
၎င်းတို့ထိန်းချုပ်ထားသည့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ရွှေကုက္ကိုလ်ရောက် တရုတ်နိုင်ငံသား ၆ ဦးအား ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များဟုသတ်မှတ်ပြီး ဖမ်းဆီးလိုက်ကြောင်း ကရင်နယ်ခြား စောင့်တပ်ဖွဲ့(BGF) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ယနေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။
BGF အရာရှိက ၎င်းတို့ထိန်းသိမ်းလိုက်သူများသည် ရွှေကုက္ကိုလ်မြို့အတွင်း လူကုန်ကူးမှု၊ ညှင်းပန်းနှိပ်စက်ကာ အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း နှင့် ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အဓိက တာဝန်ရှိသူများဖြစ်ကြောင်းလည်း စွပ်စွဲထားသည်။
“ ကျားဖြန့်လုပ်တဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ ဖမ်းဆီးထားတယ်။ သူတို့ကိုကျတော့ နိုင်ငံအစိုးရကတဆင့် သက်ဆိုင်ရာသူတို့နိုင်ငံကို ပြန်လွှဲမှာရပေါ့၊ တရားခံပုံစံနဲ့လွှဲရမှာ။ သာမန်အရပ်သားလို နေရပ်ပြန်ဆိုပြီး လွှတ်ရမှာမဟုတ်ဘူး” ဟု BGFခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏လက်ထောက် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ယနေ့တွင် ရွှေကုက္ကိုလ်မြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ဖမ်းဆီးထားသူများ၏ အသေးစိတ်အချက်အလက်ကို ၎င်းကထုတ်ဖော်ပြာဆိုခဲ့ခြင်းမရှိဘဲ နောက်ထပ်သံသယရှိသူများကိုလည်း ဆက်လက်ရှာဖွေနေသည်ဟုဆိုသည်။

ထို့အပြင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုခဲ့သော ကွန်ပျူတာများ၊ ဖုန်းများ အပါအဝင် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းထားပြီး ဖျက်ဆီးသွားမည်ဖြစ်ကြောင်း BGF ထံမှ သိရသည်။
လက်ရှိအချိန်တွင် ကျားဖြန့်လုပ်ငန်းများထံသို့ လူကုန်ကူးခံရသူများ နှင့် နေရပ်ပြန်လိုသူပေါင်း ၂၀၀၀ ကျော်ကို ကယ်ဆယ်ထားပြီး မြ၀တီမြို့ နှင့် ရွှေကုက္ကိုလ်တို့တွင် ထားရှိကာ သက်ဆိုင်ရာနိုင်ငံများသို့ လာမည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ အသုတ်လိုက်လွှဲပြောင်းနိုင်ရေး ဆက်လက်လုပ်ဆောင် နေလျက်ရှိသည်ဟု သိရသည်။
ထိုသူများထဲတွင် တရုတ်နိုင်ငံသား အများအပြားပါဝင်လျက်ရှိကြောင်း နားလည်ရပြီး အခြားနိုင်ငံသားများ၏ အရေအတွက်နှင့် နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါ။
လတ်တလောတွင်ထိုင်းနယ်စပ်အခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် DKBA က မြဝတီမြို့နယ်အတွင်း ၎င်းတို့ ထိန်းချုပ်နယ်မြေ ကျောက်ခက်ဒေသရှိ အွန် လိုင်း ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၀ ဦးကို ဖေဖော် ဝါရီ ၁၂ ရက်တွင် ထိုင်းအစိုးရထံ ပြန်လွှဲပေးခဲ့သလို ဖေဖော်ဝါရီ ၆ ရက်တွင် BGF ကလည်း ရွှေကုက္ကိုတွင် လူကုန်ကူးခံနေရသူ ၆၁ ဦးကို လွှဲပြောင်းပေးခဲ့သည်။
ထို့ကြောင့် ကရင်နှစ်တပ်ပေါင်းအနေဖြင့် ၃၂၁ ဦးကို ထိုင်းအာဏာပိုင်များထံ ကနဦး လွှဲပြောင်းပေး ထားပြီးဖြစ်သည်။
ထိုင်းဘက်ကလည်း နယ်စပ်ဒေသ ကျားဖြန့်လုပ်ငန်းများကို ဖိအားပေးသည့်အနေဖြင့် ကရင်ပြည်နယ် မြဝတီနှင့်ဘုရားသုံးဆူ၊ ရှမ်းအရှေ့ တာချီလိတ်မြို့တို့ကို လျှပ်စစ်၊ လောင်စာနှင့် ကုန်စည်များစီးဆင်းမှု ဖြတ်တောက်ထားသည်။
BGF ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူး စောတင်ဝင်းတို့ကို ထိုင်းဘက်က ဖမ်းဝရမ်းထုတ် မည်ဟူသော သတင်း ဖေဖော်ဝါရီ ၁၁ ရက် က သတင်းများထွက်လာသေးသည်။
လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအဓမ္မ ငွေလိမ်ရန် ခိုင်းမှုများဖြင့် မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုမြို့သစ်နှင့် KK Park တို့ နာမည်ကြီးနေသော်လည်း BGF ခေါင်းဆောင်များကမူ ထိုလုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစဉ်တစိုက် ငြင်းဆန်ထားကြသည်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ်(BGF) ကို ကရင်အမျိုးသားတပ်မတော် KNA အနေဖြင့်လည်း ပြောင်းလဲရပ်မည်ဟု ကြေညာထားသော်လည်း အခြားတဖက်တွင် စစ်တပ်အောက် BGF တပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေသည်။
မြန်မာနိုင်ငံတွင်းမှ ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်နိုင်ရေး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးဖြစ်သူ မစ္စတာလျိုကျုံးရီကလည်း မြန်မာနှင့် ထိုင်းနိုင်ငံသို့ မကြာသေးမီက ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့နှင့်အပြင် ထိုင်းနိုင်ငံမှ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး လူကုန်ကူးခံရသော ၎င်းတို့နိုင်ငံသားများ ပြန်လည်လွှဲ ပြောင်းနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသေးသည်။
