
မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ရောက်ရှိနေချိန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများကို ယမန်နေ့ (မတ် ၅ ရက်) တွင် ကနဦး စေလွှတ်လိုက်ကြောင်း သိရသည်။
မြန်မာပြည်တွင်းအလုပ်အကိုင်အေဂျင်စီ Vista International ကုမ္ပဏီသည် ရုရှားနိုင်ငံရှိ Joint-Stock Company ‘Inturd’ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ရန် စေလွှတ်မည့် မြန်မာလုပ်သား ၅၄ ဦးအနက် ၂၄ ဦးကို ယမန်နေ့တွင် ကနဦးစေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု မတ် ၆ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ်သော နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားသည်။
မြန်မာအလုပ်သမားစေလွှတ်နိုင်ရန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားအလုပ်သမား၊ လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးရန် စီစဉ်နေ သည်၊ MoU မထိုးမီ ယခုကဲ့သို့စေလွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယူကရိန်းနိုင်ငံကို ကျုးကျော်စစ်ဆင်နွှဲနေသည့် ရုရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေးအတွက် စစ်ကောင်စီနှင့် နီးစပ်သည့် အေဂျင်စီ နှစ်ခုက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ကြိုးပမ်းနေကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရုရှားမှာလည်း အလုပ်ကောင်းတယ်ပြောတာရှိတော့ ကုမ္ပဏီတချို့ကြိုးစားနေပေမယ့် သူတို့နဲ့ (စစ်တပ် နဲ့) အချိတ်အဆက်ရှိတဲ့ကုမ္ပဏီတွေပဲ ပိုများတယ်။ ရုရှားကိုက မိတ်ဖက်နိုင်ငံလို့ သဘောထားတော့ ရုရှားကို များများပို့စေချင်တာပေါ့” ဟု ၎င်းက ဆိုသည်။ ၏
စစ်တပ်အာဏာမသိမ်းမီ ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ခြင်းမရှိပေ။
မြန်မာနိုင်ငံတွင်လည်း အနိမ့်ဆုံးလုပ်ခငွေမှာ တစ်ရက်လျှင် ကျပ် ၆,၈၀၀ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်း ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တိုက်ပွဲမဖြစ်ပွားသောမြို့နယ်များတွင်ပင် စားဝတ်နေရေး ခက်ခဲလာနေကြသည်။
ထို့ပြင် စစ်ကောင်စီက စစ်သားသစ်ရရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့်လည်း လူငယ်များ တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ကောင်စီကလည်း ထိုသူများ ပြည်ပထွက်ခွင့်မရရန် နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်ထားသည်။
မတ် ၃ ရက်နေ့က ရုရှားနိုင်ငံသို့ရောက်ရှိလာသော စစ်ခေါင်းဆောင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားဝန်ကြီးချုပ််၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံခဲ့သည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်၊ ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်ခေါင်းဆောင်တို့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာက ရုရှားနိုင်ငံ၊ Vladivostok တွင် ကျင်းပသည့် အရှေ့စီးပွားရေးဖိုရမ်တွင် တစ်ကြိမ် ၊ (မတ်လ ၄ ရက်) တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Grand Kremlin နန်းတော်၌ တစ်ကြိမ် တွေ့ဆုံထားသည်။
နေပြည်တော်တွင် ဝန်ကြီးဌာနလေးခုမှ ဝန်ထမ်းများကိုလည်း ရုရှားပြန် စစ်ဗိုလ်များက ရုရှားဘာသာ စကား သင်ကြားနေပေးသည်။
စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံရာတွင် ရုရှားတွင်လုပ်သားရှားပါးသဖြင့် မြန်မာအလုပ်သမားများ ရုရှားခေါ်ယူရေးလည်းပါရှိကြောင်း ရုရှားစီးပွားရေးဝန်ကြီး ရက်ရှက်နစ်ကော့ (Reshetnikov) က အင်တာဖက်စ် (Interfax)သတင်းဌာနသို့ ပြောဆိုထားသည်။
ရုရှားသည် လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသဖြင့် မြန်မာအပါအဝင် အာရှနိုင်ငံများရှိ ရွှေ့ပြောင်း လုပ်သားများကို ခေါ်ယူရေးအတွက် ကြိုးပမ်းနေသည်ဟု ရုရှားစီးပွားရေးဝန်ကြီးက လွန်ခဲ့သည့် အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုထားသည်။
ရုရှားနိုင်ငံပိုင် Interfax သတင်းဌာနသို့ ဝန်ကြီးက ပြောကြားရာ၌ အလုပ်လက်မဲ့နှုန်းသည် ယခုအခါ စံချိန်တင် ၂ ဒဿမ ၃ ရာခိုင်နှုန်းသို့ ထိုးကျနေကြောင်း၊ ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်သွား သည့် နိုင်ငံများမှ လုပ်သားခေါ်ယူနေသည့် အခြေအနေကို အာရှအထိတိုးချဲ့သွားလိုသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် လူဦးရေ ၅၅ သန်းရှိသည့်အနက် ၆ သန်းမှာ ပြည်ပသို့ သွားရောက်အလုပ်လုပ်နေ ကြောင်း၊ ထို့ကြောင့်မြန်မာမှ လုပ်သားခေါ်ယူသင့်ကြောင်းလည်း ဝန်ကြီးကဆိုသည်။
“ခေါ်နေကျနိုင်ငံတွေက ခေါ်တာကို ဆုပ်ကိုင်မထားသင့်တော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ်၊ တက်တက် ကြွကြွနဲ့ လုပ်သားရင်းမြစ်တွေတင်ပို့နေတဲ့ နိုင်ငံသစ်တွေကို ကြည့်ဖို့လိုပြီ” ဟု စီးပွားရေးဝန်ကြီး မက်ဆင် ရက်ချက်နစ်ကော့က အောက်လွှတ်တော်တွင် အင်္ဂါနေ့က ပြောဆိုခဲ့သည်။