သတင်း

မြောင်တွင် အင်ဂျင်တပ်လေထီးနှင့် လက်နက်ကြီးကြောင့် အငြိမ်းစားဆရာမအပါအဝင် ၄ ဦး သေ 

မြို့ပေါ်ရှိ စခန်းတစ်ခု အလစ်အငိုက် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီး၊ လက်နက် ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်စဉ် အရပ်သားများ ထိခိုက်သေဆုံးသွားကြသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းတစ်ခုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ အင်ဂျင်တပ်လေထီးတို့ဖြင့် တုံ့ပြန် ခဲ့ရာ အသက် ၈၀ အရွယ် အငြိမ်းစားကျောင်းဆရာမအပါအဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့ ၊ နေ့လယ်က မြောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်အခြေချနေရာတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့သည်၊ မတ် ၁၉ နှင့် ၂၀ ရက်နေ့တို့တွင် စစ်တပ်က ၂ ရက် ဆက်တိုက် တုံ့ပြန်ပစ်ခတ်စဉ် ဒေသခံများ သေဆုံးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၉ ရက်နေ့တွင် မြောင်မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ တောင်ဘက် လှေတင်ဦးရွာတွင် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ယင်းညမှာပင် အင်ဂျင်တပ်လေထီးဖြင့် မြောင်မြို့ပေါ်ကို ဗုံးကြဲခဲ့သည်။

မြောင်မြို့ပေါ်မှ အသက် ၈၀ အရွယ် အငြိမ်းစား ကျောင်းဆရာမ ဒေါ်ခင်မျိုးတင့်၊ သားဖြစ်သူ ၄၅နှစ် အရွယ် ဦးဇင်ထူး သေဆုံးခဲ့ပြီး သမီးဖြစ်သူလည်း ခြေထောက်ပြတ်တောက်သွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦးက ပြောသည်။ 

“သူ့ (ဒေါ်ခင်မျိုးတင့်)အိမ်က မီးစက်ရှိတော့ ရပ်ကွက်ထဲက ဖုန်းအားသွင်းတဲ့သူတွေက ဖုန်းအား လာသွင်းကြတာ။  သူ့အိမ်က မီးစက်မောင်းသေးတော့  မီးရောင်က တစ်မြို့လုံးမှာ သူ့တစ်အိမ်တည်း မီးလင်းနေတော့ သူ့အိမ်ကို ဗုံးလာချသွားတာ”  ဟု သူက ဆိုသည်။ 

နောက်တစ်နေ့ (မတ် ၂၀ ရက်) တွင် မြောင်မြို့ပေါ် စစ်တပ်က လက်နက်ကြီးပစ်ခတ်နေ၍ မြို့မြောက်ဘက် ကျည်ကုန်းရွာတွင် ကျရောက်ပေါက်ကွဲကာ အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည် ဟု ၎င်းက ဆက်ပြောသည်။ 

မြောင်မြို့ပေါ်မှ စစ်တပ်ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းသာဖြစ်သည်ဟု မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦးက ပြောသည်။ 

“ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကင်းကို ဝင်ပစ်တော့ စခန်းထဲ ဝင်ပြေးတယ်။ အဲဒါကို ကာကွယ် ရေးတပ်တွေက ဆက်လိုက်ပြီးပစ်တဲ့အခါမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းကို လာသိမ်းတယ် ထင်ပြီးတော့ အင်အားအလုံးအရင်းတွေနဲ့ ရောက်လာတယ်” ဟု ၎င်းက ဆိုသည်။

မြင်းမူမြို့မှ စစ်သားအင်အား ၆၀ ခန့်သည် ယမန်နေ့က မြောင်မြို့သို့ ရောက်ရှိလာကြပြီး မြို့အဝင် ခြေတော်ရာ၊ ကျော့မင်းရွာများနှင့် ဓာတ်တော်ဘုရားတို့တွင် နေရာယူထားသည်ဟု မြောင်ဒေသခံတစ်ဦး က ပြောသည်။ 

လတ်တလောတွင် မြောင်မြို့အနီးတဝိုက်ကိုလည်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းက ထိုးလာသဖြင့် ကတို့ကုန်း၊ မရိုးကုန်း ၊ လှေတင်ကုန်း ၊ ကျည်ကုန်း စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရကာ စိုက်ခင်းများကို ရိတ်သိမ်းရမည့်အချိန်ဖြစ်၍ ဒေသခံများ အခက်တွေ့နေသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မြောင်မြို့နယ် လူသားစာနာမှု တာဝန်ခံ မရွှေဆင့်က ပြောသည်။

“စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအခက်အခဲရှိတယ်။ ဆေးဝါးအခက်အခဲတွေရှိတယ်။  ပြည်သူ တွေက နေ့ဘက်ရော ညဘက်ပါ ပြေးလွှားနေရတယ်။  မြောင်မှာ အနောက်ဘက်ရော၊ အရှေ့ကရော စစ်ကြောင်းထိုးနေတာကို ခါးစည်းခံနေရတယ်”  

ယခုဆန်းပိုင်းက စတင်ပြီး မြောင်မြို့အနီးရှိ ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသကို လည်း စစ်ကောင်စီတပ်က ကြည်း၊ရေ၊လေ တပ်ဖွဲ့များဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေရာ  မြောင်မြို့နယ် ပန်းညိုရွာအပါအဝင် ရွာအများအပြားမှ အိမ်ခြေ မီးရှို့ခံထားရပြီး ၃ ပတ်အတွင်း ဒေသခံ ၁၈ ဦး ထက်မနည်း သတ်ဖြတ်ခံရသည်။ 

အိမ်ခြေ ၅၀၀ နီးပါး မီးရှို့ခံထားရပြီး ၁၀ ရွာထက်မနည်းမှ ဒေသခံ ၂၀၀၀၀ ကျော် တိမ်းရှောင်နေရသည်၊ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ရေစကြိုမြို့နယ် မိုးဖြူ၊ မိုးကွဲရွာများဘက်သို့ စစ်‌ကြောင်းဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးနေကြပြီး တချို့ဖမ်းဆီးခံထားရကြောင်း ဒေသသတင်းများ ဖော်ပြနေသည့် Yesagyo Info  Committee  က  တယ်လီဂရမ်နှင့် ဖေ့ဘွတ်တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မကွေးတိုင်းတို့နှင့် နယ်မြေထိစပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များ အင်အား ကောင်းသည့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ် အတွက်သာမက တော်လှန်ရေး တပ်ဖွဲ့များအတွက် လည်း အရေးပါသည်။ 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ် လမှ ၂၀၂၅ ဇန်နဝါရီလအထိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းတွင် အရပ်သား ၅၃၀၄ ဦးသေဆုံးခဲ့ပြီး ၃၇၈၈ ဦး ဒဏ်ရာရရှိခဲ့သည်၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၇၈ ဦး သေဆုံးခဲ့ပြီး ၅၃၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲသတင်းများကို လေ့လာစောင့်ကြည့်နေသည့် Data For Myanmar အဖွဲ့က မတ် ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Related Articles

Back to top button