
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပူးပေါင်းနှိမ်နင်းမှုများ လုပ်ဆောင်နေသော်လည်း ထိုလုပ်ငန်းများတွင် လူတစ်သိန်းကျော်အထိ အလုပ်ဆက်လုပ်နေဆဲ ဖြစ် သည်ဟု ထိုင်းနိုင်ငံ၏ ရဲချုပ်ဖြစ်သူ Thatchai Pitaneelaboot က ယမန်နေ့(မတ်လ ၁၈) ရက်နေ့က ပြောဆိုလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြလာသည်။
ကရင်ပြည်နယ် မြ၀တီဒေသတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသော ကျားဖြန့်လုပ်ငန်းများမှ လူပေါင်း ၅၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့သော်လည်း ရာနှင့်ချီသော သူများသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ကျားဖြန့်လုပ်ငန်းများဆီသို့ အလုပ်ပြန်ဝင်ခဲ့ကြသည်ဟု ထိုင်းရဲချုပ်က ဆိုသေးသည်။
ထို့အပြင် ထိုသူများသည် တယ်လီဖုန်းခေါ်ပြီး ငွေကြေးလိမ်လည်သော ရာဇဝတ်ဂိုဏ်းများသာမက အွန်လိုင်းလောင်းကစား နှင့် တခြားလုပ်ငန်များတွင်ပါက အလုပ်အကိုင်ရှာဖွေနေကြသည်ဟု သူက ပြောဆိုသည်။
လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း နှင့် လိမ်လည်လှည့်ဖျားခြင်း ကဲ့သို့ သော နာမည်ဆိုးများဖြင့် ကျော်ကြားသော ကျားဖြန့်လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီဒေသမှ ရွှေကုက္ကိုမြို့သစ်၊ KK Park ၊ ဝမ်ခ၊ မယ်ထော်သလေး နှင့် ကျောက်ခ တ်ဒေသတို့ အခြေချကာ လုပ်ငန်းလုပ်ကိုင်နေကြသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်ရှိ ဘုရားသုံးဆူမြို့ နှင့် ရှမ်း ပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင်လည်း တရုတ်ကျားဖြန့်လုပ်ငန်းများမှာ ခိုအောင်း လှုပ်ရှား နေလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ အခြေချရာ ဒေသများကို ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် (DKBA) နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့က ထိန်းချုပ်ထားကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံသား သရုပ်ဆောင်ဝမ်ရှင်း မြ၀တီဒေသရှိအွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုထံ ရောင်းစားခံရသည့် ဖြစ်စဉ်ပေါ်လာပြီးနောက် ထိုဒေသ၏အခြေအနေ အပြောင်းအလဲများ စွာရှိလာခဲ့သည်။
ဝမ်ရှင်း၏ဖြစ်ရပ်ကို အကြောင်းပြုပြီး သတင်းဝိုင်းဝန်းရေးသားကြရာ တရုတ်အစိုးရက ထိုင်း နှင့် ဒေသတွင်းနိုင်ငံများကို ဖိအားပေးပြီး မြ၀တီဒေသ ကျားဖြန့်လုပ်ငန်းကို အရေးယူကြသည့် အစီအစဉ် ပေါ်ပေါက်လာလေသည်။
ထို့နောက် BGF သည် ဝမ်ရှင်းလွတ်မြောက်ရေးအတွက် အကူအညီများပေးခဲ့ရသလို တရုတ် နှင့် ထိုင်း တို့၏ လျှပ် စစ်မီး နှင့် လောင်စာဆီ ဖြတ်တောက်သော ဖိအားပေးမှုကြောင့်လည်း ၎င်းတို့ထိန်းချုပ်ရာ ရွှေကုက္ကို နှင့် KK Park အစရှိသော ဒေသများရှိ ကျားဖြန့်များကို နှိပ်နင်းမှု စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ စတင်ခဲ့သည်။
ထိုင်းရဲချုပ်၏ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် လူတစ်သိန်းကျော်က ကျားဖြန့်လုပ်ငန်းများတွင် ဆက်လက်အလုပ်လုပ်ကိုင်နေဆဲဖြစ်သည်ဟု ပြောဆိုချက်သည် လုံး၀မှားယွင်းသည့် ပြောဆိုချက် ဖြစ်ကြောင်း BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Myanmar Now သို့ ပြော သည်။
“ ဘာကိုအခြေခံပြီး ဘာကိုပြောတာလဲ ကျွန်တော်တို့မသိဘူး၊ ပြောတာကတော့ လွယ်ပါတယ်။ လူ ၁၀ သိန်းဆိုပြီးလည်း ပြောလို့ရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တိုက်ဖျက်ရေးလုပ်ငန်းတွေက ရပ်နေတာမှ မဟုတ်တာ ဆက်လုပ်နေတာပဲ” ဟု သူက ဆိုသည်။
BGF အနေဖြင့် မြ၀တီဒေသတွင် အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လုပ်ကိုင်နေသော ကျားဖြန့်ဂိုဏ်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှ စတင်နှိမ်နင်းလျက်ရှိရာ တစ်လအတွင်း နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၇၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသား များဖြစ်သည်။
ထိုသူများထဲမှာ လူပေါင်း ၄၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲ ပြောင်းပေးထားပြီး ၃၀၀၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားပြီး လွှဲပြောင်းရန် လုပ်ဆောင်လျက်ရှိ သည်ဟု BGF ထံမှ သိရသည်။
BGF ထိန်းချုပ်ရာ ရွှေကုက္ကို နှင့် KK Park ဒေသများ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သော လူနေ အဆောက်အအုံ နှင့် တိုက်ခန်းများကို BGF က ပြန်လည်သိမ်းဆည်းထားပြီး စီမံလုပ် ဆောင်သွား မည်ဟု BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Myanmar Now သို့ ပြောသည်။
သို့သော် ထိုအဆောက်အအုံများ နှင့် တိုက်ခန်းများကို မည်သူများက ငှားရမ်းလုပ်ကိုင်ခဲ့သလဲဆိုသော Myanmar Now ၏ မေးခွန်းကိုမူ အသေးစိတ်ပြန်လည်ဖြေကြားခြင်းမရှိပါ။
လက်ရှိအချိန်တွင် ကျားဖြန့်လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်ခဲ့သော ဂျပန်နိုင်ငံသားတစ်ဦးကို ပြန်လည်လွှဲ ပြောင်းပေးထားပြီး ကျန်ရှိနေသော ဦးဆောင်လုပ်ကိုင်ခဲ့သော ထိပ်ပိုင်းခေါင်းဆောင် တချို့ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ တရားခံပုံစံဖြင့် လွှဲပြောင်းရန် လုပ်ဆောင်လျက်ရှိသည်ဟု BGF ထံမှ သိရ သည်။
လတ်တလောတွင်ထိုင်းနယ်စပ်အခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် DKBA ကလည်း မြဝတီမြို့နယ်အတွင်း ၎င်းတို့ ထိန်းချုပ်နယ်မြေ ကျောက်ခတ်ဒေသရှိ အွန် လိုင်း ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား ရာနှင့်ချီကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်နေလျက်ရှိသည်။