ဆောင်းပါးလေ့လာသုံးသပ်ချက်

တရုတ်နှင့် အမေရိကန်အကြား ထိုင်းအစိုးရ၏ “ဝီဂါအရေး”

ခိုလှုံခွင့်တောင်းသူများကို ထိုင်းအစိုးရက အန္တရာယ်မကင်းသောနေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့လိုက်ခြင်းကြောင့် ဒဏ်ခတ်အရေးယူ၊ ပြစ်တင်ရှုတ်ချမှုနှင့် ရင်ဆိုင်နေရသည်။

၂၀၂၅ ခုနှစ် နှစ်ဆန်းကတည်းက ထိုင်းနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးအခြေအနေသည် တဖြည်းဖြည်း လှုပ်ခတ်လာခဲ့ရာ ထိုင်းလွှတ်တော်အတွင်း နိုင်ငံရေးခေါင်းဆောင်များအပေါ် အယုံအကြည်မရှိဆွေးနွေးပွဲ ကျင်းပပြီး၊ လက်ရှိဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆို ဆွေးနွေးခြင်းက ထိပ်ဆုံးရောက်နေရာ ရုတ်တရက် အလှည့်အပြောင်း ဖြစ်တတ်သော ထိုင်းနိုင်ငံရေး ရေဆူအမှတ် မြင့်တက်လာနေခြင်းကို စိတ်ဝင်စားဖွယ် တွေ့မြင်နေရသည်။    

ပထမဆုံး ထိုင်းနိုင်ငံရေးသည် ဇန်နဝါရီလအတွင်း တရုတ်နှစ်သစ်ကူးနေ့ နီးကပ်လာချိန်  တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို မြန်မာနယ်စပ်မြို့ မြဝတီတွင် ခြေကုတ်ယူသောင်းကျန်းနေသော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက အွန်လိုင်းမှ လိမ်လည်လှည့်ဖျား လူကုန်ကူးခဲ့သည့် ဖြစ်ရပ် ရုတ်တရက် ပေါ်ပေါက်လာကြောင့် အလွန်အမင်း လှုပ်ခတ်သွားပြီး၊ ဒေသအတွင်း လူအများ အာရုံစိုက်ခံခဲ့ရသောအမှု ဖြစ်ခဲ့သည်။ 

ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေး တရုတ်-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း စစ်ဆင်ရေးများဖြင့် နိုင်ငံတကာအလယ်တွင် ထိုင်းအစိုးရပုံရိပ်ကောင်းထွက်ရန် ကြိုးပမ်းနေစဥ်၊  ဝီဂါဒုက္ခသည်များကို တရုတ်အစိုးရ အလိုကျ တရုတ်နိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခဲ့သည်။ ကာလကြာရှည်မဟာမိတ် အမေရိကန်နိုင်ငံက ထိုင်းအစိုးရကို အရေးယူဒဏ်ခတ်မှုနှင့် ဥရောပပါလီမန်၏ ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်များအထိ ဆင့်ကဲဖြစ်စဥ်များ ဖြစ်ပေါ်လျက်ရှိသည်။

ထိုင်းနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်စဥ်များက   ထိုင်းနိုင်ငံအနှံ့ကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်လျက်ရှိသော သန်းနှင့်ချီသော မြန်မာနိုင်ငံသားများနှင့် တိုက် ရိုက်မသက်ဆိုင်သော်ငြားလည်း၊ ၎င်းတို့အပေါ်  များစွာရိုက်ခတ်မှုများ ရှိနေခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံရေး ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မျက်ခြေမပြတ် လေ့လာရမည့်ကိစ္စအဖြစ် ယုံကြည်သဖြင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။

မဟာမိတ် အမေရိကန်နှင့် ဝေးကွာလာပြီး၊ တရုတ်နှင့် နီးကပ်လာသော ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း ၁၉၅၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ၏ တစ်ခုတည်း သော စာချုပ်အခြေပြုမဟာမိတ် (Treaty-based Alliance) ဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် ကတည်းက  အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား နေတိုးစစ်မဟာမိတ်အုပ်စုပြင်ပ အဓိက စစ်ရေးမဟာမိတ်လည်း ဖြစ်သည်။ 

ထိုကဲ့သို့ အစဥ်အလာ မဟာမိတ်ဆက်ဆံရေး ရှိထားသော ထိုင်းအစိုးရကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို က ထိုင်းနိုင်ငံအတွင်း ခိုလှုံနေသော ဝီဂါလူနည်းစုလူမျိုး ၄၀   တရုတ်နိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခဲ့မှုအတွက် လက်ရှိနှင့် ယခင် ထိုင်းအစိုးရအရာရှိကြီးများကို အမေရိကန်နိုင်ငံသို့ ခရီးသွား လာခွင့်ပိတ်ပင်ကန့်သတ်သော အရေးယူပိတ်ဆို့မှု ပြုလုပ်ကြောင်း မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။ 

ထိုနေ့မတိုင်မီ မတ်လ ၁၃ ရက်နေ့ကလည်း ဥရောပပါလီမန်က   ဝီဂါလူမျိုး ၄၀ ကို အတင်းအကျပ် ပြန်လည်ပို့ဆောင်ခဲ့မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့ပြီး၊ အလားတူ ၎င်းတို့၏နေရပ်ရင်းသို့ ပြန်ပို့ခံရလျှင် အန္တရာယ်ကြုံရနိုင်သော ဒုက္ခသည်များကို နောက်ထပ် အတင်း အကျပ် ပြန်လည်ပို့ဆောင်သည့်လုပ်ရပ်ကို ရပ်တန့်ရန်   ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။  

ထိုင်း-အမေရိကန်နှင့် ထိုင်း-ဥရောပ ဆက်ဆံရေးသမိုင်းတစ်လျှောက် ဖြစ်ခဲလှသော သံတမန်ရေး တင်းမာမှု ဖြစ်သည်။ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန က တုံ့ပြန်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ထိုင်းနိုင်ငံ အနေဖြင့် အမေရိကန်အစိုးရနှင့် ထားရှိသော စာချုပ်အခြေပြု မဟာမိတ်ဆက်ဆံရေးကို တန်းဖိုးထားသည်၊ တရုတ်အစိုးရထံကလည်း ပြန့်ပို့ခံရသော ဝီဂါလူမျိုးတို့၏  လုံခြုံရေးကို အာမခံသည့် သတင်းစကား ရရှိထားပြီးဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

မတ်လ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်း က အမေရိကန်အစိုး‌ရ အနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်ခုအကြား လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းနှိမ်နင်းမှုများကို ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်နေခြင်းအပေါ် ကြားဝင်စွက်ဖက်ခွင့် မရှိ  ဟု တုံ့ပြန်ခဲ့သည်။ မော်နင်းအဆိုအရ ဝီဂါ ၄၀ ကို လူကုန်ကူးမှု (Human Trafficking) ခေါင်းစဥ် အောက်တွင် တရုတ်နှင့် ထိုင်းအစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြဟန်တူသည်။

စင်စစ် ထိုင်းအစိုးရသည် ဘန်ကောက်မြို့တော်ရှိ Suan Phlu လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းတွင် ဆယ်စုနှစ် တစ်ခုကျော် ထိန်းသိမ်းထားခဲ့သော ဝီဂါလူမျိုး ၄၀ ကို ဘန်ကောက်မြို့ကြီး အိပ်မောကျနေချိန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၂း၁၄ တွင် အလုံပိတ်ကားများဖြင့် ခေါ်ထုတ်သွားခဲ့သည်။ 

နံနက် ၄း၄၈ တွင် Don Mueang နိုင်ငံတကာလေ့ဆိပ်၌ အသင့်စောင့်နေသော China Southern Airlines လေယာဥ်ပေါ်သို့ တင် ပေးလိုက်ကြောင်း၊ Human Rights Watch အဖွဲ့ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာဥပဒေများကို ထိုင်း အစိုးရက ချိုးဖောက်ခဲ့ခြင်း ဖြစ်သည် ဟု ထိုအဖွဲ့က ကန့်ကွက်ခဲ့သည်။   

အစောပိုင်းတွင် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ဝီဂါများ၏ သဘောဆန္ဒအရ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ခုခံခြေပခဲ့သော်လည်း၊ အတိုက်အခံ ထိုင်းနိုင်ငံရေးပါတီခေါင်းဆောင်များက အဆိုပါပြောဆိုချက်သည် လိမ်ညာ မှု သက်သက်ဖြစ်ကြောင်း အထောက်အထားများဖြင့် လူသိရှင်ကြား တုံ့ပြန်လာကြသည့်အခါ၊ တရုတ်အစိုးရ နှင့် လျှို့ဝှက်ညှိနှိုင်းသဘောတူ လုပ်ဆောင်ခဲ့ရသည့် အခြေအနေသည် တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။  

အထူးသဖြင့် ဖေဖော်ဝါရီလဆန်းပိုင်း ဝန်ကြီးချုပ် ပေထုန်တန်၏ တရုတ်နိုင်ငံသို့ တရားဝင်လည်ပတ်သည့် ခရီးစဥ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေး ရာတွင်၊ ဝီဂါလူမျိုး ၄၀ ကို ပြန်လည်ပို့ဆောင် ရေးလည်း ပါဝင်ခဲ့သည်ဟု သိရှိရသည်။ 

ပေထုန်တန်က ၎င်းတွင် “တရုတ်သွေး” ပါသည်ဟုပင် ရှီကျင့်ဖျင်ကို ပြောဆိုပြီး၊ အမေရိကန်၏ အစဥ်အလာ မဟာမိတ် ထိုင်းအစိုးရအကြီးအကဲတစ်ဦးက တရုတ်အစိုးရနှင့် နီးကပ်သောဆက်ဆံရေး တည်ဆောက်ရန် ရှီကျင့်ဖျင် သည်းခြေခိုက်စကားဖြင့် ကြိုးပမ်းခဲ့သည်။ 

ဒုက္ခသည်များကို စောင့်ရှောက်ကူညီတတ်သော ထိုင်းအစိုးရ၏ လူသားချင်စာနာမှုမူဝါဒကို မေးခွန်းထုတ်

ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားသောနိုင်ငံ မဟုတ်သော်လည်း၊ ၁၉၇၀ ပြည့်လွန်နှစ်များကာလ အမေရိကန်-ဗီယက်နမ်စစ်ပွဲနှင့် အင်ဒိုချိုင်းနားစစ်ပွဲများ အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့သော စစ်ပြေးဒုက္ခသည်များကို လက်ခံထားသောနိုင်ငံဖြစ်ပြီး၊ ထိုင်းတို့၏ လူသား ချင်းစာနာမှုအကူအညီကို နိုင်ငံတကာက ချီးကျူးခဲ့ကြသည်။ 

ထို့အပြင် တရုတ်နှင့် မြောက်ကိုရီးယားကဲ့သို့ ကွန်မြူနစ်အာဏာရှင်နိုင်ငံများလက်အောက် မနေလို၍ ထွက် ပြေး လာသူများသည် ထိုင်းနိုင်ငံသို့ အခက်အခဲများကြားမှ ရောက်ရှိခိုလှုံကြသော မှတ်တမ်းများ ရှိခဲ့ပြီး၊ ထိုင်း အစိုးရသည် ဘန်ကောက်မြို့တော်အပါအဝင် နိုင်ငံအနှံ့တွင် ရောက်ရှိနေသော ဒုက္ခသည်များကို အတင်းအကျပ် ဖမ်းဆီးပြန်ပို့ခဲ့သည့် ဖြစ်ရပ်မျိုး နည်းပါးခဲ့သည်။

သို့သော် ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ဩဇာလောင်းရိပ်တွင် “ရုပ်သေး” ဝန်ကြီးချုပ် ဖြစ်နေသူ ဟု ထိုင်းနိုင်ငံရေးအသိုက်အဝန်းအကြား ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခံနေရသော သက်ဆင်၏ သမီး ပေထုန်တန် ရှာနာဝပ် အစိုးရလက်ထက်တွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ခံရလျှင် ဖမ်းဆီးအရေး ယူခြင်းခံရနိုင်သည်ကို သိလျက်နှင့် အတင်းအကျပ် ပြန်ပို့ခဲ့သော ဒုက္ခသည်များအထဲ ဝီဂါလူမျိုး ၄၀ အရေးသည် ဒုတိယမြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

၂၀၂၄ ခုနှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံတွင် ခိုလှုံနေသော UNHCR လက်မှတ်ရ ကမ္ဘောဒီးယားနိုင်ငံသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ဦးကို ၎င်းတို့၏နေရပ်နိုင်ငံသို့ အတင်းအကျပ်ပြန်လည်ပို့ဆောင်ခဲ့ရာ ကမ္ဘောဒီးယား အစိုးရက ၎င်းတို့ ကမ္ဘောဒီးယားမြေပေါ် ခြေနင်းသည်နှင့် ချက်ချင်းဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှု ဖြင့် စွဲချက် တင် တရားစွဲခဲ့သည်။ 

ထို့အတူ အင်ဒိုချိုင်းနားစစ်ပွဲများအလွန် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက အိမ်နီးချင်းမြန်မာနိုင်ငံမှ ပြည်တွင်းစစ် ဒဏ်ကြောင့် ထွက်ပြေးခိုလှုံခဲ့ရသော မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက နယ်စပ်ဒေသ များတွင် ဒုက္ခသည်စခန်း ၉ခု ဖွင့်လှစ်ပြီး ဆယ်စုနှစ်များစွာ  လက်ခံထားရုံသာမက ယနေ့အချိန်ထိ မြန်မာနိုင်ငံမှ တိုင်းရင်းသားစုံ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို လက်ခံထားဆဲ ဖြစ်သည်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ တက္ကသိုလ်ဆရာ/ဆရာမများ၊ နိုင်ငံရေးသမားများ စသဖြင့် အလွှာစုံသည် ထိုင်းနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရပြီး ယနေ့တိုင် ခိုလှုံနေဆဲ ဖြစ်သည်။ ထို့အတွက် ထိုင်းအစိုးရအဆက်ဆက်က လူသားချင်းစာနာမှု မူဝါဒဖြင့် လက်ခံ ထားပေးခဲ့ခြင်းက အလွန်ကျေးဇူးတင်စရာကောင်းပါသည်။  

သို့သော် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်အထောက်အထားမဲ့ ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများကို ယခုနှစ် အတွင်း ဖမ်းဆီးပြီး အာဏာသိမ်းစစ်ကောင်စီထံ လွှဲပြောင်းပေးနေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးခြင်းခံရသော အသက် ၁၈ နှင့် ၃၅ နှစ်အကြား လူငယ်များသည် ၎င်းတို့မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းခွင့် မရကြဘဲ၊ စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခြင်း ခံနေရသည်။ 

ထို့နောက် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခြင်းခံရခြင်းက သေမိန့်ချသည်နှင့်မခြား ဖြစ်နေပြီး၊ ထိုကဲ့သို့ အခြေအနေများ ရင်ဆိုင်ကြုံတွေ့နေရလင့်ကစား ထိုင်းအစိုးရက ထည့်တွက်ခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီး ပြန်ပို့နေသလို၊ နိုင်ငံတကာကလည်း  ထိထိရောက်ရောက် ကန့်ကွက်ဟန့်တားခြင်း အားနည်းလျက်ရှိကြောင်း လေ့လာ တွေ့ရှိရသည်။ ဤသို့ဖြင့် ထိုင်းအစိုးရ၏ လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒကို မေးခွန်ထုတ်လာနေပြီ ဖြစ်သည်။

“မလွတ်လပ်သော နိုင်ငံ” စာရင်းတွင် ပါဝင်လာသော ထိုင်းနိုင်ငံ

Freedom House အဖွဲ့ကြီးက နှစ်စဥ်ထုတ်ပြန်သော Freedom in the World 2025 အစီရင်ခံစာတွင် ထိုင်းနိုင်ငံ သည် နိုင်ငံရေးအရ “မလွတ်လပ်သော” (Not Free) နိုင်ငံအမျိုးအစား စာရင်းထဲ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ယခင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း ပရာရွတ်ချန်အိုချာ လက်ထက်များက “တစ်စိတ် တစ်ပိုင်း လွတ်လပ်သော” (Partly Free) နိုင်ငံများစာရင်းတွင် ရှိနေခဲ့သေးသည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်မှု အဆင့်အတန်း ကျဆင်းသွားရခြင်း အဓိကအကြောင်းရင်း နှစ်ရပ် မှာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရ Move Forward Party ကို အစိုးရမဖွဲ့စည်းနိုင်စေရန် ပိတ်ဆို့ဟန့်တားခဲ့ခြင်းနှင့် နောက်ဆုံး ဖျက်သိမ်းခဲ့ခြင်း၊ ဝီဂါလူမျိုး ၄၀ဦး အပါအဝင် ၎င်းတို့နိုင်ငံ အစိုးရများ၏ ဖိနှိမ်မှုအောက်မှ ထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိခိုလှုံနေကြသော ဒုက္ခသည်များကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်နေမှုများ ပါဝင်သည်။

လက်ရှိဖြစ်ပေါ်နေသော ထိုင်းနိုင်ငံရေးကို ခြုံငုံသုံးသပ်လျှင် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်သည် ပြည်တွင်း နိုင်ငံရေးဦးဆောင်မှုတွင် ၎င်း၏စွမ်းဆောင်ရည်အပေါ် တစ်နေ့တစ်ခြား သံသယဖြစ် မေးခွန်းထုတ်ခံလာရပြီး၊ အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်သည့် ယခင် Move Forward Party တစ်ဖြစ်လဲ၊ ယခု People’s Party ၏ လွှတ်တော်နိုင်ငံရေးအတွင်း ဖိအားပေး စိန်ခေါ်ခြင်းကို ပို၍ရင်ဆိုင်လာရသည်။ သို့သော် ပေထုန်တန်ဦးဆောင် သော ထိုင်းညွှန့်ပေါင်းအစိုးရသည် လွှတ်တော်အတွက် မဲအလုံအလောက်ရရှိထားခြင်းကြောင့် အဓိက အတိုက် အခံ People’s Party ၏ ဖိအားများကို ရင်ဆိုင်ကျော်လွှားနိုင်သေးသည်။ 

သို့သော် ထိုင်းအစိုးရကို အမှန်တကယ်ဦးဆောင်နေသူမှာ ပေထုန်တန်မဟုတ်ဘဲ၊ ၎င်း၏ဖခင် ဝန်ကြီးချုပ် ဟောင်း သက်ဆင်သာဖြစ်ကြောင်း ထိုင်းလူထုအကြား ကျယ်ကျယ်ပြန့်ပြန် လက်ခံထားခြင်း၊ အရပ်သားအစိုးရ ဖြစ်သော်ငြား လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုများ ကျဆင်းလာနေခြင်း၊ မကြုံစဖူး မဟာမိတ် နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုနှင့် ပြစ်တင်ရှုတ်ချမှုများ ရင်ဆိုင်လာရခြင်းတို့ကြောင့် ၂၀၂၇ ခုနှစ်တွင် နောက် တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်အထိ ပေထုန်တန်အစိုးရ အာဏာတည်မြဲနိုင်ပါမလား ဆိုသည့် မေးခွန်းထုတ်မှုများ ရှိနေပါကြောင်း ဆွေးနွေးသုံးသပ်တင်ပြလိုက်ပါသည်။ 


Show More

Related Articles

Back to top button