အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ္မတီးသပိတ်စစ်ကြောင်းတွင် ရိုက်နှက်ဖမ်းဆီးခံရသူ ၁၇ ဦးကို ခံဝန်ဖြင့်လွှတ်

ကချင်ပြည်နယ် နမ္မတီးမြို့တွင် ယနေ့ (မတ် ၂၂) နံနက် ၉ နာရီက စတင်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းဖက်ဖြိုခွင်းခံရစဉ် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူ ၁၇ ဦးကို ခံဝန်ထိုးခိုင်းပြီး ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

လူဦးရေ ၅၀၀ ခန့်ပါသည့် ဆန္ဒပြပွဲစတင်ပြီး မိနစ်ပိုင်းအကြာတွင် စစ်ကားငါးစီးဖြင့် ရဲနှင့် စစ်သား ၇၀ ခန့် ရောက်လာပြီး သေနတ်တစ်ချက်ပစ်ဖောက်ကာ နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကာ ပညာရေးဝန်ထမ်းအပါအဝင် ဖမ်းမိသူများကို နောက်ပြန်ကြိုးတုပ်ကာ နမ္မတီးနယ်မြေရဲကင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုထက်ကျော်လင်းက Myanmar Now ကို ပြောသည်။

“လှည့်နေတဲ့အချိန်မှာ စစ်ကား၊ ရဲကားတွေက ကျွန်တော်တို့ သပိတ်စစ်ကြောင်းအနောက်ကနေ လိုက်ပြီးတော့ နည်းနည်းချောင်ကျတဲ့နေရာမှာ အနောက်ကနေ နံပါတ်တုတ်နဲ့ ရိုက်ပြီးတော့ သေနတ်တွေနဲ့ ဖောက်ပြီးတော့ ဖမ်းသွားတာ” ဟု ၎င်းက ပြောသည်။

ဆူပူဆန္ဒပြသဖြင့် ဖမ်းဆီးခဲ့ခြင်းဟု ရဲစခန်းတာဝန်ရှိသူများက အကြောင်းပြသည်ဟု အဖမ်းခံထားရသူများပြန်လည်လွတ်မြောက်ရေး အမှုလိုက်ပါကူညီဆောင်ရွက်ပေးသော ရှေ့နေ ဦးအောင်ကျော်သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းသို့ အဖမ်းခံရသူများကို ရဲအချုပ်အတွင်း နာမည်၊ နေရပ်နှင့် မှတ်ပုံတင်နံပါတ်များ စစ်မေးကာ ၃ နာရီခန့်အကြာတွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခံဝန်က အဓိကက နောက်တစ်ခေါက်ကို လူစုလူဝေးနဲ့ ဆန္ဒမပြဖို့ပါ။ ဒါပေမယ့် ပါမှာပေါ့။ နဂိုကတည်းကလည်း သိရဲ့သားနဲ့ ဒီကဟာ(ဆန္ဒပြခြင်း)ကို ဆက်လုပ်ခဲ့တာကို” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ 

စစ်တပ်နှင့် ရဲများက အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ရက်များတွင်လည်း ဆန္ဒပြမှုများကို ဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဟုလည်း အဆိုပါက အမျိုးသမီးက ပြောသည်။ 

နမ္မတီးမြို့တွင် ဆန္ဒပြလူစုများပြုလုပ်ပါက KIA အဖွဲ့က ဗုံးခွဲခြင်း၊ နေအိမ်များမီးရှို့ခြင်းပြုလုပ်ရန် စီမံနေဟုဆိုကာ ဆန္ဒပြမှုများတွင် ပြည်သူများမပါဝင်ရေး ခြိမ်းခြောက်ဝါဒဖြန့်သည့် ကြေညာစာကို စစ်တပ်နှင့် ရဲများက ယမန်နေ့(မတ် ၂၁)ည ၈ နာရီခွဲ၌ နမ္မတီးမြို့ဓာတ်မီးတိုင်များတွင် ကပ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်နှင့် ရဲ ပေါင်းပြီး စစ်ကားတစ်စီး၊ အိမ်စီးကား Probox တစ်စီးနဲ့ လိုက်ကပ်တာ။ ဒီမြို့မှာက KIA မိသားစုတွေများတော့ တစ်ခုခုလုပ်ချင်ပုံရတယ်” ဟု ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။

နမ္မတီးမြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအနီးတွင် ရှိနေသည့်အပြင် ယနေ့အကြမ်းဖက်ဖမ်းဆီးခံလိုက်ရသော လမ်းခွကျေးရွာသည်လည်း KIA အဖွဲ့၏ မိသားစုဝင် အများဆုံးနေထိုင်သော ကျေးရွာတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် မြစ်ကြီးနားနှင့် ဖားကန့်တို့မှ ပြည်သူသုံးဦး ကျဆုံးခဲ့ပြီး မတ်လ ၁၁ မှစ၍ စစ်တပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများလည်း ရှိသည်။ 

အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို တော်လှန်ဆန္ဒပြသူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်လျက်ရှိပြီး ပြည်သူအချို့၏ နေအိမ်များကိုလည်း အကြောင်းပြချက်မရှိ ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးလျက်ရှိသည်။

ယမန်နေ့(မတ် ၂၁)က နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီက ပစ်သတ်မှုကြောင့် ကျဆုံးသူ ၂၅၀ ဦးရှိပြီး ဖမ်းဆီး၊ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံထားရသူ (၂၆၆၅) ဦးထိရှိလာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles