သတင်း

မင်းကွန်းတိုက်ပွဲတွင် လက်နက်ကြီးထိ၍ အမျိုးသမီး ၁ ဦး သေဆုံး 

မြသိန်းတန်စေတီတွင် စစ်တပ်ပိတ်ဆို့ခံခဲ့ရပြီးနောက် စစ်ကူများ ရောက်လာသည်၊ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးသည်၊ ဒေသခံတချို့ကို စစ်တပ်က ဖမ်းထားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ယမန်နေ့ (မတ် ၂၀) က တိုက်ပွဲအပြင်းအထန် ဖြစ်ပြီး  ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးကာ  စစ်တပ်က ဒေသခံအမျိုးသား ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းထားသည်ဟု စုံစမ်း သိရှိရသည်။ 

မင်းကွန်းကျေးရွာမြောက်ဘက် မိုင်ဝက်ခန့်အကွာ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြသိန်းတန်စေတီ အနီး အင်အား ၁၀၀ နီးပါးဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နေ့လယ်တွင်  တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်၊ ထိုနေရာသို့ မင်းဝံတောင်ရိုးအတိုင်း စစ်ကူများ ရောက်လာရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ပစ်ခတ်မှုဖြစ်တဲ့အခါမှာ သူတို့(စစ်ကောင်စီ)ဖက်က ရမ်းသမ်းပြီး  လက်နက်ကြီး ပစ်ခတ်တယ်။ ပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးတယ်၊ မင်းကွန်းရွာကပဲ။ ဒေသခံ ၆ ဦး ဓားစာခံ ဖမ်းဆီးခံရတယ်”ဟု ထိုသူက ဆိုသည်။

မင်းကွန်းကျေးရွာမှ သေဆုံးသူ အမည်နှင့် အသက် မသိရသေးသလို ဖမ်းဆီးခံရသည့်ဒေသခံများ၏ နောက်ဆက်တွဲအခြေ အနေ မသိရသေးပေ။

စစ်ကူများ ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ  မြသိန်းတန်စေတီအနီးမှ ပြန်ဆုတ်သွား ကြောင်း သိရသည်။

“ကျွန်တော်တို့က ပိတ်ဆို့ထားတယ် မင်းကွန်းကို။ ပိတ်ဆို့ထားတဲ့အချိန်မှာ စစ်ကြောင်းက ဝင်လာတယ်။ အဲဒီမှာ ထိတွေ့မှုတွေဖြစ်ပြီး ဆုတ်ပေးလိုက်ရတယ်” ဟု မင်းကွန်းတွင် စစ်ရေးလှုပ်ရှားသည့် တော်လှန် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြသိန်းတန်စေတီတွင် တပ်စွဲထားသည့်စစ်တပ်က ပိတ်ဆို့ခံထားရ၍ တော်လှန်ရေးတပ်များထံ  အလံဖြူ ထောင်၍ ညှိနှိုင်းနေစဉ် စစ်ကူများ ရောက်လာကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့အဖွဲ့တွေ သူတို့လာခေါ်ထုတ်သွားတဲ့သဘောပေါ့။ ကျွန်တော်တို့တွေ ဆုတ်ပေးလိုက်ရတယ်” ဟု  ၎င်းက ပြောသည်။ 

မင်းကွန်းဒေသ တိုက်ပွဲဖြစ်ရာပြမြေပုံ။

မတ် ၁၉ ရက် နံနက်ပိုင်း ထိုစခန်းကို ရိက္ခာပို့ရန် မြစ်ကြောင်းအတိုင်း လာသည့်သင်္ဘောတစ်စီးကို တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ  မင်းကွန်းရဲစခန်းရှိ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဗုံးကြဲမှုကြောင့် မင်းကွန်းကျေးရွာ မင်းကွန်းပုထိုးတော်ကြီးအနောက်ဖက်ရှိ အဘယရွှေဂူချောင်နှင့် အောင် မြေဘုံကျော်ဘုန်းကြီးကျောင်းနှင့် သာသနိကအဆောက်အဦတချို့ ပျက်စီးခဲ့သည်။

စစ်ကိုင်းတောင်ရိုးနှင့် ထိစပ်နေကာ သာသနာ့နယ်မြေ မင်းကွန်းဒေသသည် ဒုတိယကမ္ဘာစစ်ကတည်းက စစ်ရှောင်ခိုလှုံရာဒေသအဖြစ် လူသိများပြီး ခေတ်အဆက်ဆက် ဗုံးကြဲခံရမှု မရှိခဲ့ပေ။

“မြသိန်းတန်စေတီရဲ့အနောက်ဘက် ကောင်းမှုတော်စေတီရဲ့အနားလေးကို ကြဲသွားတာ။ စေတီပုထိုးတွေ အနည်းငယ်ပျက်စီးခဲ့တယ်။ အဲဒီနေရာအနီးမှာက သူတို့ (စစ်ကောင်စီ) အဖွဲ့တွေ တပ်စွဲထားတာ”ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

မြသိန်းတန်စေတီသည်လည်း ပြည်တွင်းပြည်ပဧည့်သည်များ စိတ်ဝင်စားသည့်နေရာတစ်ခု ဖြစ်ပြီး စေတီအနီး ဇန်နဝါရီလကုန်က တိုက်ပွဲများဖြစ်ခဲ့သေးသည်။
ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်းပုထိုးတော်ကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် ၂၀၂၁ စစ်တပ် အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။

တိုက်ပွဲများရှိလာပြီးနောက် လက်နက်ကိုင်ခုခံမှုအားကောင်းရာ မတ္တရာနှင့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက် ကမ်းတွင်ရှိသော မင်းကွန်းဒေသတွင် စစ်ကောင်စီက အခြေချလှုပ်ရှားနေကာ ယမန်နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ မင်းကွန်းဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားလာခဲ့သည်။

အဆိုပါမင်းကွန်းဒေသတွင် Road to Mandalay၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ မင်းကွန်းတိုက်နယ် (ပကဖ)၊ Acidအဖွဲ့တို့အပါအဝင် တော်လှန်ရေးတပ်များ စစ်ရေးလှုပ်ရှားကြသည်။

မင်းကွန်းအရှေ့ဘက်တွင်  မတ္တရာ၊ တောင်ဘက်တွင် စစ်ကိုင်းနှင့် မန္တလေးမြို့တို့တည်ရှိကာ မြောက်ဘက် တွင် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသော စစ်ကိုင်းတိုင်း၊ ဝက်လက်နယ် တို့တည်ရှိကြသည်။ 

စစ်တပ်ဝါဒဖြန့်အွန်လိုင်းမီဒီယာများကမူ မင်းကွန်းတွင် PDF များ ခိုအောင်းနေ၍ ရှင်းလင်းသင့်ကြောင်း လှုံ့ဆော်ရေးသားနေကြသည်။

Show More

Related Articles

Back to top button