
လှေငယ်လေးအတွင်းမှ ဒဏ်ရာရစစ်သားကို အလျင်စလိုလက်များက ဆွဲထုတ် ပွေ့ချီလိုက်ကြသည်။ လှေငယ်၏ သံပြားကြမ်းခင်းပေါ်တွင် သွေးများအိုင်ထွန်းနေသည်။ စစ်သား၏ ဦးခေါင်းကို စည်းနှောင်ထားသည့် ပတ်တီးမှာ သွေးချင်းချင်းနီနေသည်ကို ကြည့်၍ ဒဏ်ရာအတော်ပြင်းထန်သည်ကို သိနိုင်သည်။
ခရီးဆက်ရန် သစ်သားခုံတန်းပေါ်တွင် စောင့်နေကြသော ခရီးသည်များက နေရာဖယ်ပေးရာ၊ ထိုသစ်သားခုံတန်းပေါ်သို့ ဒဏ်ရာရစစ်သားကို ဆေးတပ်သားများနှင့် အကူအညီပေးနေသူများက မချီနေရာချပေးလိုက်သည်။ သူ့လက်ညှိုးပေါ်တွင် အောက်ဆီဂျင်တိုင်းတာသည့် စက်ငယ်ကို တပ်ဆင်ပေးလိုက်ပြီး၊ သွေးပေါင်ကိုချိန်သည်။ လူနာကို ဒေသတွင်း ဆေးရုံသို့ အမြန်ပို့ရန် အလျင်စလို ခွင့်တောင်းနေသော ဆေးတပ်သား၏ အသံနှင့် ပတ်တီးဖြူဖြူမှ ယိုစိမ့်ကျလာသော သွေးများက အရေးပေါ် အခြေအနေဖြစ်ကြောင်း မပြောဘဲ သိစေနိုင်သည်။
ဒဏ်ရာရထားသူသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်သားတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့၏ ပူးတွဲ အုပ်ချုပ်မှုအောက်တွင် လှုပ်ရှားနေကြရာ၊ ထိုအထဲတွင် ကျားဖြူ၊ ကျားသစ်နက်၊ Venomနှင့် ကော်ဘရာ စစ်ကြောင်းများလည်း ပါ၀င်သည်။
စစ်တပ်အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ခုနှစ်၊ မေလတွင် PDF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စတင်ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လက်နက်မပါသော ပြည်သူများကို စစ်အစိုးရက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လေးနှစ်တာကုန်ဆုံးပြီး ယခုအချိန်ထိပင် နိုင်ငံတ၀န်းရှိ PDF အဖွဲ့များသည် အရပ်သားအစိုးရ အာဏာပြန်ရရန် ဆက်လက်တိုက်ပွဲ၀င်လျက် ရှိသည်။
ဒဏ်ရာရစစ်သားကို ဒေသတွင်းရှိ ထိုင်းဆေးရုံသို့ ပို့ဆောင်ရန် မော်တော်ယာဥ်တစ်စီးကို စောင့်နေစဥ်၊ PDF တိုက်ခိုက်ရေး ဆေးတပ်သားအချို့က ရှေ့တန်းဆေးခန်းများတွင် လိုအပ်သည့် ဆေးပစ္စည်းများကို လှေငယ်ပေါ်သို့ တင်သည်။
စက္ကူဂျပ်ဖာများနှင့် အမဲရောင် အမှိုတ်အိတ်များထဲ ထုပ်ပိုးထားသည့် ဆေးပစ္စည်းများကို လှေပေါ်ရှိ ခရီးသည်များ၏ အလေးချိန်နှင့် မျှမျှတတဖြစ်အောင် သေချာစွာ နေရာချသည်။ လှေမစောင်းဘဲ ညင်ညင်သာသာ သွားနိုင်ရန်ဖြစ်သည်။ အချို့သော ဖိနပ်မပါသည့် ခြေဖ၀ါးများသည် လှေပေါ်တွင် အိုင်ထွန်းနေသော သွေးများကို ကွေ့ရှောင်မနိုင်သောကြောင့် သွေးချင်းချင်းနီလျက်ရှိသည်။
ရေအောက်တွင် မြှုပ်နေသော ကျောက်တုံးများနှင့် သစ်တုံးများကို ၀ှေ့ကာ၀ိုက်ကာ ရှောင်ရှားရင်း၊ လှေသမားသည် တစ်ဘက်ကမ်းရှိ လှေဆိုက်ရာနေရာသို့ ဦးတည်မောင်းနှင်လာသည်။ လှေဆိပ်တွင် ကုန်ပစ္စည်းများ၊ ပြန်လာမည့် လုပ်ဖော်ကိုင်ဖက်များနှင့် ရွာသားများကို ဖုန်တလူလူကြား အသီးသီးစောင့်နေကြသည့် ကားငယ်များလည်းရှိသည်။
လှေဆိုက်သည်နှင့် ခရီးသည်များသည် ဖုန်တလူးလူးရှိသော ပစ်ကပ်ကား တစ်စီးပေါ်သို့ တက်လိုက်ကြပြီး၊ ကုန်ပစ္စည်းများကိုလည်း ကားပေါ်သို့ ရွှေ့ပြောင်းတင်လိုက်ကြသည်။ လက်နက်အပြည့် ကိုင်ဆောင်ထားသော PDF တပ်သားများသည် မတ်တပ်ရပ်သူကရပ်၊ ဆောင့်ကြောင့်ထိုင်သူကထိုင်၊ ဆေးပေါ့လိပ်ဖွာသူကဖွာနှင့် စကားတပြောပြောရှိကြသည်။ အခြားသူများမှာမူ ကုန်ကားများ ကမ်းနားမှ အဆင်ဆင်ပြေပြေခွာနိုင်ရန် ညွှန်ကြားရင်း အလုပ်များလျက်ရှိသည်။ ထိုပြတ်တောင်းတောင်းအသံများသည် လက်ကိုင်ရေဒီများမှ ထွက်လာသည့် တရှဲရှဲမြည်သံများနှင့် ရောပြွမ်းလျက်ရှိသည်။
ကျွန်တော်တို့စီးမည့်ကားပေါ်သို့ ဆေးပစ္စည်းများကို တင်ပြီးနောက်၊ တိုက်ခိုက်ရေး ဆေးတပ်သားသုံးဦး တက်လိုက်ပြီဖြစ်ရာ ကမ်းနားမှ ထွက်ခွာရန် အဆင်သင့်ဖြစ်ပြီဖြစ်သည်။ ကားထွက်မည့် ဆဲဆဲတွင် လက်နက်အပြည့်နှင့် စစ်သားလူငယ်နှစ်ဦး ကားနောက်မှ ခုန်တက်လာပြီး တိုးထိုင်လိုက်ကြသည်။ သူတို့၀တ်ဆင်ထားသော ယူနီဖောင်းပေါ်ရှိ ကျားသစ်နက် အမှတ်အသားကိုကြည့်၍ ဘယ်PDF အဖွဲ့မှ ဖြစ်ကြောင်းသိနိုင်သည်။
ကားစတီယာရင် ကျိုးလောက်အောင် မောင်းနှင်ရသည့် ကျောက်တုံးများ ပြည့်နှက်နေသော မြစ်ကမ်းပါးသဲသောင်ပြင်နှင့် တောတွင်းလမ်းတို့ကို ကျွန်တော်တို့ ဖြတ်ကျော်မောင်းနှင်လာခဲ့သည်။ အလွန်ကို ကျဥ်းမြောင်းလွန်းလှသည့် လမ်းများက ကားမောင်း၍ မရနိုင်အောင်ပင်။ ခရီးတစ်လျှောက်တွင် လူသူကင်းမဲ့နေသည့် လေးကေ့ကော် ရွာကလေးကို ကျွန်တော်တို့ ဖြတ်ခဲ့ရသည်။
၂၀၂၁ နှစ်ဦးပိုင်းအချိန်က ထိုရွာလေးသည် မြို့ကြီးများမှ ထွက်ပြေးလာကြသည့် လူများအတွက် ဘေးကင်းလုံခြုံစွာ နားခိုနိုင်သည့် နေရာဖြစ်ခဲ့သည်။ သို့သော်လည်း ထိုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု မိမိကိုယ်ကို အမွမ်းတင် ခေါ်ဆိုသည့် အာဏာရှင် စစ်ကောင်စီက သူ့လက်ခုပ်မှ ထွက်ပြေးသည့်သူများကို လက်နက်ကြီးများ၊ လေကြောင်းမှ ဗုံးကြဲမှုများပြုလုပ်၍ ဖြိုခွင်းခဲ့သည်။ စိမ်းစိုသည့် တောတွင်း နွယ်မြက် သစ်ပင်များမှာ ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးအပိုင်း အစများနှင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ ထိချင်သူထိဟု နေရာအနှံ့ မြှုပ်ထားခဲ့သော မြေမြုပ်မိုင်းများသည်လည်း သွေးဆာဆာနှင့် ထိခိုက် သတ်ဖြတ်ရန် ကံခေသူ တစ်ဦးဦးကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
နေ့လည်စာ စားရန် တောင်စောင်းဘေးရှိ ရွာလေးတစ်ရွာတွင် ကျွန်တော်တို့ ရပ်နားလိုက်ကြသည်။ ထိုစဥ်တွင် မြစ်အကူးတွင်တွေ့ခဲ့သည့် သွေးထွက်လွန်နေသော စစ်သားပျို သေဆုံးသွားပြီ ဖြစ်ကြောင်း စိတ်မကောင်းစရာ သတင်းစကား ကြားရသည်။ သူ၏ စျာပနကို စီစဥ်နေသည့် PDF ရဲဘော်ရဲဘက်တစ်ဦးက ဒရုန်းမှ ကြဲချသော ဗုံးစ သူ့ခေါင်းကို ထိမှန်သွားခဲ့ကြောင်း ရှင်းပြသည်။
ယခင်က ရဟတ်ယာဥ်များ၊ ဂျက်လေယာဥ်များ၊ အမြောက် လက်နက်ကြီးများနှင့် သံချက်ကာ ကားများ ပြည့်စုံသည့် စစ်အာဏာရှင်ကို လက်လုပ် လက်နက်မျိုးစုံနှင့် ခေတ်ဟောင်းသေနတ်များသာ ကိုင်နိုင်သော PDF များက ယှဥ်နိုင်ရန် မျှော်လင့်ချက် သိပ်မရှိဟု “ပြင်ပ ကျွမ်းကျင်သူများ” ထင်ကြေးပေးခဲ့ကြသည်။ ထိုသည်မှာ တက်တက်စင်အောင် မှားယွင်းကြောင်း ယခု သက်သေပြလိုက်နိုင်ပြီဖြစ်သည်။
ယာဥ်မောင်းများ၊ ဗိသုကာ ပညာရှင်များ၊ အနုပညာရှင်များ၊ ကျောင်းသားများ၊ ဆရာ၀န်များ၊ သူနာပြုများ၊ ကျောင်းဆရာ ဆရာမများ၊ စျေးဆိုင်ပိုင်ရှင်များ၊ ဒစ်ဂျစ်တယ် ဖန်တီးရှင်များ၊ လယ်သမားများနှင့် အစိုးရ၀န်ထမ်းများ အစရှိသည့် နယ်ပယ် အသီးသီးမှ လာသည့် ကာကွယ်ရေးတပ်မတော်မှ တပ်သားများသည် စိတ်ဓာတ်တက်ကြွသည့် လက်နက်မရှိ တပ်သားသစ်များ အဖြစ်မှ တည်ငြိမ်ရင့်ကျက်၍ အတွေ့အကြုံပြည့်၀သော တိုက်ခိုက်ရေးသမားများအဖြစ် အစွမ်းရှိထိရောက်သော တိုက်ခိုက်ရေးတပ်များတွင် တာ၀န်ထမ်းဆောင် နေပြီဖြစ်သည်။

တပ်သားသစ်များသည် စစ်တပ်စည်းမျဥ်း စည်းကမ်းများနှင့် ဖွဲ့စည်းပုံကို လေ့လာသင်ယူရန် ကရင်ပြည်နယ်သို့ လာရောက်ခဲ့ကြသည်။ ပြောက်ကျားစစ်ဆင်ရေးတွင် ပြောင်မြောက်သည်ဟု ကျော်ကြားသော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံတွင် ခိုလှုံ၍ စစ်ပညာများ စည်းပူးခဲ့ကြခြင်းဖြစ်သည်။
စစ်သင်တန်းတွင် လေ့ကျင့်မှုများ ခက်ခဲသလို၊ နေထိုင်စားသောက်ရာတွင်လည်း အဆင်မပြေမှုများစွာ ရှိခဲ့သည်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ကိုးဗစ်-၁၉ အစရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ၀ေဒနာများနှင့် အစားအသောက် နေရာထိုင်ခင်း ချို့တဲ့မှုများကို ခါးဆီးခံကြရသည်။ ထို့အပြင်တပ်သားသစ်အများစု ယခင်ကမတွေ့ကြုံဖူးသည့် မုတ်သုံရာသီ ရေကြီးမှုများနှင့် အာအင်းကုန်ခမ်း ဆုတ်ယုတ်စေသော ပူပြင်းလွန်းလှသည့် တောတွင်းရာသီဥတုများကို ကြံ့ကြံ့ခံရကြပြန်သည်။
နိုင်ငံတွင်း အခြားဒေသများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း ထိုနည်းလည်းကောင်း စစ်သင်တန်းများ၊ ထောက်ပံ့မှုများကို ပေးကြသည်။ သို့ပေသည့် နိုင်ငံအနှံ့ စစ်ဆင်ရေးများလုပ်နေသည့် PDF အဖွဲ့များ၏ အောင်မြင်မှု အဓိက သေ့ာချက်မှာ အာဏာရှင်စစ်အစိုးရ တကျော့ပြန်လာသည်ကို လက်မခံနိုင်သည့် မျိုးဆက်တစ်ဆက်၏ ပြင်းပြပြတ်သားသော သံမဏိစိတ်ဓာတ်ပင် ဖြစ်ပါသည်။
ဘုံရန်သူကြောင့် စည်းလုံးမိခြင်း
KNLA မှ ဗိုလ်မှူးချုပ် မန်းရှာထူး၀ေါ်ကမူ ၎င်းတို့အဖွဲ့သည် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါ၀င်ခဲ့သည် ပြည်သူ့၀န်ထမ်းများနှင့် အာဏာရှင်စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုမှ ထွက်ပြေးလာရသော လူများအားလုံးအတွက် ခိုလှုံရာနေရာတစ်ခု ပေးရန် လက်မနှေးခဲ့ဟု ဆိုသည်။
“ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ CDM မှာ ပါတဲ့သူတွေ၊ သတင်းထောက်တွေ၊ သာမန်ပြည်သူတွေ စတဲ့ လူပေါင်းစုံ အကာကွယ်ရဖို့ ဒီကို လာကြတယ်။ သူတို့အကုန်လုံးကို ကျွန်တော်တို့ ထမင်းကျွေးတယ်၊ နေထိုင်စရာပေးတယ်။ မြန်မာလူမျိုးတွေက တိုင်းရင်းသားလူမျိုးတွေ ဘယ်လောက်ဆိုးလဲဆိုတဲ့ စစ်အာဏာရှင်ရဲ့ ၀ါဒမှိုင်းတိုက်တာကို ခံခဲ့ရတဲ့သူတွေပါ။ ဒီလို၀ါဒမှိုင်းအတိုက်ခံထားရတာတောင်မှ ၂၀၂၁ ခုနှစ်အလွန်မှာ ကျွန်တော်တို့ရဲ့ အကာအကွယ်အရိပ်အောက်မှာ ခိုလှုံဖို့ ရောက်လာကြတဲ့ သူတွေ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်” ဟု သူကဆိုသည်။
အာဏာသိမ်းသည့် ဖြစ်စဥ်နှင့် နောက်ဆက်တွဲ အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ရပ်များကြောင့် အများပြည်သူတို့သည် ရန်သူအစစ်အမှန်မှာ ဘယ်သူဖြစ်သည်ကို သဘောပေါက်သွားကြကြောင်း ဗိုလ်မှူးချုပ် မန်းရှာ ကပြောသည်။
“စစ်ကောင်စီက ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်တာ၊ ထောင်ကျတာကို မြန်မာလူမျိုးတွေ မျက်၀ါးထင်ထင် မြင်ခဲ့ရတယ်။ ဒါက တိုင်းရင်းသားလူမျိုးတွေ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို မြန်မာတွေ သဘောပေါက်သွား စေပါတယ်။ ဒါက ဘုံရန်သူကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကျွန်တော်တို့ကို စည်းလုံးသွားစေပါတယ်။”
မိမိ၏ နေအိမ်၊ အလုပ်အကိုင်နှင့် မိသားစုကို မလွှဲမသာ စွန့်ခွာခဲ့ရပြီး အသက်အန္တရာယ်လုံခြုံရန် တောတောင်များကြား ပုန်းခိုနေရသည့် သူများ၏ အမျက်ဒေါသက ထောင်ပေါင်းများစွာသော တော်လှန်ရေး ရဲဘော်များကို မွေးထုတ်ပေးခဲ့သည်။ ထိုမှတစ်ဆင့် နိုင်ငံရေးအသိများ ပိုရှိလာကာ မိမိတို့ ဘာအတွက် တိုက်ပွဲ၀င်နေရသည်ကို သိနားလည်မှုပိုရှိလာကြသည်ဟု သူကဆိုသည်။
“အစကတော့ လူငယ်တွေက တော်လှန်ရေးကို လုပ်ချင်တယ်ဆိုတာပဲသိတယ်။ အခုတော့ တော်လှန်ရေးကို ဘာကြောင့် လိုအပ်သလဲဆိုတာ သူတို့တွေ သိမြင်သွားကြပြီ။ နယ်ပယ်စုံက လူငယ်တွေ ဒီလို တော်လှန်ရေးမှာ ၀င်ရောက်တိုက်ပွဲ၀င်ကြတာကို ကျွန်တော်မြင်ရတာ အရမ်းကို ဂုဏ်ယူမိပါတယ်။
ဒါပေမယ့် နိုင်ငံရေးဦးတည်ချက်မရှိဘဲ ဒီလိုပဲတိုက်ခိုက်လိုက်တာက အရမ်းကို အပျက်သဘော ဆောင်ပါတယ်။ ဒါက စစ်ကောင်စီနဲ့ ကျွန်တော်တို့ကြားက ခြားနားချက်ပါပဲ။ ကျွန်တော်တို့တွေ တိုက်ပွဲ၀င်နေတာ ကျွန်တော်တို့ရဲ့ တိုင်းပြည်အတွက်၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဘယ်သူမှလည်း မတားဆီးနိုင်သလို၊ ကျွန်တော်တို့ကလည်း အနိုင်ရသည်အထိ ဆက်လက်တိုက်ပွဲ၀င်သွားမှာပါ။”
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တက်ကြွသော လူငယ်များအပြင်၊ ဆေးပညာတတ်ကျွမ်းသည့် ဆရာ၀န်များမှအစ ဒရုန်းနည်းပညာကို ပိုင်နိုင်သည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များလည်း ပါ၀င်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဦးဆောင်မှုအောက်တွင် ကာကွယ်ရေးတပ်မတော်သားများ နိုင်ငံအနှံ့ စစ်ဆင်ရေးများ လုပ်ဆောင်နေကြသည်။ အာဏာရှင်စစ်အစိုးရကို ဆန့်ကျင်တော်လှန်ရင်း စစ်ကောင်စီတပ်မတော်သားများကို ချေမှုန်း၍ စစ်စခန်းများကို သိမ်းပိုက်ကာ လက်နက်ခဲယမ်းများနှင့် ယာဥ်များကို သိမ်းယူသည်။ မသယ်ယူနိုင်သည့် ပစ္စည်းအားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ယခုမူ တော်လှန်ရေး ဘက်တော်သားများသည် ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယတို့နှင့် ဆက်စက်နေသော မြန်မာနယ်စပ်တစ်လျှောက်ရှိ မြို့များနှင့် ကျယ်ပြန့်သော နယ်နိမိတ်များစွာကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော လက်နက်ကိုင် ပဋိပက္ခ တည်နေရာနှင့် ဖြစ်ရပ် အချက်အလက်များ (Armed Conflict Location and Event Data)၏ ၂၀၂၄ခုနှစ် နို၀င်ဘာလအထိ စာရင်းများအရ အာဏာရှင် ဆန့်ကျင်သည့် တော်လှန်ရေး အဖွဲ့များသည် အနည်းဆုံး မြို့ပေါင်း ၈၀ နှင့် စစ်စခန်းပေါင်း ၂၀၀ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်။
ထိုအထဲတွင် အာဏာသိမ်းစစ်တပ်၏ အဓိက တိုင်းစစ်ဌာချုပ် ၁၄ခုတွင် တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ရှိသော တိုင်းစစ်ဌာနချုပ်ကြီးလည်း ပါ၀င်သည်။ နောက်ပိုင်းတွင် စစ်အာဏာရှင်၏ နောက်ထပ် တိုင်းစစ်ဌာချုပ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဌာနချုပ်သည်လည်း တော်လှန်ရေးတပ်များလက်အောက် ကျရောက်သွားသည်။

အများပြည်သူကို နိုင်ငံတော်၏ရန်သူအဖြစ် ဆက်ဆံခြင်း
မြေပြင်စစ်ရှုံးမှုများကို တုံ့ပြန်သည့် အနေဖြင့် စစ်ကောင်စီသည် အကြမ်းဖက် စီးနင်းမှုများနှင့် ပုံကြီးချဲ့ထားသည့် အကြမ်းဖက်ပုဒ်မများတပ်ပြီး အရပ်သားများကို ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသလို၊ တိုက်ပွဲဖြစ်နေသည့် နေရာများတွင်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှုပ်မိုင်းများ ပိုမိုသုံးလာရာ အရပ်သား သေဆုံးမှု ဦးရေ အဆမတန် မြင့်တက်လာသည်။ ထို့အတူ ၎င်းတို့၏ တပ်သားအရေအတွက်သည်လည်း ကျဆင်းလာခြင်းကြောင့် စစ်သည်အင်အား ပြန်ဖြည့်ရန် စစ်မှုထမ်းဥပဒေကို ယမန်နှစ်တွင် ပြဌာန်းခဲ့သောကြောင့် တိုင်းသူပြည်သားများမှာ တစ်ပူပေါ်နှစ်ပူဆင့်၍ သောကဗျာပါဒ ပွားနေကြရသည်။
စစ်ကောင်စီသည် မြန်မာပြည်သူများကို သူ၏ ရန်သူအဖြစ်သတ်မှတ်ပြီး၊ အာဏာရပြီးသည့် အချိန်မှစ၍ ပြည်သူလူထု အပေါ် ရက်စက်သည့် စစ်ဆင်ရေးများ ဆက်တိုက်လုပ်လာသည်။ ဤသည်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ယုံကြည်ရသော အဖွဲ့အစည်း အရင်းအမြစ်ပေါင်းစုံမှ စုဆောင်းထားသော အချက်အလက်များက သက်သေထူနေသည်။ ဆိုရှယ်မီဒီယာပေါ်တွင် စစ်အာဏာရှင်ကို ၀ေဖန်သည့် စာများကို နှစ်သက်ကြောင်း လက်မထောက်ပြ (လိုက်ခ် ပေးခြင်း) သည်ပင် နှစ်ရှည် ထောင်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဖြစ်သည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- မြန်မာ (AAPP)က စုဆောင်းထားသော လတ်တလော အချက်အလက်များအရ အာဏာသိမ်းပြီးချိန်မှစ၍ စစ်အာဏာရှင်သည် လူပေါင်း ၂၈,၄၀၅ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ထိုအထဲတွင် အမျိုးသမီး ၅,၈၉၂ ဦးနှင့် ကလေးငယ် ၅၉၄ ဦးတို့ပါ၀င်သည်။
ထိုအတောအတွင်း စစ်အာဏာရှင်သည် အနည်းဆုံး အရပ်သား စုစုပေါင်း ၆,၂၂၄ ယောက်ကို သတ်ဖြတ်ခဲ့ပြီး၊ ၎င်းတို့အနက် ၇၁၁ ဦးမှာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များဖြစ်သည်။ သို့သော်လည်း အဖွဲ့မှ အတည်ပြုပေးရန်ကျန်သေးသည့် သေဆုံးမှုပေါင်း အနည်းဆုံး ၂,၉၀၀ ရှိနေသေးသည်ဖြစ်ရာ၊ အမှန်တကယ် သေဆုံးမှု အရေအတွက်မှာ လက်ရှိအတည်ပြုပြီးသည့် အရေအတွက်ထက်များစွာ ကျော်လွန်နိုင်ပါသည်။
အာဏာသိမ်း စစ်တပ်သည် ထောင်ပေါင်းများစွာသော မြေမြှုပ်မိုင်းများကို နိုင်ငံအနှံ့ ဖြန့်ကျက်မြှုပ်နှံထားခဲ့သည်။ ထိုမိုင်းမြှုပ်ထားသောနေရာများတွင် ပြည်သူများကို ထိခိုက်နိုင်မည့် ရာနှုန်းများသော လူသွားလမ်းများ၊ ရွာများ၊ စပါးခင်းများနှင့် ဘုရားကျောင်းများလည်း ပါ၀င်သည်။ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁,၀၀၃ ဦးရှိသော မြန်မာနိုင်ငံကို မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာ အဖွဲ့ (ICBL)က မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှုများတွင် ကမ္ဘာ့အဆိုးဆုံးနိုင်ငံအဖြစ် ၂၀၂၃ခုနှစ်တွင် စာရင်းသွင်း ခဲ့သည်။
နှစ်ဘက် အားပြိုင်ရာ ပဋိပက္ခဖြစ်ပွားနေသည့် နေရာကို ဖြတ်သန်းမောင်းနှင်စဥ် စစ်အာဏာရှင်၏ ဘယ်သူ့ကိုမျှ မထောက်ထားပဲ သိမ်းကြုံး ဖျက်ဆီးဖြိုခွင်းခဲ့သည့် လုပ်ရပ်များကို သက်သေခံနေသော အထောက်အထားများစွာကို မြင်ခဲ့ရသည်။ အမြောက်လက်နက်ကြီးများ၊ ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်များ၊ ထောက်ပို့ လေယာဥ်များနှင့် ဒရုန်းများ စသည်တို့ကို လိုသလို သုံး၍ အာဏာသိမ်း စစ်တပ်သည် စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ သာသနာ့ အဆောက်အအုံးများနှင့် လူနေအိမ်များကို စိစိညက်ညက် ချေမွဖျက်ဆီးခဲ့သည်။ ထိုနေရာအားလုံးတွင် စစ်ရေးပစ်မှတ်ဟု သတ်မှတ်လောက်သည့် နေရာတစ်ခုမျှ မပါခဲ့ပါ။
လန်ဒန်မြို့ အခြေစိုက် စေတနာ့အသင်းအဖွဲ့ တစ်ခုဖြစ်သည့်၊ လက်နက်ကိုင် အကြမ်းဖက်မှုများကို လေ့လာသည့် Action on Armed Violence (AOAV)အဖွဲ့သည် သာမာန်အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ အညှာအတာကင်းမဲ့ သော လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးမှုများ၊ ဆုံးရှုံးပျက်စီးမှုများ အရေအတွက် ပမာဏကို တိတိပပဖော်ပြသည့်အပြင် ရက်စက်ပြင်းထန်သော တိုက်ခိုက်မှုများ၏ ရင်နာဖွယ်ရာ အသေးစိတ်အချက်အလက်များကိုလည်း မျှ၀ေခဲ့သည်။
၂၀၂၄ခုနှစ်တွင် AOAVသည် မြန်မာနိုင်ငံတွင် ဖောက်ခွဲရေးပစ္စည်းသုံး အကြမ်းဖက်မှု ၄၅၁ မှုကို မှတ်တမ်းတင်ခဲ့သည်။ ထိုဖော်ခွဲမှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၃,၇၇၆ ဦးရှိခဲ့ပြီး၊ ၄င်းတို့၏ ၈၉ ရာခိုင်နှုန်း (၃,၃၇၉) မှာ သာမာန်အရပ်သားများဖြစ်သည် (သေဆုံးသူ ၁,၄၉၄ ဦးနှင့် ဒဏ်ရာရသူ ၁,၈၈၅ ဦး)။ ၂၀၂၄ခုနှစ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုများ၏ ၈၈ ရာခိုင်နှုန်းမှာ စစ်အာဏာရှင်၏ လက်ချက်ဖြစ်ပြီး၊ ၉ ရာခိုင်နှုန်းမှာ အစိုးရမဟုတ်သည့် အခြားသူများကြောင့် ဖြစ်သည်ဟု AOAV က ဆိုသည်။
ဤသည်ကို ထောက်ရှု၍ စစ်အာဏာရှင်သည် အရပ်သားပြည်သူများ အမြောက်အများ၏ အသက်ဇီ၀ိန်ကို ချွေနိုင်သည့် စစ်ရေးတိုက်ခိုက်သည့် ပုံစံကို ပိုမို အားကိုးလာကြောင်း သိသာစေသည်။
လူသူကင်းမဲ့ ခြောက်ကပ်နေသည့် ကျေးရွာများ၊ ခေါင်မိုးများ မရှိတော့သည့် လူနေအိမ်များ၊ ကားတစ်စီး ၀င်လို့ရသည့် အပေါက်ကြီးများရှိသည့် စာသင်ကျောင်းနံရံများနှင့် မြေမြှုပ်မိုင်းများ တင်းကျမ်းပြည့်နှက်နေသော လူသွားလမ်းများသည် ၎င်း၏အာဏာစက် ပြန်လည်တည်မြဲရန် အညှာအတာမရှိ အကြမ်းဖက်ခဲ့သည့် စစ်အစိုးရ၏ လုပ်ရပ်ကို သက်သေခံနေပါသည်။ စစ်ဗိုလ်ချုပ်ကြီးများအတွက်မူ လူသူကင်းမဲ့သည့် သုသာန်တစပြင်ကို အုပ်ချုပ်ရသည်မှာ အာဏာဆုံးရှုံးရသည်ထက် ပို၍ ခံသာပုံရသည်။
စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် သန်းပေါင်းများစွာသော ပြည်သူတို့ နေရပ်စွန့်ခွာခဲ့ရပြီး၊ နောက်ထပ် သန်းပေါင်းများစွာသော လူများကိုလည်း အိုးမဲ့အိမ်မဲ့ ဖြစ်စေနိုင်မည့် အလားအလာရှိပါသည်။
အာဏာသိမ်းပြီချိန်မှစ၍ ယခု ဇန်နဝါရီ ၂၀ရက်နေ့အထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ပြည်သူပေါင်း ၃.၂ သန်းကျော် (၃,၂၃၅,၅၀၀) ရှိနိုင်ပြီး၊ ၂၀၂၅ခုနှစ်တွင် ထိုအရေအတွက်သည် ၅သန်းနီးပါးတိုးလာနိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)က ခန့်မှန်းထားသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ သူများသည် မုတ်သုန်မိုးဒဏ်၊ ဆောင်းရာသီ အအေးဒဏ်နှင့် နွေရာသီ၏ ပြင်းပြသည့် အပူဒဏ်တို့ကို ခံနိုင်မည့် အမိုးအကာများ အလုံအလောက်မရှိသည့် ဒုက္ခနှင့် အခြားသော ပင်ပန်းခက်ခဲသည့် လောကဓံတို့ကို ခါးဆီးခံနေကြရသည်။
စားနပ်ရိက္ခာ မလုံလောက်မှု၊ ပတ်၀န်းကျင် သန့်ရှင်းရေး ချို့တဲ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းသောကြောင့် အိမ်ယာမဲ့လူများတွင် ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေအလွန်များပြီး ရောဂါဘယထူပြောကြပါသည်။ ထိုအသိုင်းအ၀ိုင်းရှိ ကျောင်းသားလူငယ်များ၏ ပညာရေးသည်လည်း ဆိုးရွားစွာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

အဆုံးထိ တိုက်ပွဲ
လက်နက်ကိုင် တော်လှန်ရေး၏ အစောပိုင်းကာလများတွင် PDF ရဲဘော်များသည် ၎င်းတို့ တိုက်ရည်ခိုက်ရည်ရှိပုံနှင့် အောင်ပွဲများကို အင်တာနက်ပေါ်တွင် ဗီဒီယို အတိုအထွာလေးများတင်၍ လူသိရှင်ကြား ပြသခဲ့ကြသော်လည်း၊ ယခုမူ နှစ်ရှည်ကြာမြင့်သော စစ်ပွဲအများအတွင်း သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၏ ဒဏ်ကို ပယ်ပယ်နယ်နယ် ခံစားနေပြီဖြစ်ရာ ယခင်လို မတက်ကြွနိုင်တော့ပါချေ။
၂၀၂၄ခုနှစ် KNU၏ မှတ်တမ်းများအရ မဟာမိတ် တော်လှန်းရေးတပ်ဖွဲ့များသည် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပေါင်း ၃,၂၂၉ ကြိမ်ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃,၁၃၆ ဦး သေဆုံးခဲ့၍၊ ၂,၂၂၅ ဦး ဒဏ်ရာရခဲ့သည်။ ထိုအချိန်အတောအတွင်း တိုက်ပွဲတွင် အသက်ပေးခဲ့သော KNUနှင့် မဟာမိတ်တပ်သား ၁၀၀ ကျော်ရှိ၍၊ ထိခိုက်ဒဏ်ရာသူမှာ ၃၂၅ ဦးရှိသည်ဟု KNU ကဆိုသည်။
စစ်ပွဲ၏ အနိဌာရုံများကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသော စစ်သားများ၊ ဆရာ၀န်များနှင့် ဆေးတပ်သားများအစရှိသည့် ရှေ့တန်းတွင် တာ၀န်ကျသူများအားလုံးသည် စစ်ပွဲကို ပြီးဆုံးစေချင်ကြောင်း တညီတညွတ်တည်း ဆိုကြသည်။ သို့သော် စစ်အာဏာရှင်ကို ဆက်လက် တော်လှန်ရန် လိုအပ်သည်ကိုမူ မည်သူကမျှ အငြင်းမပွားကြပါချေ။ ပန်းတိုင်ရောက်သည်အထိ တော်လှန်ရေးတွင် ပါ၀င်ဆင်နွှဲရမည်၊ နိုင်ငံရေးသမားများ အနေနှင့်လည်း အာဏာရှင်စစ်တပ်က မြန်မာပြည်သူများကို ဆက်လက်ဖိနှိပ်စေနိုင်မည့် မည်သည့် အပေးအယူကိုမဆို လုံး၀လက်မခံရ ဆိုသည်ကို အားလုံးက ထောက်ခံ သဘောတူကြသည်။
တိုက်ပွဲများအတွင်း ရင်းနှီးသော သူငယ်ချင်းများကို ဆုံးရှုံးခဲ့ရသော စစ်သားနှင့် ဘ၀တစ်ဆစ်ချိုး ပြောင်းလဲစေသည့် ဒဏ်ရာကြီးကြီးမားမား ရခဲ့သော စစ်သားများ အပါအ၀င်၊ ဤဆောင်းပါးအတွက် Myanmar Now နှင့် စကားပြောခဲ့သော PDF တို့၏ တူညီသောခံယူချက်မှာ စစ်အာဏာရှင် အရှုံးပေးသည်အထိ ဆက်လက်တိုက်ပွဲ၀င်သည်မှ လွဲ၍ အခြားရွေးချယ်စရာ မရှိဆိုသည်ပင် ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးဖြစ်သော ကိုကျော်ဇော တွင်လည်း ဤကဲ့သို့ ပြတ်သားသော ခံယူချက်မျိုးကို တွေ့ရသည်။ ယခုတွင် ကိုကျော်ဇော သည် ကျားသစ်နက် စစ်ကြောင်း၏ ထိပ်တန်း လက်ဖြောင့်သေနတ်သမား (စနိုက်ပါ) အဖြစ် တာ၀န်ထမ်းဆောင်နေသည်။ ငှက်ဖျားတက်နေသည့်ကြားပင် ကိုကျော်ဇောသည် သူရှေ့တန်းသို့ဘယ်လို ရောက်သွားသည်၊ တာ၀န်ကို စွန့်ခွာထွက်မပြေးဘဲ ဘယ်လို ပြီးဆုံးသည်အထိ ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ကို ပြောပြချင်နေပါသည်။
“အရင်ကတော့ ကျွန်တော်က တက္ကသိုလ် တတိယနှစ် ကျောင်းသားပါ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လည်း အစီအစဥ်ရှိခဲ့ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ ခပ်ပျော်ပျော် နေခဲ့ရတဲ့ ဘ၀ပါ” ဟု သူက ပြောပြသည်။
သို့သော်လည်း မရေမတွက်နိုင်အောင် များပြားလှသော သူနှင့် ရွယ်တူ အခြားကျောင်းသားများကဲ့သို့ပင် အာဏာသိမ်းမှုသည် ၎င်းတို့၏ ရန်သူကြီးပင်ဖြစ်သည်ဟု သူလည်း ယူဆသည်။ ထို့ကြောင့် မိဘများ၏ ဆန္ဒကို ဆန့်ကျင်၍ တောခိုကာ တော်လှန်ရေးသို့ ခြေစုံပစ်၀င်ရန် သူ ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ယခုအချိန်တွင် အရေးကြီးသော ကိစ္စမှာ တစ်ခုတည်းသာရှိတော့သည်။ ထိုသည်မှာ စစ်ပွဲကို အောင်နိုင်ရန်ပင် ဖြစ်သည်ဟု သူကဆိုသည်။ “ကျွန်တော့်ဘ၀ကြီး ပြောင်းလဲသွားပြီ။ ကျွန်တော် အတိတ်တွေ၊ အနာဂတ်တွေအကြောင်း မတွေးချင်တော့ပါဘူး။ လက်ရှိပစ္စုပ္ပန်ကိုပဲ ကြည့်တော့တယ်။”
သေမင်းနှင့် လက်မတင်ကလေး လွဲခဲ့ရသည့် အဖြစ်အပျက်များကိုလည်း ဇာချဲ့ခြင်း၊ ဟိတ်ဟန်လုပ်ခြင်း မရှိဘဲ ရိုးရိုးသားသား သူပြောပြခဲ့ပါသည်။ “ကျွန်တော့်ရဲ့ အခု နေ့စဥ်ဘ၀ကတော့ ဒီနေ့ သေမလား၊ ရှင်နေဦးမှာလား ဆိုတာပဲ ရှိပါတော့တယ်။ အနာဂတ်ကို ခပ်၀ေး၀ေးတွေးပြီး အစီအစဥ်တွေ ဆွဲဖို့ကတော့ ကျွန်တော့်အဖို့ မဖြစ်နိုင်တဲ့ အရာပါဘဲ။ အခု ကျွန်တော် သေရမှာကို မကြောက်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရဲ့ အချိန် ဘယ်တော့ကျမလဲဆိုတာတော့ တွေးမိပါတယ်။”
ဤတော်လှန်ရေး ပဋိပက္ခတွင် ပါ၀င်မိသော သူနှင့် သူငယ်ချင်းများအားလုံးသည် အသက်ကို လောင်းကြေးထပ်ထားရကြောင်း ကိုကျော်ဇော နားလည်သဘောပေါက်ပါသည်။ သို့သော် နိုင်ငံရေးသမားများသည်လည်း မိမိတို့၏ တာ၀န်ကို ကျေပွန်စွာထမ်းဆောင်၍ ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိလျှင်၊ အပြောချည်းသာမဟုတ်ဘဲ အလုပ်နှင့် သက်သေပြနိုင်လျှင် သူတို့ပေးဆပ်ခဲ့ရသမျှ အားလုံးတန်သည်ဟု ကိုကျော်ဇောက အခိုင်အမာ ဆိုသည်။
“ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီး အောင်မြင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေကို ကျွန်တော်ယုံတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ဘယ်လိုပြုမူကျင့်ကြံကြသလဲ ဆိုတာပေါ်မှာလည်း မူတည်သေးတယ်။
ကျွန်တော်တို့ ဖြုတ်ချဖို့ကြိုးစားနေတဲ့ စစ်အာဏာရှင်လိုမျိုး ပြုမူလာမယ်ဆိုရင်တော့ လုံး၀ကို သည်းမခံနိုင်ပါဘူး။ သူတို့တွေမှာ တာ၀န်ယူတဲ့စိတ် အမြဲရှိရမယ်၊ တာ၀န်ကိုလည်း ပြီးဆုံးသည်အထိ စည်းစည်းလုံးလုံး အောင်အောင်မြင်မြင်လုပ်ကိုင် နိုင်ရမယ်၊ ပြီးတော့ ပြည်သူလူထုအတွက် အနစ်နာခံပေးဖို့ အသင့်ရှိတယ်ဆိုတာလဲ ပြနိုင်ရပါမယ်။”
လက်ရှိတွင် သူသည် သူအကောင်းဆုံးလုပ်နိုင်သည့် အရာကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေပါသည်။ ထိုအရာက ရန်သူများကို တစ်ယောက်ပြီး တစ်ယောက် သုတ်သင်ပစ်ခြင်းပင်ဖြစ်သည်။ သူ့တပ်ခွဲ၏ နံပါတ်တစ် စနိုက်ပါဖြစ်သည့်အလျောက် သူစစ်မြေပြင်သို့သွားတိုင်း ဘယ်လောက်ရင်းထား စွန့်စားရသည်ကို သူသိပါသည်။
“ကျွန်တော်တို့ အမြဲ နိုးနိုးကြားကြားရှိရပါတယ်။ ဆေးလိပ်မသောက်ရဘူး၊ လှုပ်လှုပ်ရှားရှားလုပ်လို့လဲ မရဘူး။ ဘာလို့လဲ ဆိုတော့ ရန်သူ့ စနိုက်ပါ တွေကလည်း ကျွန်တော်တို့ကို စောင့်ကြည့်နေနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က စနိုက်ပါတွေက ပိုထိရောက်၊ ပိုစွမ်းရည်ရှိပေမယ့် သူတို့မှာက နေ့နေ့ညည အသုံးပြုနေတယ့် ဒရုန်းတွေရှိတယ်” ဟု သူကပြောသည်။
ထို့ပြင် စစ်ရှုံးပြီး ပိုင်နက်နယ်မြေများကို တော်လှန်ရေးတပ်များလက်တွင်းသို့ ဆက်တိုက်ပေးဆပ်နေရသော စစ်အာဏာရှင်အတွက်မူ လေကြာင်းမှ တိုက်ခိုက်မှုများသည် “နောက်ဆုံး မျှော်လင့်ချက်” သာဖြစ်သည်ဟု သူက သုံးသပ်သည်။
တော်လှန်ရေး ဆက်လက်ရှင်သန်နေသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သူကပြောသည်က “ကျွန်တော်တို့ဘက်မှာ ရှိတာကတော့ ကျွန်တော်တို့ရဲ့ ခွန်အားတွေပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကရင်လူမျိုးခေါင်းဆောင်တွေရဲ့ စစ်ဆင်ရေးနည်းဗျူဟာ ကျွမ်းကျင်ပုံကတော့ အရမ်းကို အံ့မခမ်း လေးစားအားကျဖွယ်ရာပါပဲ”

သေဆုံးမှုက မလှပပါဘူး၊ ရှင်သန်တာကမှ အလှတရားပါ
PDF စစ်သားများ၏ တာ၀န်ကျေပွန်မှုနှင့် ဇွဲလုံ့လအားထုတ်မှုတို့ကို မယှဥ်နိုင်သည့် စစ်ကောင်စီတပ်သားများသည် လက်နက်ချသူကချ၊ အစုလိုက်အပြုံလိုက် ထွက်ပြေးသူက ပြေးနှင့် ဂယောက်ဂယက်ဖြစ်လျက်ရှိသည်။ တပ်သားသစ်များလည်း ရှာမရနိုင်သောကြောင့် တပ်အင်အားအလွန်အမင်း နည်းပါးလာသည့် စစ်အာဏာရှင်သည် စစ်မှုထမ်း ဥပဒေကို ၂၀၂၄ခုနှစ် ဖေဖေါ်၀ါရီလတွင် ပြဌာန်းခဲ့သည်။
ထိုဥပဒေတွင် အသက်၁၈မှ ၃၅နှစ်အထိ အမျိုးသားများနှင့် အသက် ၁၈မှ ၂၇နှစ်အထိ အမျိုးသမီးများ စစ်မှုထမ်းရမည့်အချက် ပါ၀င်သည်။ ပင်စင်စားစစ်သားများကို စစ်တပ်အတွင်းပြန်လည် တာ၀န်ထမ်းဆောင်းခိုင်းမည့် အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်ခေါင်းဆောင်က ထပ်မံအသက်သွင်းထားသည်။
ကျားသစ်နက်အဖွဲ့၀င် စစ်သားလူငယ်တစ်စုသည် ယူနီဖောင်းကိုချွတ်၍ ရေမိုးချိုးသန့်စင်ပြီးနောက်၊ မီးသီးသေးသေးလေးအောက်တွင် တိုး၀ှေ့ထိုင်လိုက်ကြသည်။ သူတို့ထဲမှ နှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေးဌာနမှ ကျင်းပပြီး စီဒီအမ် ဆရာ ဆရာမများ ကြီးကြပ်သည့် တက္ကသိုလ်၀င်တန်းစာမေးပွဲကို ဖြေဆိုမည့်သူများဖြစ်သည်။ အသက် ၂၆နှစ်အရွယ်ရှိ ရန်သည် အာဏာသိမ်းမှုကြောင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်ခဲ့ရသော ကျောင်းသားနှစ်ဦးကို မေးခွန်းများ ကူညီလေ့ကျင့်ပေးနေသည်။
အသက်ကြီးသော်ငြား ပိန်ပိန်းပါးပါးရှိသော ရန် သည် အလယ်တန်းကျောင်းသား အရွယ်ထင်ရသည်။ ကျွန်တော်နဲ့ စကားစမြည်ပြောရန် စာလုပ်နေသောအဖွဲ့မှ ထလိုက်သော ရန်၏ ဘေးခွဲဆံပင်သည် သူ့မျက်လုံးတစ်ဘက်ပေါ်သို့ ခပ်အုပ်အုပ် ကျလာသည်။
“အာဏာသိမ်းတုန်းက ကျွန်တော်က တက္ကသိုလ် ပထမနှစ်ကျောင်းသားပေါ့။ ကျွန်တော် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ပုံမှန်အတိုင်းနေဖို့ ကြိုးစားပေမယ့် ကျွန်တော် မနေနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ တက္ကသိုလ်တွေလည်း ပိတ်ကုန်ကြပါပြီ” ဟူ၏ စစ်မှုထမ်းဥပဒေ မပြဌာန်းခင် အချိန်က သူ့ဘ၀အကြောင်း ပြောပြသည်။
မိဘက သဘောမတူသောကြောင့် သူသည် အခြားသူများကဲ့သို့ပင် တော်လှန်ရေး ပဋိပက္ခများမှ ၀ေး၀ေးရှောင်သည်။ မည်သို့ပင်ရှောင်စေကာမူ ရှေ့တန်းစစ်မြေပြင်သို့ ပို့ခံရနိုင်ချေကို သဘောပေါက်သွားသောအခါ သူ၏ ခံယူချက်များ ပြောင်းလဲသွားပါသည်။
“စစ်မှုထမ်းဥပဒေကို ကြေညာတဲ့အခါ သူတို့က ကျွန်တော့်ကို ထွက်ပြေးဖို့ တိုက်တွန်းကြတယ်” ဟု သူကဆိုသည်။
စစ်အာဏာရှင်၏ စစ်တပ်ထဲ အဓမ္မသွတ်သွင်းမှုကြောင့် အလိုမတူဘဲ စစ်သားဖြစ်ရမည့် သူများထဲ မိမိတို့၏ သားလေးပါသွားမလားဟု စိုးရိမ်ကြောင့်ကြသော ရန်၏ မိဘနှစ်ပါးမှာလည်း မမှားပါချေ။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ စစ်တမ်းများအရ စစ်မှုထမ်းဥပဒေကို အသက်သွင်း ပြီးသည့် အချိန်မှစ၍ လူငယ်ပေါင်း ၂၃,၂၅၀ သည် စစ်တပ်ထဲသို့ အတင်းအဓမ္မ သွတ်သွင်းခြင်း ခံခဲ့ရသည်။
အာဏာမသိမ်းမီက ရန်သည် ကြော်ညာများ၊ လုပ်ငန်းများအတွက် အနုပညာဖန်တီးပေးသည့် စီးပွားရေး အနုပညာရှင် (Commercial Artist ) တစ်ဦးဖြစ်ရန် ပညာဆည်းပူးနေသူဖြစ်သည်။ သို့သော် တောခိုပြီးသည့်နောက်ပိုင်းတွင် သူဆက်လက်သင်ယူခဲ့ရသည်က ယခင်နှင့် လားလားမျှ မသက်ဆိုင်သည့် တိုက်ခိုက်ရေး ဆေးတပ်သားများ သိသင့်သိအပ်သည့် ဆေးပညာရပ်ပင်ဖြစ်သည်။
“ကျွန်တော် မနှစ် ဂျူလိုင်လက ဒီကို ရောက်တယ်။ ကျွန်တော် လေ့ကျင့်ရတာကို နှစ်သက်ပေမယ့်၊ ဒီလို နာကျင်မှုတွေ ထိခိုက်ဒဏ်ရာတွေ မြင်ရတာတော့ စိတ်မချမ်းသာဘူးပေ့ါဗျာ။ ခြေလက်တွေ ဖြတ်တောက်ရတဲ့ လူနာ ၂၀လောက်ကို ကျွန်တော် ၀င်ကူခဲ့ဖူးတယ်။ အရမ်းကို ခက်ခဲပြီးတော့ စိတ်မချမ်းမြေ့စရာပါ။ မနေ့ညက လူငယ်တစ်ယောက်ကို ကျွန်တော်တို့ ခွဲစိတ်ကုသမှု လုပ်ခဲ့တယ်။ သူ့ရဲ့ ညာဘက်ခြေထောက် ဒူးအောက်ကနေနဲ့ ဘယ်ဘက်လက် တံတောင်ဆစ်ရိုး အောက်ကနေ ဖြတ်ခဲ့ရတယ်။”
သို့သော်လည်း ရန်သည် အဆိုးထဲက အကောင်းကို ကြံဖန်ရှာဖွေမြင်တတ်သူ ဖြစ်သည့်အလျောက် စစ်သား၏ အသက်ရှင်နိုင်မည့် အခွင့်အလမ်း ဘယ်လောက်ရှိသည်ကို ယခုလို တွေးဆ၍ ပြောပါသည်။
“သူက စိတ်မာတယ်၊ ပြီးတော့ ထုသားပေသားကျတယ်။ အဲဒီတော့ သူ့မှာ တော်တော်များများ ဆုံးရှုံးထားပေမယ့် အခု အခြေအနေက တည်ငြိမ်တဲ့ဘက်ကို ရောက်နေပါပြီ။ သူစကားတောင် ပြောနိုင်နေပြီဆိုတော့ အိုကေသွားမှာပါ”
တိုက်ခိုက်ရေး ဆေးတပ်သားတစ်ဦးဖြစ်သောကြောင့် ရန်သည် ရှေ့တန်းနှင့် နီးနီးနေရာများတွင် တာ၀န်ထမ်းဆောင်ရသည်ဟု ရှင်းပြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က တိုက်ပွဲဖြစ်သည့်အနား တာ၀န်ထမ်းဆောင်ခဲ့ရစဥ်အချိန် စိတ်ခံစားချက်များကို သူပြန်ပြောင်း ပြောပြသည်။
“ကျွန်တော် စိတ်လည်းလှုပ်ရှားတယ်၊ ကြောက်စိတ်လည်း ၀င်မိတယ်။ မနက် ၈နာရီလောက် တိုက်ပွဲစဖြစ်တယ်။ သူတို့တွေ (စစ်ကောင်စီတပ်သားများ) ကျွန်တော်တို့ဘက်ကို တက်တက်လာနေတာ။ တော်တော်များများ သေကြတယ်။ နောက်တော့ သူတို့ဘက်က အမြောက်တွေပစ်တယ်၊ ပြီးတော့ ဒရုန်းရောက်လာတယ်။
အဲဒီနောက် ကျွန်တော်တို့ဘက်ကို တက်လာပြီး စီးနင်းဖို့ သူတို့လုပ်ပြန်တယ်။ ဒီလိုနဲ့ပဲ တစ်နေ့လုံး သံသရာလည်နေတာ။ ကျွန်တော်က ဆေးတပ်သားအနေနဲ့ပဲ အဲဒီမှာ ရှိနေတာဆိုပေမယ့်၊ ကျွန်တော်တို့လည်း ဦးထုပ်တွေ၊ ကျည်ကာ အင်္ကျီတွေ ၀တ်ရတယ်။ အရမ်းပူပြီး လေးလွန်းလို့၊ အလုပ်လုပ်ရတာမပြောနဲ့ တောင်ပေါ်ကို လမ်းလျှောက်တက်ရတာတောင် အရမ်းကို ခက်ပါတယ်”
တိုက်ခိုက်ရေးဆေးတပ်သားအဖြစ် လေ့ကျင့်ရေးဆင်းစဥ်အချိန်က ရရှိခဲ့သည့် ဘ၀သင်ခန်းစာကို သူတွေးဆ ပြောပြပါသည်။
“သေဆုံးတာက မလှပါဘူး၊ ရှင်သန်တာကမှ အလှတရားပါ။ ကျွန်တော်တို့ မျိုးဆက်အတွက် ဒီလို မတရား အာဏာပြဖိနှိပ်ချုပ်ချယ်မှုတွေကို အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်နိုင်ဖို့ အသင့်တော်ဆုံးက အခုအခြေအနေမျိုး ဖြစ်နေမလားဘဲ။ ကျွန်တော်တို့ မှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲရှိပါတယ်။ အာဏာရှင်စစ်တပ်အတွက် အသေခံမလား၊ ဒါမှမဟုတ် တော်လှန်ရေးအတွက် အသေခံမလား။ ဒီစစ်ပွဲဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးနဲ့ ရပိုင်ခွင့်တွေအတွက် တိုက်ပွဲ၀င်ရတာပါ။ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ နောက်ထပ် အနှစ်၃၀ လောက် ကျွန်တော် ထပ်မနေနိုင်တော့ပါဘူး”
သေရမည်ကို အမြဲတွေးကြောက်မိသည်ကို သူ၀န်ခံပါသည်။ “တောထဲမှာဘဲ ကျွန်တော်သေလိမ့်မယ်လို့ ၅၀ ရာခိုင်နှုန်းလောက် ထင်မိပါတယ်။ ကျွန်တော်တို့ အခုချိန်ထိ အသက်ရှင်နေသေးတာကလည်း ကံတရားပါပဲ။”

ဒရုန်း တိုက်ခိုက်မှုကြောင့် ဦးခေါင်းဒဏ်ရာရပြီး နောက်ပိုင်း ဆုံးပါးသွားခဲ့သော PDF တော်လှန်ရေးစစ်သားတစ်ဦး (Phil Thornton)
စစ်ကောင်စီတပ်သားသည် ဆိုးရွားစွာ ဆက်ဆံခြင်းခံနေရသည့်တိုင် စစ်အာဏာရှင်အတွက် ဆက်လက်တိုက်ပွဲ၀င်နေသည်ကို ရန်က နားမလည်နိုင် ဖြစ်နေသည်။
“သူတို့တွေ ထမင်းတောင် ကောင်းကောင်းမစားကြရပါဘူး။ မာမား (အသင့်စား ခေါက်ဆွဲခြောက်)နဲ့ ရာဘ (စိတ်ကြွရူးသွပ်ဆေး) တွေပဲ စားဖို့ရှိတယ်။ အဲဒီတော့ အကျိုးမဲ့ အသက်ပေးမလား၊ ကျွန်တော်တို့ဆီမှာ လက်နက်ချ အလင်း၀င်ပြီး ဆက်လက်ရှင်သန်မလား ဆိုတာကို သူတို့လည်းရွေးချယ်ရပါမယ်။ သူတို့ အများစုက စစ်မတိုက်ချင်ကြဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဆက်တိုက်နေကြတဲ့ သူတွေကလည်း ဆေးစွဲနေကြလို့သာ ကျန်နေတာပါ။ သူတို့တွေကတော့ တကယ့်ကို ရှင်လျက်နဲ့ ငရဲခံနေရတာပါ။”
မြန်မာပြည်သူ အများစုသည် နိုင်ငံ၏ အာဏာကို စစ်တပ်ကထိန်းချုပ်သည်ကို မလိုလားဟု ရန်က အခိုင်အမာဆိုသည်။
“ကျွန်တော်တို့တွေ သူတို့ကို ဖယ်ရှားပစ်ချင်တယ်။ အရင်မျိုးဆက်တွေတုန်းက အကျင့်ပျက်ခြစားခဲ့တာတွေ၊ နှိပ်စက်ညှင်းပန်းခဲ့တာတွေနဲ့တင်ကို တော်လောက်နေပါပြီ။ သူတို့အတွက် စစ်တိုက်ပေးနေတဲ့ စစ်သားတွေကိုတောင် အဖက်မလုပ်ပါဘူး။ စစ်သားတွေ ဘယ်လောက် ကျဆုံးသွားပြီလဲဆိုတာလဲ ဂရုမစိုက်ပါဘူး။ စစ်ကောင်စီဆိုတာ ရုပ်ရှင်ထဲမှာ မြင်ရတဲ့ မာဖီးယား လူမိုက်ဂိုဏ်းသားတွေလိုပါပဲ”
“ကျွန်တော် အိမ်ပဲ ပြန်ချင်တယ်”
PDF တပ်သားများ ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို ထားရာ၊ သစ်သားချောင်းများဖြင့် စည်းရိုးခတ်ထားသော ကတုတ်ကျင်း၏ ပတ်ပတ်လည်ရှိ သစ်ပင်ကြီးများအရိပ်ကြောင့် မွန်းတည့်နေ၏ အပူရှိန်မှ အနည်းငယ်သက်သာရာရသည်။ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် ကတုတ်ကျင်းကို ခပ်နက်နက်တူးထားသည်။
မှောင်မဲနေသော အတွင်းပိုင်းတွင်တော့ အေးမြပါသည်။ စီးကရက်ငွေ့များက စိုထိုင်းသော လေထုထဲတွင် ပြန့်လွင့်လျက်ရှိသည်။ ချောင်ကျကျ အရိပ်ထဲတွင် ဖမ်းဆီးထားသော စစ်ကောင်စီတပ်သားနှစ်ဦး ထိုင်လျက် ဆေးလိပ်ဖွာနေကြသည်။ ကျွန်တော်တို့ကို ကျောပေးထားရာ သူတို့စကားမပြောချင်သည်မှာ ထင်ရှားပါသည်။ ပလစ်စတစ် ပုခက်များတွင် လှဲအိပ်နေသော အသက်ကြီးကြီး အမျိုးသား သုံးယောက်သည် လူးလဲထလိုက်ပြီး၊ ကျွန်တော်တို့ဘက်ကို လျှောက်လာသည်။ သူတို့မျက်နှာတွေက ကျွန်တော်တို့ ရောက်လာတာ သူတို့အတွက် ကောင်းသလား၊ ဆိုးသလားဆိုတာ ၀ေခွဲမရနိုင်ဘဲ ဇ၀ေဇ၀ါ ဖြစ်နေပုံပေါ်သည်။
တပ်ကြပ်လှစိုး (၆၃ နှစ်) နှင့် တပ်ကြပ်ကြီး သန်းစိုး (၆၅ နှစ်) တို့သည် စစ်မှုထမ်းဟောင်းများဖြစ်ပြီး၊ စစ်မှုထမ်းသက်တမ်း ၂၈နှစ် နှင့် ၃၇နှစ် အသီးသီးရှိကြသည်။ သူတို့နှစ်ဦးစလုံးသည် အရွယ်နှင့် လိုက်အောင်ပင် အိုစာကြသည်။
နှစ်ယောက်စလုံး တစ်သံတည်းပြောသည်က စစ်တပ်မှ အနားယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း၊ အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ သန်းစိုးက မတ်မတ်ရပ်လိုက်ကာ၊ ဖိနပ်မပါသော ခြေဗလာကို စုကပ်ရင်း သတိဆွဲလိုက်ပြီး၊ စစ်ကောင်စီ၏ စစ်သားများအပေါ် စာနာစိတ်ကင်းမဲ့ပုံကို ရှင်းပြသည်။
“ကျွန်တော်တို့တွေကို သူတို့ ဂရုမစိုက်ပါဘူး။ ရှေ့တန်းမှာ စစ်တိုက်ရတာဟာ အရမ်းကိုဆိုးရွား ရက်စက်ပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ အများကြီး ကျဆုံးခဲ့တယ်။ သူတို့က ကျွန်တော်တို့ ပင်စင်ယူရမယ့် အသက်ကို ၆၂နှစ် အထိ တိုးလိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အဲ့ဒီအသက်ထက် ပိုကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျန်းမာတုန်း၊ သေနတ်ကိုင်နိုင်တုန်းပဲ ဆိုပြီးတော့ ရှေ့တန်းကို ပို့လိုက်ကြပါတယ်။”
သူတို့ဖြတ်သန်းကြုံတွေ့ခဲ့ရသည်များကို ထောက်ရှုလျှင် သူတို့နှစ်ဦးလုံး ယခု စစ်မတိုက်ရတော့တာကို ၀မ်းသာမိပါတယ်ဟု ပြောလာသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ “ကျွန်တော်သာ ငယ်သေးတယ်ဆိုရင် PDF ထဲ၀င်ပြီး စစ်ကောင်စီကို ပြန်တိုက်မှာပေ့ါ”ဟု သန်းစိုးက ခပ်သွက်သွက်ပင် ထည့်ပြောလိုက်ပါသေးသည်။
စစ်သား ၀င်းအောင် (၄၇ နှစ်)သည် ချောင်ကျကျ အမှောင်ထုထဲသို့ ပုန်းရှိုး၀င်ရောက်လိုက်ပြီး၊ ကျွန်တော်တို့ဆီသို့ မှုန်ရီတ၀ေ၀ေနှင့် ငေးမျှော်ကြည့်နေသည်။ ဤသည်မှာ စစ်ကောင်စီသည် ကျန်းမာရေးကောင်းမွန်သော စစ်သားများသာမက အိုမင်းမစွမ်းဖြစ်နေသော စစ်သားများကိုပါ စတေးရန် အသင့်ရှိသည့် သက်ရှိထင်ရှား သက်သေများပင်ဖြစ်သည်။
“ကျွန်တော်က လေဖြတ်ထားတယ်။ စခန်းမှာ တောက်တိုမယ်ရလုပ်ဖို့ ကျွန်တော့်ကို ခေါ်ထားတာ၊ နောက်တော့ ရှေ့တန်းကို ပို့လိုက်ကြတယ်။ အရာရှိက ပြောတာကတော့ ‘ကျွန်တော်မတ်တပ်ရပ်ပြီး သေနတ်ကိုင်နိုင်တယ်ဆိုရင် စစ်လည်း တိုက်နိုင်ရမယ်တဲ့’”
၀င်းအောင်၏လက်များသည် တုန်ယင်လျက်ရှိသည်။ မှောင်မိုက် ပိတ်လှောင်နေသော နေရာကျဥ်းရှိ မဆိုစလောက် အလင်းရောင်လေးက မျက်ရည်များ စွတ်စိုနေသော သူ့မျက်လုံးများကို အရောင်တစ်မျိုး တောက်ပစေသည်။ သူ့မျက်၀န်းများကမူ အကြောက်လွန်လျက် ပြူးကြောင်ကြောင် ဖြစ်နေသည်။
“ကျွန်တော် နေမကောင်းဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အမေ နှစ်ယောက်ထဲက တစ်ယောက်ယောက် မသေခင်မှာ အမေ့ကို ကျွန်တော် ပြန်မတွေ့ရတော့မှာ အရမ်းကြောက်တယ်။ ကျွန်တော်က အရင်က လယ်သမားပါ။ ကျွန်တော် ဘယ်တုန်းကမှ စစ်သားမဖြစ်ချင်ခဲ့ပါဘူး။ ကျွန်တော် အိမ်ပဲ ပြန်ချင်တယ်။”

နောက်မျိုးဆက်သစ်တွေက ဒီထက်ကောင်းတာတွေနဲ့ ထိုက်တန်ပါတယ်
ဒေါက်တာ ဒရစ်သည် ကော်ဘရာ စစ်ကြောင်း၏ အလုပ်များလှသော ရှေ့တန်းဆေးခန်းကို ကြီးကြပ်သူဖြစ်သည်။ နေ့စဥ် မြင်တွေ့နေရသော PDF ရဲဘော်များနှင့် ကရင် တိုက်ခိုက်ရေး သမားများ၏ မယိမ်းမယိုင် ပြတ်သားသည့် သန္နိဋ္ဌာန်ကြောင့် စစ်ကောင်စီ စစ်ရှုံးနေပြီဟု ယုံကြည်မိကြောင်း သူကဆိုသည်။ ထို့ကြောင့်ပင် စစ်အာဏာရှင်သည် သူ၏ မြေပြင်စစ်သားများအပေါ် အယုံအကြည် ကင်းမဲ့လာသောကြောင့် လေကြောင်းတိုက်ခိုက်မှုများကို ပို၍ လုပ်ဆောင်လာခြင်းပင်ဖြစ်သည်။
ယခုအခါတွင် စစ်အာဏာရှင်သည် ခရီးသည် အယောက် ၂၀ အထိ သယ်နိုင်သော တရုတ်လုပ် Y-12 ထောက်ပို့လေယာဥ်များကို အသုံးပြုကာ အနီးအနားရှိ ကျေးရွာများပေါ်သို့ ၁၂၀ မမ ဗုံးသီးများကို ပုံမှန် ကျဲချနေသည်ဟု သူကဆိုသည်။
“ဒါဟာလည်း စစ်ကောင်စီ ကျရှုံးနေပြီဆိုတဲ့ လက္ခဏာပါပဲ။ ဒီလို ဗုံးသီးတွေကို လူလက်နဲ့ တွန်းချတာဟာ ပစ်မှတ်ကို ထိဖို့ မဖြစ်နိုင်သလောက်ပါဘဲ။ ဗုံးတွေက ရွာတွေပေါ်ကျတယ်။ ဘယ်သူသေပြီး ဘယ်သူတွေ ဒဏ်ရာရသွားမလဲဆိုတာ သူတို့ဂရုမစိုက်ပါဘူး။ ယုတ်စွအဆုံး သူတို့စစ်သားတွေ မြေစာပင်ဖြစ်ပြီး ခံလိုက်ရလဲ ဂရုမစိုက်ကြပါဘူး”
လေယာဥ်များသည် သူ့ဆေးခန်း အနီးပတ်၀န်းကျင်တွင် ဗုံးသီး ၂၅ လုံး ကျဲချခဲ့သည်ဟုလည်း သူကဆိုသည်။ “ကျွန်တော်တို့ အခုရပ်နေတဲ့ နေရာနဲ့ ၅၀ မီတာလောက်မှာ ဗုံးတွေကျလာတာ။ ကျွန်တော့်မိန်းမနဲ့ သမီးလေးက ဗုံးခိုကျင်းထဲမှာ၊ ကျွန်တော်ကတော့ လူနာတွေကြည့်ရင်း အပြင်မှာရှိနေတုန်းပဲ။ ကျွန်တော်တို့ အနီးအနားမှာ ဗုံး ၄လုံး ကျခဲ့ပေမယ့် ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ရွာသားတစ်ယောက်ကတော့ သိပ်ကံမကောင်းလိုက်ဘူး။ အသက်တော့ရှင်ပါတယ်၊ ဒါပေမယ့် သူ့မျက်နှာကို ဗုံးစမှန်သွားတယ်။”
၁၂၀ မမ ဗုံးသီးတစ်လုံး ၏ ခန့်မှန်း သတ်ကွင်းအကွာအ၀ေးမှာ ၂၅ မီတာ ပတ်လည်ဖြစ်ပြီး၊ ပေါက်ကွဲမှုနှင့် ဗုံးစများ လွင့်စင်နိုင်သည့် အကွာအ၀ေးမှာ ထို့ထက်ပိုကြောင်း သူကဆိုသည်။ ထို့ကြောင့် ထိုဗုံးသီးမျိုးသည် အဖျက်စွမ်းအား ကြီးသလို ဒဏ်ရာကြီးကြီးမားမားလည်း ရစေနိုင်သည်။
စစ်ကောင်စီသည် ဒရုန်းများနှင့် ဒလန်များကို အသုံးပြုကာ PDF တို့၏ တည်နေရာကို စုံစမ်းသော်လည်း၊ ဗုံးသီးများကိုမူ ဘယ်နေရာ ကျကျ၊ ဘယ်သူ့ကို သတ်သတ် ဂရုမထားဘဲ လက်လွတ်စပယ် ကျဲချနေသည်ဟု သူထပ်လောင်း သုံးသပ်သည်။
ဒေါက်တာ ဒရစ်သည် သူ့အတွက် အန္တရာယ် ဘယ်လောက်ကြီးသည်ကို သိသော်လည်း၊ သူ့အဖွဲ့ သားများနှင့် မိသားစု၀င်တို့ ဘေးကင်းလုံခြုံရေးကို ပို၍ စိတ်ပူပန်ပါသည်။
“ကျွန်တော် ဆုံးဖြတ်ချက်ချပြီးပါပြီ။ တော်လှန်ရေးအတွက်၊ ကျွန်တော့်သမီးလေးရဲ့ အနာဂတ်အတွက် ကျွန်တော့်အသက်ကို စတေးဖို့ ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ။ စစ်ကောင်စီ အာဏာမြဲနေသ၍ ကျွန်တော်တို့ အနာဂတ်အတွက် ဘာမှ ပြင်ဆင်ခွင့် မရှိသလို၊ အနာဂတ်ရှိတယ်လို့တောင် တွေးလို့မရပါဘူး။ ကျွန်တော်တို့ သားသမီးတွေက အခုအခြေအနေတွေထက် အများကြီး ပိုကောင်းတာတွေကို ရသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်သစ်တွေက ဒီထက်ကောင်းတာတွေနဲ့ ထိုက်တန်ပါတယ်။ စစ်အာဏာရှင်ကို ကျွန်တော်တို့ မျိုးဆက်မှာဘဲ အမြစ်ပြတ်အောင် သုတ်သင်ရပါမယ်”
အာဏာမသိမ်းပါက သူနှင့် သူ့မိသားစုဘ၀ ဘယ်လိုများဖြစ်နေမည်ကို တွေးတောရင်း သူ့မျက်လုံးများတွင် မျက်ရည်များ ၀ေ့တက်လာပါသည်။
“ကျွန်တော်က အထွေထွေရောဂါကု ဆရာ၀န်ပါ။ ဒီလိုမျိုး တောထဲ တောင်ထဲမှာ လူငယ်တွေ အများကို ခွဲစိတ် ကုသပေးရလိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ ဒီလို အရေးပေါ် ဒဏ်ရာ ကြီးကြီးမားမားတွေ ကို ကိုင်ရလိမ့်မယ်၊ လူငယ်တွေ ဒီလောက်အများကြီး သေတာကို တွေ့ရလိမ့်မယ်ဆိုတာ တစ်ခါမှ မမျှော်လင့်မိခဲ့ပါဘူး။
တော်လှန်ရေးကြီးပြီးသွားရင် ကျွန်တော် ဆရာ၀န် ထပ်မလုပ်တော့ပါဘူး။ ဒဏ်ရာတွေ၊ သေဆုံးတာတွေဟာ ကျွန်တော့်ကို အလွန်ပဲ စိတ်ပင်ပန်းဆင်းရဲ စေပါတယ်။ နားမယ့်အချိန်မရှိသလို အမြဲတမ်း ဂျူတီ၀င်ဖို့ အသင့် ဖြစ်နေရတာပါ။ လှေပေါ်မှာ ခင်ဗျားတွေ့ခဲ့တဲ့ ကောင်လေးဟာလည်း ကျွန်တော့်လူနာပါပဲ။ သူက အိမ်သာသွားတဲ့ အချိန် ဦးထုပ်မဆောင်းသွားလို့ ဗုံးစမှန်သွားခဲ့တာပါ။”
စစ်အာဏာသိမ်းပြီးနောက် ဒေါက်တာ ဒရစ်ကို စိတ်ဒဏ်ရာများပေးသည်က ရှေ့တန်းမှ သတ်ဖြတ်မှုများ တစ်ခုတည်း မဟုတ်ပါ။ ဇနီးနှင့် ရှစ်နှစ်အရွယ် သမီးလေးတို့ကို သုံးနှစ်ခွဲကြာအောင် ခွဲခွာနေရသည်ကလည်း သူ့စိတ်ကို ဖိစီးစေပါသည်။ နောက်ဆုံး မိသားစုနှင့် ပြန်ဆုံဆည်းရချိန်တွင် ဇနီးဖြစ်သူက သမီးလေးကို သူဘယ်သူလဲဆိုတာကို ယုံကြည်အောင် ချော့မော့ရသည်ကို ပြန်တွေးမိရင်း သူ့မျက်ရည်များ ၀ေ့တက်လာပြန်သည်။
“ကျွန်တော့် သမီးလေးက ကျွန်တော့် မိန်းမကို ‘ဒါ သမီးအဖေလား’ လို့မေးတာ ကြားရချိန်မှာ အရမ်းကိုပဲ ၀မ်းနည်းမိပါတယ်။”
ဒေါက်တာ ဒရစ်၏ ရေဒီယိုမှ တရှဲရှဲမြည်လာသောအခါမှ သူသည် ပစ္စုပ္ပန်အချိန်ကို ပြန်လည် သတိကပ်မိပုံရသည်။ ရေဒီယိုမှ ပြာယာခတ်နေသော အသံက မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ နှစ်ဦးကို ထရပ်ကားနှင့် လာပို့နေပြီဟု ဆိုသည်။ ဆရာ၀န်သည် သူ့အဖွဲ့သားများ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ဖို့ ကသုတ်ကရက် ထွက်သွားသည်။
ထရပ်ကားရောက်လာသောအခါ အဖွဲ့သားများသည် ထမ်းစင်ကို အသင့်ပြင်ထားသည်။ စစ်သားလူငယ် နှစ်ဦးအနက် ဒဏ်ရာပိုပြင်းသော စစ်သားကို အရင် သယ်ဆောင်၍ အပြင်ကုတင်ခုံပေါ်တွင် တင်လိုက်သည်။ ထိုစစ်သားသည် သတိရှိနေသေးသည်။ မော်ဖိန်း ဆေးစွမ်းမပြသေးသောကြောင့် နာကျင်နေဟန်ရှိသည်။ သူ့ခြေထောက်သည် ဒူးခေါင်းအောက်မှ စုတ်ဖွာသွားရာ သွေးတစိမ့်စိမ့်စီးနေသော အရွတ်များသာ တွဲလောင်းကျနေသည်။ သူ့ကို ဖြတ်တောက်ကုသမှုလုပ်ရန် ပြင်ဆင်ပေးပြီး၊ သေးငယ်ရိုးရှင်းသည့် ခွဲခန်းအတွင်းသို့ ခေါ်ဆောင်သွားသည်။

ခွဲခန်းတံခါးပိတ်သွားသည်နှင့် ၀ရန်တာရှိကုတင်ခုံမှ သွေးများကို သန့်စင်လိုက်ပြီး ပိုးသတ်သည်။ မိုင်းထိသည့် ဒုတိယလူနာကို ကုတင်ပေါ်သို့ ရွှေ့ပြောင်းသည်။ မိုင်းမှ သံစသည် သူ၏ ခြေထောက်အောက်ပိုင်းကို ထုတ်ချင်းပေါက်ထိမှန်ခဲ့ရာ အရိုးကျိုးသွားပြီး ကြွက်သားများ စုတ်ပြဲနေသည်။
သူ့ကိုယ်ပေါ်မှ စစ်ယူနီဖောင်းကို ညှပ်ပစ်လိုက်ပြီး၊ သွေးထိန်းကြိုး (Torniquet) ကို ခပ်တင်းတင်း စည်းနှောင်သည်။ ထို့နောက် အကိုက်အခဲပျောက်ဆေးများ ထိုးသွင်းပြီး၊ ဆေးတပ်သားများက သူ့ဒဏ်ရာကို စတင်ဆေးကြောသန့်စင်သည်။ ဆေး အစွမ်းမပြမီ၊ ပိုးသတ်ဆေးရည်ကို ဒဏ်ရာပေါ်လောင်းသည့်အခါ စစ်သားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ သူ့ကို ချုပ်ထားသည့် ရဲဘော်ရဲဘက်များကို ဖမ်းဆွဲလိုက်သည်။ သို့သော်လည်း ထီမထင်သည့် သူ့မျက်နှာပေးက မျက်၀န်းထဲက နာကျင်မှုနှင့် လားလားမျှ မဆိုင်သလိုပင်။
နံနက်ခင်း အအေးဒဏ်ကိုခံနိုင်ရန် ဆောင်းတွင်း၀တ်အနွေးထည်များ အထပ်ထပ်၀တ်ဆင်ထားသော ဆေးခန်းမှ အဖွဲ့သားများသည် ခုံကို သန့်စင်လိုက်ပြီး၊ ခွဲစိတ်ခန်းသုံး ကိရိယာများ ထည့်ထားသည့် ဗန်းများ၊ ပတ်တီးလိပ်များနှင့် ပိုးသတ်ဆေးရည်များကို စနစ်တကျ စီရီလိုက်သည်။ ယနေ့အတွင်း နောက်ထပ်ရောက်လာမည့် ရှေ့တန်းမှ လူနာများအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။
ကာလရှည်ကြာဆက်လက် ကုသမှုလိုအပ်သည့် နောက်ထပ်လူနာများ ရောက်လာကြသည်။ ပထမဆုံးလူနာမှာ ဘောင်းဘီတိုနှင့် တီရှပ်အထပ်ထပ်၀တ်ထားသော PDF ရဲဘော်တစ်ဦးဖြစ်သည်။ ရဲဘော်သည် သူ၏ ချိုင်းထောင့်များကို ကုတင်ဘေးတွင် ထောင်ထားလိုက်သည်။
သူ့ခြေထောက်ကို မဖြတ်ရတာ ရဲဘော်အလွန်ကံကောင်းသည်ဟု ဒေါက်တာ ဒရစ်က ရှင်းပြသည်။ သူ့ကိုလည်း ဗုံးစထိမှန်ခဲ့ရာ၊ ခြေသလုံးရိုးများကျိုးကာ အပြင်သို့ ငေါထွက်နေခဲ့ပြီး ခြေဖ၀ါးတွင်လည်း ဒဏ်ရာရခဲ့သည်။ သူ့ခြေထောက်နှင့် ခြေဖ၀ါးကို သေချာစွာသန့်စင်သည်။ ထို့နောက် ခြေထောက်နောက်ဘက်တွင် အရိုးထိန်း တုတ်ချောင်းကို ထည့်လိုက်ပြီး ပတ်တီးဖြူနှင့် စည်းနှောင်လိုက်သည်။
ထိုရဲဘော်ပြန်သွားပြီး မကြာမီတွင် ကုတင်ပေါ်သို့ နောက်ထပ်လူနာတစ်ယောက် တက်လာသည်။ ချုပ်ရာများနှင့် တုံးတိတိဖြစ်နေသော သူ့ခြေထောက်ကို ညစ်ပတ်နေသည့် ပိတ်တီးစက ဖုံးကွယ်ပေးထားသည်။
စစ်သားသည် ကုတင်ဘေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး၊ သူ့အဖော်များကလည်း သူ့ကို ချုပ်ကိုင်လိုက်သည်။ ထို့နောက် ပိုးသတ်ဆေးရည်များကို သူ့ခြေထောက်ပေါ်သို့ လောင်းချလိုက်သည်။ ဆရာ၀န်က ချုပ်ရိုးများကို ဖြည်၍ မဲပုပ်၍သေနေသော အသားလွှာကို လှီးချပစ်ရာ စစ်သားမှာ နာကျင်စွာ အော်ဟစ်ရှုံ့မဲ့နေသည်။ ပြတ်နေသော ခြေထောက်တိုကို ချုပ်ရိုးအသစ် ပြန်ချုပ်ပေးလိုက်ပြီးနောက် စစ်သားကို ကုတင်ပေါ်မှ တွဲချသွားကြသည်။
ဆေးခန်းမှ ထိုစစ်သား ထော့နင်းနင့်းဖြင့် ထွက်သွားစဥ် Hatchback ကားငယ်လေးတစ်စီး ရောက်လာသည်။ ကားနောက်ဘက် ပစ္စည်းထည့်သည့် နေရာမှ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးကို သူ့အမျိုးသမီးအဖော်များက တွဲထုတ်လိုက်ကြသည်။
ရွာသားတစ်ယောက် အုန်းသီးခူးရင်း အုန်းပင်ပေါ်မှ ပြုတ်ကျခြင်းဖြစ်သည်ဟု ဒေါက်တာ ဒရစ် က ရှင်းပြသည်။ သူ့ပေါင်းရင်းနားတွင် လက်သီးဆုပ်အရွယ် ဟက်တက်ကွဲနေရာ ဒဏ်ရာကို ဆေးကြောသန့်စင်ပြီး ပတ်တီးစီးပေးဖို့လိုအပ်သည်။
ဤအလုပ်များလှသော ဆေးခန်းတွင် ထိုရွာသားကဲ့သို့ပင် ကုသမှုလိုအပ်နေသည့် လူနာများစွာ ရှိနေသေးသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ရက်မှ ၃၀ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၆၀ရှိပြီး၊ သေဆုံးသူ ၁၀ဦးရှိသည်ဟု ဒေါက်တာ ဒရစ်က ခန့်မှန်းသည်။
ဆရာ၀န်တစ်ဦးအနေနှင့် သူသည် ဆရာ၀န်များ၏ အဓိဋ္ဌာန်ပြု ကတိသစ္စာအတိုင်း လိုက်နာပြုမူကျင့်ကြံသည်ဟု ဒေါက်တာ ဒရစ်ကဆိုသည်။
“ကျွန်တော့်အတွက် အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်ဘာပဲလုပ်လုပ် ဒီကတိသစ္စာကို မဖောက်ဖျက်ပါဘူး။ ဆရာ၀န်တစ်ဦးဖြစ်တဲ့ ကျွန်တော်ကတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ လူနာတွေကို ကူညီရမယ်၊ ပိုပြီးအရေးကြီးတာ ဒီပညာတွေကို သုံးပြီး ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ရဘူး။ ကျွန်တော်တို့ရဲ့ ကော်ဘရာစစ်ကြောင်းမှူးကလဲ ဒါကို လက်ခံတယ်ဆိုတော့ ကျွန်တော်တို့ စစ်သားတွေ၊ ရွာသားတွေအပြင် ရန်သူ့စစ်သားတွေကိုတောင်မှ ကျွန်တော်တို့ ဆေးကုသစောင့်ရှောက်မှုပေးပါတယ်” ဟု ဒေါက်တာ ဒရစ်က ဆိုလိုက်သည်။