ကျော်အရွယ် ၂ ဦး၊ ၃၀ အရွယ်အမျိုးသမီး ၁ ဦးနှင့် ကလေးငယ်တို့သေဆုံးသည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“အိပ်နေကြတဲ့အချိန် နေအိမ်တွေပေါ် လာချတာဗျ။ အဘိုးနဲ့အဘွား လင်မယား ၂ ဦး၊ လသားအရွယ် သားလေး ၁ ဦး၊ နောက် အမျိုးသမီးတို့ သေတယ်။ အိမ်တွေလည်းပျက်စီးတယ်”ဟု ထိုသူက ဆိုသည်။
ဝက်လက်နယ်အတွင်း ဖြစ်သော်လည်း ခရီးသွားဒေသဖြစ်သော မင်းကွန်းရွာနှင့် ၁၅ မိုင်အကွာတွင်ရှိသည့် အဆိုပါစဉ့်ကိုင်ကျေးရွာသည် မကြာသေးမီက တိုက်ပွဲများပြင်းထန်ခဲ့သည့် မတ္တရာမြို့နယ်အနောက်ခြမ်း သဖန်းဒေါင့်ကျေးရွာနှင့် ဧရာဝတီမြစ်သာခြား၍ ကပ်လျက်တည်ရှိသည်။
ထိုရွာကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းမထုတ်သေးပေ။
ထိုရွာတွင် ရွာခံများက စိုက်ပျိုးရေးအဓိကလုပ်ကိုင်ကြပြီး အိမ်ခြေရာဂဏန်းရှိသည်ဟု သိရသည်။
လွန်ခဲ့သည့်နှစ်ပိုင်းကမူ ယင်းရွာအနီးတိုက်ပွဲများရှိခဲ့ဖူးသော်လည်း ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်ကြခြင်းမရှိကြသောကြောင့် ဒေသခံပြည်သူများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်ခြင်းသာ ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်ခရိုင်(ပကဖ)မှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
“သက်သက်ကို ပြည်သူတွေဆီကို ချတာဗျ။ အဲဒီနေရာမှာက ဟိုးတုန်းကတော့ တော်တော်ကြာပါပြီ၊ တိုက်ပွဲတွေဖြစ်ဖူးတယ်။ စကစလည်း စစ်ကြောင်းတွေ ထိုးဖူးတယ် အဲဒီဘက်ကို။ အခုကတော့ တိုက်ပွဲလည်း မရှိဘူး။ အကြောင်းမဲ့သက်သက်ကို သတ်ဖြတ်တာပဲဗျ”ဟု ခရိုင်ပကဖ တာဝန်ရှိသူ အမျိုးသားက ဆိုသည်။

ယမန်နေ့ညက ဗုံးကြဲမှုကြောင့် ဒေသခံအများအပြား အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရသဖြင့် နာရေးအစီအစဉ်အတွက် မလုပ်ကိုင်နိုင်ကြသေးကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစဉ့်ကိုင်ကျေးရွာတွင် ၂၀၂၂ခုနှစ်အတွင်းက လေတပ် ပစ်ခတ်မှုကြောင့် ၈ လသား ကလေး ၁ ဦး၊ အသက်၂၃ နှစ်အရွယ်အမျိုးသမီး ၁ ဦးနှင့် ၆၀ ကျော်အရွယ် အမျိုးသမီးတို့ သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
ထိုစဉ်က စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်းသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံများ ပစ်ခတ်ခံရသဖြင့် ယင်းသို့သေဆုံးသွားခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းခရိုင် တပ်ရင်း(၁) ၏ တပ်ရင်းမှူး ဗိုလ်ယက္ခက Myanmar Now ကို ယခင်က ပြောထားသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သားအင်အား ၅၀ ခန့်ပါ စစ်သင်္ဘောက စဉ့်ကိုင်ရွာ အနီး ကမ်းကပ်ခဲ့ကာ စစ်သားများ ကုန်းပေါ်တက်စစ်ကြောင်းထိုးဝင်ရောက်လာချိန် လေကြောင်းမှပါ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
စဉ့်ကိုင်ရွာနှင့် ၄၅ မိုင်ခန့်အကွာမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ထိန်းချုပ်ထား သည့် စဉ့်ကူးမြို့၊ လက်ပန်လှကျေးရွာကိုလည်း စစ်ကောင်စီလေတပ်က မတ် ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ဗုံးကြဲခဲ့ရာ ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့သည်။
လေတပ်တိုက်ခိုက်မှုများကြောင့် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး နှင့် ရှမ်းမြောက် နောင်ချို၊ စစ်ကိုင်းတိုင်း တို့တွင် ယခု ရက်သတ္တပတ်အတွင်း အပြစ်မဲ့ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရသည်ဟု စစ်ကိုင်းမြို့နယ်မှ စစ်ရေးရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ဖုန်း၊ အင်တာနက်ဖြတ်တောက်ခံရသဖြင့် ဒေသခံပြည်သူများ သတင်းအချက်အလက်မရရှိကြကြောင်း၊ PDF များက စိုးမိုးထားသည့် မြို့/ရွာများတွင် လေကြောင်းအန္တရာယ် သတိပေးဥဩဆွဲခြင်း၊ လူနေအိမ်များတွင် ဗုံးခိုကျင်း တူးဖော်ပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။
ရှေးဟောင်းစေတီပုထိုးများ၊သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကြီးနှင့်မြန်မာ့လက်မှုပညာလက်ရာများကြောင့်နာမည်ကျော်သည့် မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပ ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။
ဆင်းရဲခေါင်သီလှသော မင်းကွန်းဒေသအနီးမြစ်ကမ်းနံဘေးကျေးရွာများသည် ခရီးသွားဧည့်များကို မှီတင်းကာ လုပ်ကိုင်စားသောက်ခဲ့ကြပြီး ယခုအခါတိုက်ပွဲများ ပတ်လည်ဝိုင်းနေသည့် အခြေအနေများနှင့် ခရီးသွားဧည့်များရှားပါးလာမှုတို့ကြောင့် အများစုမှာဒေသကို စွန့်ခွာကုန်ကြသည်ဟု သိရသည်။
