
ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားစေလွှတ်မှုကို အားလုံးကို ပြန်လည်စိစစ်ခြင်း နှင့် အလုပ်သမား အေဂျင်စီများ၏ လုပ်သွားစေလွှတ်ခွင့်အရေအတွက်များကန့်သတ်ရန်အတွက် ပြည်ပသို့လုပ်သား စေလွှတ်ခြင်းကို ဆိုင်းငံ့ထားသည်ဟု အေဂျင်စီများထံက သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ မတိုင်မီ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုထားပြီး သည့် အလုပ်သမားများကို ပြည်ပသို့ စေလွှတ်ရေးကိစ္စရပ်များကို စိစစ်ပြီး ထိုအလုပ်သမားများအားလုံး စေလွှတ်ပြီးမှသာ နောက်ထပ် Demand letter အသစ်တင်ပြခြင်းကို ခွင့်ပြုသွားမည်ဟူသော စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားချက်ကို မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း (MOEAA) က မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို့အပြင် အလုပ်သမားအသစ်များ စေလွှတ်ရန် အေဂျင်စီတို့ တင် ပြရမည့် လူဦးရေစာရင်းများကိုလည်း ကန့်သတ်သွားမည်ဖြစ်ကြောင်း MOEAA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံး ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာခွင့်မှုကို အပြီးပိတ်ပင် ထား သလို ယခုတွင်လည်း ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ထပ်မံကန့်သတ်လာ ခြင်းဖြစ်သည်။
ယခုလို ဆိုင်းငံ့လိုက်ခြင်းကြောင့် စာချုပ်ချုပ်ထားပြီး ပြည်ပသို့ အလုပ်သမားစေလွှတ်ရန် အဆင်သင့် ဖြစ်နေသော အေဂျင်စီများအတွက် လေယာဉ်လက်မှတ်များ အပါအဝင် တခြားသော ကုန် ကျစရိတ်များ ဆုံးရှုံးသည်ဟု ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီမှ လုပ်ငန်း ရှင်တစ်ဦးက Myanmar Now သို့ ပြောသည်။
“စာချုပ်ချုပ်ထားပြီးတဲ့သူတွေကိုတော့ သူက စေလွှတ်ပေးမယ်၊ နောက်လူတွေကို ဒီစီစစ်ရေး လုပ်ငန်း စဉ်ပြီးမှပဲ အသစ်တွေကို ထပ်စဉ်းစားပေးမယ်၊ စာချုပ်ချုပ်ခွင့်ပေးမယ်။ အဲဒီစေလွှတ်ခွင့်ကိုလည်း ကုမ္ပဏီတစ်ခုကို ဘယ်လောက်နှုန်း၊ တစ်လကို ဘယ်နှယောက် စေလွှတ်မယ်ပေါ့” ဟု သူက ဆိုသည်။
စစ်ကောင်စီ၏ ယခုအစီအစဉ်သည် ပြည်ပသို့ အလုပ်သမားစေလွှတ်မှု အရေအတွက်များကို ကန့်သတ် လျှော့ချရန် အဓိကရည်ရွယ်ခြင်းဖြစ်သည်ဟု ထိုလုပ်ငန်းရှင်က မှတ်ချက်ပြုသည်။
ပြည်ပသို့ အလုပ်သမားစေလွှတ်မှု ဆိုင်းငံ့ထားသော ယခုအစီအစဉ်သည် မြန်မာနိုင်ငံသားများ အဓိက သွားရောက်အလုပ်လုပ်ကိုင်နေသော ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် နိုင်ငံအားလုံးသို့ လုပ်သားစေလွှတ်မှုများအတွက် အကျုံးဝင်သည်ဟု အေဂျင်စီများထံက စုံစမ်းသိရှိရသည်။
လတ်တလောတွင် စစ်ကောင်စီ၏ ဆိုင်းငံ့ထားမှုကြောင့် ပြည်ပသို့ အလုပ်သွားရောက်အလုပ်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်နေသော အလုပ်သမား ထောင်နှင့်ချီ အခက်အခဲများဖြစ်ရနိုင်သည်ဟု အေဂျင်စီများက ပြောသည်။

ထိုသို့ညွှန်ကြားချက်ကြောင့် လက်ရှိအချိန်တွင် အလုပ်သမားအသစ် တင်ပြခွင့်များ ရပ်ဆိုင်းထား ရ၍ အခက်အခဲများရှိကြောင်း ကာတာနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အလုပ်သမားအသစ်များ စေလွှတ်ခွင့်အတွက်လည်း တိကျသေချာသော ညွှန်ကြားချက် အသစ်များ မရရှိသေးကြောင်း သူက ဆက်ပြောသည်။
ယခုသတင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ပြောဆိုခြင်းမရှိပေ။
စစ်ကောင်စီသည် ယခုလို ကန့်သတ်ပိတ်ပင်နေသော်လည်း ၎င်းတို့၏ စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံတည်းသော မိတ်ဖက်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံသို့မူ မြန်မာလုပ်သားများကို စေလွှတ်လျက် ရှိသည်။
မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ရောက်ရှိနေချိန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများကို မတ် ၅ ရက် တွင် လုပ်သား ၂၄ ဦးကို ကနဦး စေလွှတ်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ကျယ်ပြန့်လာသော ပြည်တွင်းပဋိပက္ခများ နိုင်ငံရေး နှင့် စီးပွားရေး အကျပ်အတည်းများကြောင့် စားဝတ်နေရေးအခက်အခဲအပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များက ပြည်ပသို့ နည်းလမ်းပေါင်းစုံဖြင့် သွားရောက်နေသည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခငွေမှာ တစ်ရက်လျှင် ကျပ် ၆,၈၀၀ ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တိုက်ပွဲမဖြစ်ပွားသော မြို့နယ်များတွင်ပင် စားဝတ်နေရေးခက်ခဲလာ နေကြသည်။
ထို့ပြင် စစ်ကောင်စီက စစ်သားသစ်ရရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့်လည်း လူငယ်များ တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ကောင်စီကလည်း ထိုသူများ ပြည်ပထွက်ခွင့်မရရန် နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်ထားသည်။