ဆောင်းပါး

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် မြေစာပင်ဖြစ်လာသည့် အာဆီယံနိုင်ငံများ

တရုတ်သည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်သော်လည်း တရုတ်၏ ကုန်သွယ်မှု ပိုငွေများပြားလာပြီး အာဆီယံနိုင်ငံများ၏ တင်ပို့နိုင်မှု ကျဆင်းလာကာ လိုငွေများလာသည်။

ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင်မဖြစ်ရန်ရှောင်ရသည်ဆိုသည့် စကားအတိုင်း အာဆီယံနိုင်ငံများသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် ဘက်မလိုက်ဘဲနေကြရန် ပြင်ဆင်ထားကြသည်။ ထိုအင်အားကြီး နှစ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အာဆီယံနိုင်ငံများ၏ အဓိကစိန်ခေါ်မှုမှာ တရုတ်နိုင်ငံ၏ ကုန်သွယ်မှု တဘက်စောင်းနင်း ဖြစ်လာခြင်းပင်။ အာဆီယံ-တရုတ် ကုန်သွယ်မှုသည် ၂၀၂၂ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၂၂ဘီလီယံသို့ မြင့်တက်ခဲ့သော်လည်း တရုတ်၏သွင်းကုန်များပြီး အာဆီယံနိုင်ငံများ၏ ပို့ကုန်နည်းနေသည်ကို တွေ့ရသည်။

တရုတ်ပို့ကုန်များသည် ၂၀၂၄ခုနှစ်အတွင်း ၁၂%ထိမြင့်တက်ခဲ့သော်လည်း အာဆီယံနိုင်ငံများ၏ ပို့ကုန်များမှာမူ ၂၀၂၂ခုနှစ်ထက် ၃% လျော့ကျခဲ့သည်။ ကုန်သွယ်မှုလိုငွေသည်လည်း ဒေါ်လာဘီလီယံ ၁၉၀ကျော် ရှိခဲ့သည်ဟု Asia Society မှ Brandan Kelly နှင့် Shay Wester တို့ ပူးပေါင်းရေးသားသည့်စာတမ်း “ASEAN Caught Between China’s Export Surge and Global De-Risking”တွင်ဖေါ်ပြသည်။ ၂၀၂၃ခုနှစ်အတွင်း အမေရိကန်နှင့် ကုန်သွယ်မှုရာတွင်မူ ဒေါ်လာဘီလီယံ ၅၀၀နီးပါးရှိခဲ့ပြီး အာဆီယံနိုင်ငံများသည် ပိုငွေ ဒေါ်လာဘီလီယံ ၂၀၀ ရရှိခဲ့သည်ဟု ထိုစာတမ်းတွင် ဖော်ပြသည်။

လူဦးရေသန်း ၆၉၀နီးပါးရှိသည့် အာဆီယံနိုင်ငံများသည် ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃.၈ ထွီလီယံကျော် ရှိခြင်းကြောင့် အလားအလာများစွာ ရှိနေသော်လည်း အားနည်းချက်များလည်း ရှိနေသည်။

အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဘက်သည် တရုတ်ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု၏ ၂၀%ခန့်ရှိသည်ဟုသိရသည်။ သို့သော် တရုတ်၏ ကုန်သွယ်မှုပိုငွေ များပြားလာပြီး အာဆီယံနိုင်ငံများ၏ တင်ပို့နိုင်မှုကျဆင်းလာကာ လိုငွေများလာသည်ကို တွေ့ရသည်။ ထိုတဘက်စောင်းနင်း ဖြစ်လာနေမှုကို ပြန်လည်တည့်မတ်ရန် အရေးတကြီးလို အပ်နေသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး Bradan Kelly နှင့် Shay  Wester တို့က ယင်းတို့၏ စာတမ်းတွင် အဓိကဦးတည်ရာလမ်းကြောင်း ၄ခုကို မီးမောင်းထိုးပြထားခဲ့သည်။

ယင်းတို့မှာ-

၁) တရုတ်ပို့ကုန်များ အာဆီယံနိုင်ငံများသို့ တင်သွင်းလာမှုများပြားလာခြင်း၊ အများစုမှာ Intermediate goods ဟုခေါ်သည့် အာဆီယံနိုင်ငံများရှိ စက်ရုံများအတွက် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုကုန်ပစ္စည်းများဖြစ်ခြင်း၊

Final goods ဟုခေါ်သည့် ကုန်ချောပစ္စည်းများ တင်သွင်းလာမှုလည်း များပြားလာခြင်းကြောင့် အာဆီယံနိုင်ငံများရှိ စက်ရုံအလုပ်ရုံများသည် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရန် တွက်ချေမကိုက်တော့သည့်အတွက် ပိတ်သိမ်းလာရခြင်း၊ အလုပ်အကိုင်များပါ ဆုံးရှုံးရခြင်း (ဥပမာ တရုတ် EVကားများ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာမှု များပြားလာမှုနှင့်အတူ ထိုင်းနိုင်ငံရှိ ကားပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ၊ မော်တော်ကားစက်ရုံများ ပိတ်သိမ်းလာရခြင်း)

၂) ဈေးအလွန်ပေါလွန်းသည့်  (Artificially low-pricedimports) သွင်းကုန်များ အာဆီယံနိုင်ငံများသို့ ဝင်ရောက်လာမှုကြောင့် အာဆီယံနိုင်ငံများမှ အခြားနိုင်ငံများသို့ ထိုသွင်းကုန်များ တင်ပို့နေသည့် ဈေးကွက်မရှိတော့ခြင်း၊ ထိုအချက်သည် အာဆီယံနိုင်ငံအားလုံး၏ စက်မှုကဏ္ဍတစ်ခုလုံးကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်လာခြင်း

တရုတ်ပြည်တွင်းရှိ စက်ရုံများမှ ပိုလျှံနေသည့် ချည်ထည်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ အာဆီယံနိုင်ငံများသို့ တင်သွင်းလာရာ ထိုတရုတ်သွင်းကုန်များနှင့် မယှဉ်ပြိုင်နိုင်တော့သည့်အတွက် ဈေးကွက်ပျက်လာပြီး စက်ရုံများပိတ်သိမ်းလာရခြင်း၊ ထိုပစ္စည်းများကို ဒေသတွင်းနှင့် ဒေသပြင်ပဈေးကွက်များသို့ပါ အာဆီယံနိုင်ငံများက တင်ပို့နိုင်ခြင်းမရှိတော့ခြင်း

၃) အမေရိကန်-တရုတ် ကုန်သွယ်မှုစစ်ပွဲ ပထမပိုင်းတွင် သန့်ရှင်းသည့်စွမ်းအင်ကဏ္ဍဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားကဲ့သို့ ကုန်ပစ္စည်းများနှင့် EV ကားများ ထုတ်လုပ်သည့် တရုတ်စက်ရုံများသည် အမေရိကန်၏ ကုန်သွယ်မှုအခွန် တိုးမြှင့်ကောက်ခံခြင်းကိုရှောင်ရန် အာဆီယံနိုင်ငံများ (အထူးသဖြင့် ဗီယက်နမ်နိုင်ငံ)သို့ ပြောင်းရွှေ့လာကြခြင်း

ထိုနေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများနှင့် EV ကားများကို တရုတ်နိုင်ငံက အများအပြားထုတ်လုပ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများမှ ကုမ္ပဏီများ မယှဉ်ပြိုင်နိုင်စေဘဲ ဈေးကွက်ကိုလွှမ်းမိုးထိန်းချုပ်ရန် ကြိုးပမ်းလာနေရာ ထိုကုန်သွယ်ရေး စစ်ပွဲသို့ အာဆီယံနိုင်ငံများပါ ဆွဲသွင်းခံရနိုင်ခြင်း

၄) အာဆီယံနိုင်ငံများမှတဆင့် တရုတ်ကုန်ပစ္စည်းများတင်ပို့မှုကို အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများက ပိုမိုစောင့်ကြည့်ကြပ်မတ်လာခြင်း တို့ဖြစ်သည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စီးပွားရေးနှင့် စတော့အိတ်ချိန်း အချက်အလက်များ ပြသထားသည့် LED ဆိုင်းဘုတ်ကို ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်က တွေ့ရစဉ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်း အပိုအခွန်များ ချမှတ်ကြောင်း ကြေညာပြီးနောက် အမေရိကန် စတော့ရှယ်ယာဈေးကွက်များ ကျဆင်းခဲ့သည်။ (ဓာတ်ပုံ − EPA)

တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများသို့ ချည်ထည်ပစ္စည်းများ၊ ပရိဘောဂများ၊ အစားအသောက်နှင့် အချိုရည်များတင်သွင်းမှု များလာသည့်အတွက် ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့ကိုလည်း စိုးရိမ်ပူပန်မှု ဖြစ်လာစေသည်။

အထူးသဖြင့် ချည်ထည်ကဏ္ဍတွင် ထိခိုက်မှုအများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၈၀,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားသည်။ နောက်ထပ် ၂၈၀,၀၀၀ ခန့်သည်လည်း ၂၀၂၅ခုနှစ်အတွင် ထပ်မံအလုပ်လက်မဲ့ ဖြစ်နိုင်သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ခန့်မှန်းထုတ်ပြန်ထားသည်။

ဗီယက်နမ်နိုင်ငံတွင်လည်း ဈေးပေါသည့် တရုတ်ကုန်ပစ္စည်းများကို အွန်လိုင်းမှ နေ့စဉ်တင်သွင်းမှုသည် ၅သန်းခန့် ရှိသည်ဟုသိရပြီး လစဉ် ဒေါ်လာ၂ဘီလီယံခန့်  တန်ဖိုးရှိသည်ဟုသိရသည်။ ဈေးပေါသည့် တရုတ်သွင်းကုန်များကြောင့် ထိုင်းနိုင်ငံရှိ စက်ရုံပေါင်း ၄,၃၀၀ ပြီးခဲ့သည့် ၂နှစ်အတွင်း ပိတ်သိမ်းခဲ့ရသည်။ ထိုစက်ရုံများတွင် ပရိဘောဂစက်ရုံများ၊ လျှပ်စစ်ပစ္စည်းစက်ရုံများ၊ အထည်အလိပ်စက်ရုံများနှင့် သံမဏိကဏ္ဍမှ စက်ရုံများလည်း ပါဝင်သည်ဟုသိရသည်။

တရုတ်နိုင်ငံတွင် သံမဏိထုတ်လုပ်မှု တစ်ခုတည်းတွင်ပင် နှစ်စဉ်တန်ချိန် သန်း ၁,၀၀၀ နီးပါး ထုတ်လုပ်နေသည်ဟု Economist Magazine က ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၇ရက် အပတ်ထုတ် စာစောင်တွင် ဖေါ်ပြခဲ့သည်။ ထိုထုတ်လုပ်မှု၏ ပို့ကုန်ပမာဏသည် တန်သန်း ၉၀ရှိပြီး ထိုပမာဏသည် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့ရှိ ကမ္ဘာကျော် Golden Gate တံတားအစင်းပေါင်း ၁,၀၀၀ ဆောက်လုပ်နိုင်သည်ဟု သိရသည်။

ထို့ကြောင့် ကျန်ဥရောပ၊ အမေရိက၊ အာရှရှိ သံမဏိထုတ်လုပ်သူများသည်လည်း တရုတ်ကို မယှဉ်ပြိုင်နိုင်တော့ဘဲ ဈေးကွက်လက်လွတ်ဆုံး ရှုံးရတော့မည်ဖြစ်သည်။ ထိုပြင်တရုတ်နိုင်ငံတွင်လည်း အိမ်ခြံမြေဈေးကွက် ပူပေါင်းပေါက်ပြီးကတည်းက ဆောက်လုပ်ရေးလုပ်ငန်း နည်းပါးလာရာ သံမဏိလိုအပ်ချက် လျော့နည်းလာနေသည်။ ပိုနေသည့် သံမဏိများကို အရှုံးခံရောင်းခြင်း၊ မည်သည့်ဈေးနှင့်မဆို ရောင်းလာနိုင်သည့် အခြေအနေလည်း ပေါ်ပေါက်လာသည်။ 

အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့ကို စိန်ခေါ်နေသည့် တရုတ်သွင်းကုန် နောက်တမျိုးမှာ ရေနံဓါတုပစ္စည်းများဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးမှုအတွက် အရေးပါသည့် ထိုကဏ္ဍသည် အင်ဒိုနီးရှားနိုင်ငံ ဂျီဒီပီ၏ ၁၀%၊ မလေးရှားနိုင်ငံ ဂျီဒီပီ၏ ၇%၊ ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၅%နှင့် စင်ကာပူနိုင်ငံ ဂျီဒီပီ၏ ၃%ရှိသည်။ ထိုနိုင်ငံများသို့

တရုတ်နိုင်ငံ၏ ရေနံဓါတုပစ္စည်းများ ဝင်ရောက်လာမှုသည် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး အာဆီယံနိုင်ငံများ၏ တရုတ်သို့ ရေနံဓါတုပစ္စည်းတင်ပို့မှု ပြိုပျက်သွားပြီဖြစ်သည်။

အလားတူ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ အာဆီယံနိုင်ငံများသို့ ဝင်ရောက်လာခြင်းသည်လည်း ကြီးမားသည့် လျှပ်စစ်ယန္တရားပစ္စည်းများ (Electrical machinery) ထုတ်လုပ်နေသည့် ထိုင်းနှင့်မလေးရှားတို့ကို ခြိမ်းခြောက်နေသည်။ နည်းပညာ အဆင့်မြင့်သည့် Semiconductor ထုတ်လုပ်သည့် စင်ကာပူ (ဂျီဒီပီ၏ ၇%)၊ မလေးရှား (ဂျီဒီပီ ၏၂၅%) နိုင်ငံများ၏ စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ထိုအချက်သည် ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရန် ပြင်ဆင်နေသည့် ထိုင်းနှင့်ဗီယက်နမ်တို့ အတွက်လည်း ခြိမ်းခြောက်မှုဟုဆိုရမည်။

တရုတ်နိုင်ငံ၊ ကျန်းဆူးပြည်နယ်၊ စီဟုန်ခရိုင်ရှိ အီလက်ထရွန်နစ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံတွင်းတစ်နေရာကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

တရုတ်ရင်းနှီးမြှုပ်နှံမှုများ၏ စိန်ခေါ်ချက်

အာဆီယံနိုင်ငံများသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုသည် တဖြည်းဖြည်းများပြားလာပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ၁၅ဘီလီယံကျော်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။ ထိုသို့ဝင်ရောက်လာမှုကို China Plus One ဟုလည်း ခေါ်သလို တရုတ်ပို့ကုန်များအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကိုရှောင်ရန် Offshoring လုပ်သည်ခြင်း သို့မဟုတ် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ထုတ်လုပ်ပြီး တင်ပို့လာကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ EV ကားစက်ရုံများ၊ ဆိုလာပြားထုတ်လုပ်သည့်စက်ရုံများ၊ လျှပ်စစ်ပစ္စည်း စက်ရုံများသည် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာဆီယံနိုင်ငံများသို့ ပြောင်းရွှေ့လာကြသည်ကိုလည်း တွေ့မြင်ရသည်။

သို့သော် တရုတ်စက်ရုံများသည် ထိုနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အားပေးခြင်းမျိုးမဟုတ်ဘဲ ရှိရင်းစွဲ ဆက်စပ်စက်ရုံများပင် ပိတ်သိမ်းရသည်အထိ ဖြစ်လာနေသည်။ ထိုင်းနိုင်ငံအတွင်း တရုတ် EV ကားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁.၅ဘီလီယံ ရှိခဲ့ပြီး ထိုအထဲတွင် ကမ္ဘာကျော် BYD (Build Your Dream) တရုတ်လျှပ်စစ် ကားကုမ္ပဏီလည်း ပါဝင်သည်။ ထိုင်းနိုင်ငံ ရေယွန် (Rayong)မြို့တွင် နှစ်စဉ်ကားအစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်သည့်စက်ရုံကို ၂၀၂၄ခုနှစ် ဇူလှိုင်လက ဖွင့်လှစ်ခဲ့သည်။

ပြဿနာမှာ အဆိုပါ တရုတ်စက်ရုံများသည် ပြည်တွင်းမှထုတ်လုပ်သည့် စက်ပစ္စည်းများ (Local contents)ကို မသုံးဘဲ ကားတပ်ဆင်ရန် လိုအပ်သည့်ပစ္စည်းများအားလုံးကို တရုတ်နိုင်ငံမှ တင်သွင်းလာခြင်းဖြစ်သည်။ ထို့ပြင် တရုတ် EV ကုမ္ပဏီများ အခြားနိုင်ငံများသို့ နည်းပညာလွှဲပြောင်းမပေးရန် တရုတ်အစိုးရက ဥပဒေဖြင့် ထိန်းချုပ်ထားသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် EV လျှပ်စစ်ကား ထုတ်လုပ်မှု၊ ဘက်ထရီ ထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာ မရရှိနိုင်တော့ပေ။

ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံဂျီဒီပီ၏ ၁၀%ရှိပြီး ပို့ကုန်စုစုပေါင်း၏ ၁၂%ရှိခဲ့သည်။ အလုပ်အကိုင် အများအပြား ဖန်တီးပေးထားသည့် ကဏ္ဍဖြစ်ပြီး ဂျပန်ကားကုမ္ပဏီများ ဖြစ်ကြသည့် တိုယိုတာ၊ ဆူဇူကီး၊ နစ်ဆန်းအစရှိသည့် ကုမ္ပဏီများက စက်ရုံများထူထောင်ပြီး ပြည်တွင်းဈေးကွက်နှင့် ပြည်ပတင်ပို့မှုများအတွက်ပါ နှစ်ပေါင်းများစွာ အရေးပါသည့်နေရာတွင် ရှိနေခဲ့သည်။

ယခု တရုတ် EVလျှပ်စစ်ကားများ တင်သွင်းလာခြင်းသည် ရှိရင်းစွဲ ကားစက်ရုံများ၏ ဈေးကွက်ကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားပြီး အချို့ကားစက်ရုံများ  ပိတ်သိမ်းခဲ့ရသည်။ တရုတ် EVလျှပ်စစ်ကား ထုတ်လုပ်သူများသည် အထက်တွင် ဖော်ပြသကဲ့သို့ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းထုတ် ပစ္စည်းများကိုမသုံးဘဲ တရုတ်နိုင်ငံမှပစ္စည်းများကိုသာ တင်သွင်းထုတ်လုပ်ကြခြင်းကြောင့် ထိုနိုင်ငံများ၏ စက်မှုကဏ္ဍအတွက် အကျိုးမရှိချေ။ သတင်းမီဒီယာများ၏ တင်ပြချက်အရ ထိုင်းနိုင်ငံရှိရှိ ဂျပန်နှင့် ဖက်စပ်ကားစက်ရုံ တစ်ဒါဇင်ခန့် ပိတ်သိမ်းခဲ့ရသည်ဟု သိရသည်။ 

၂၀၂၅ ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ကားပြပွဲတွင် BYD ၏ Sealion 7 EV လျှပ်စစ်ကားကို သိုင်းပြကွက်များနှင့် ကြော်ငြာနေပုံ (ပုံ-Roslan RAHMAN / AFP)

ယခုအခါ တရုတ်ပို့ကုန်များကို အိမ်နီးချင်းနိုင်ငံများမှတဆင့် အမေရိကန်သို့ ထုတ်လုပ်တင်သွင်းလာသည်ကို ထရမ့်အစိုးရက ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံရာမှ အာဆီယံနိုင်ငံများအတွက် အခက်အခဲစိန်ခေါ်မှု ထပ်မံပေါ်ပေါက်လာသည်။ အမေရိကန်သို့ တရုတ်နိုင်ငံထုတ် ဆိုလာပြားများ အာဆီယံမှ တဆင့်တင်သွင်းမှုသည် စုစုပေါင်းတင်သွင်းမှု၏ သုံးပုံနှစ်ပုံရှိခဲ့သည်ဟု ၂၀၂၃ခုနှစ် စာရင်းများအရ သိရသည်။

အမေရိကန် သမ္မတ ဘိုင်ဒင်လက်ထက်မှာပင် ထိုဆိုလာပြားများ အာဆီယံမှတင်သွင်းမှုအပေါ် အခွန်၂၁%မှ ၂၇၁%ထိ စည်းကျပ်ရန် အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဥရောပသမဂ္ဂ နိုင်ငံများကလည်း တရုတ်ပို့ကုန်များ အခြားနိုင်ငံများမှတဆင့် တင်ပို့လာခြင်းကို ကန့်သတ်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် အာဆီယံနိုင်ငံများမှထုတ်လုပ်သည့် တရုတ်ကုန်ပစ္စည်းများ အခြားဈေးကွက်သို့တင်ပို့ရန် အခက်အခဲများ ဖြစ်လာခဲ့သည်။ ထိုအချက်သည် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းနှင့် တရုတ်ထုတ်လုပ်မှု ကွင်းဆက်ဖြင့် ပေါင်းစပ်ခြင်း၏ စိန်ခေါ်မှုများဖြစ်သည်။

ထို့ကြောင့် အာဆီယံနိုင်ငံများသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် ကြားမညှပ်ရန် ကြိုးစားရမည်ဖြစ်သည်။ တဘက်တွင်လည်း တရုတ်၏စီးပွားရေးအင်ပါယာချဲ့ထွင်လာမှု၊ ဈေးကွက်ထိန်းချုပ်လာမှုတို့ကို ဝိုင်းဝန်းတုန့်ပြန်ရန် အပူတပြင်း လိုအပ်လာနေသည်။

Related Articles

Back to top button