စီးပွားရေးသတင်း

ကုန်ကားရာချီဖမ်းဆီးခံရပြီးနောက်  မြဝတီနယ်စပ်ကုန်သွယ်ရေးကျဆင်းနေ 

မှောင်ခိုလမ်းကြောင်းမှ ထိုင်းကုန်စည်သယ်ဆောင်သည်ဟုဆိုကာ ကုန်တင်ကား ၃၀၀ ကျော်ကို ဘားအံမြို့တွင်စစ်တပ်ကဖမ်းဆီးထားပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကျဆင်းသွားခဲ့သည်။

ထိုင်းထုတ်ကုန်များကိုသယ်ဆောင်လာသည့်  ကုန်တင်ယာဉ် ၃၀၀ ကျော် ယခုလ အစောပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တားဆီးခံရပြီးနောက်  ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားသည်။

စစ်ကောင်စီက ထိုကားများကို တရားမဝင်ကုန်သွယ်မှုတားဆီးရေးအကြောင်းပြချက်ဖြင့်  သီရိကားကွင်းအတွင်း ထိန်းသိမ်းထားသည်၊  ကားပေါ်ပါကုန်စည်များကို အခွန်ဆောင်ခြင်းရှိမရှိ အသုတ်လိုက်ခွဲကာ စစ်ဆေးနေပြီး အထောက်ထားမပြနိုင်သည့် ကုန်စည်များကို ဖမ်းဆီးသိမ်းဆည်းနေသည်ဟု သိရသည်။

ဘားအံမြို့အနီး စစ်ဆေးရေးဂိတ်တွင် မြဝတီမှ ဆင်းလာသည့် ကုန်ကားများကို ပုံမှန်စစ်ဆေးနေသလို  ကုန်ကားအစီး ၃၀၀ ကျော်ကို မည်သို့ အရေးယူမည်ကို မသိရသေး၍ ကုန်စည်များတင်သွင်းရန် မဝံ့မရဲဖြစ်နေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပိုဆောင်ရေးအသင်း ဗဟိိုအလုပ်အမှုဆောင် လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

“အဖမ်းခံထားရတဲ့ ကိစ္စတွေကလည်း ဘယ်လိုမူဝါဒနဲ့ ဘယ်လိုအရေးယူမှန်းလည်းမသိသေးတော့ ကုန်စည်စီးဆင်းမှုက လက်တလောက ရာနှုန်းပြည့်တော့မရှိဘူး၊ တော်တော်လေးကို ရပ်ဆိုင်းနေတဲ့ သဘောမျိုးပေါ့။ လုံးလုံးကြီးရပ်ဆိုင်းလာဆိုတော့လည်း မဟုတ်ဘူးပေါ့။ အနည်းအကျဉ်း အရေးကြီးတဲ့ ပစ္စည်း၊ အခက်အခဲမရှိတဲ့ပစ္စည်းတွေကတော့ သွားလာနေတာပေါ့” ဟု ၎င်းက ပြောသည်။

မြဝတီနယ်စပ်မှ ရန်ကုန်သို့  လူသုံးကုန်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းနှင့် အခြားကုန်စည်တင်ကားများ နေ့စဉ် ရာဂဏန်းသွားလေ့ရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းဝန်းကျင်သာရှိနိုင်ကြောင်း ၎င်းက ခန်းမှန်းသည်။ 

ထိုင်းဘက်ကို ပြန်တင်ပို့မည့်   ကြက်သွန်၊ ငရုတ်၊ ပီလောပီနံ အစရှိသည့် ကုန်တင်ကားများ ကိုမူ ပို့ကုန်ဝင်ငွေရရှိရေးအတွက် စစ်ကောင်စီက အဆင်ပြေစေရန် စီစဉ်ပေးထားကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၃ နှစ်ကုန်ပိုင်း  တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးပေါ်တွင် တံတားတချို့ပျက်စီးခဲ့ကာ ယနေ့အချိန်ထိ ကုန်တင်ကားများ ထိုလမ်းကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။ 

ထိုလမ်းမကြီးသည် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့ကို ချိတ်ဆက်ထားသည်။

ထို့ကြောင့် စစ်ရေးအတွက် ယာယီသုံးရန် ဖောက်လုပ်ထားသည့် တောင်ပတ်မြေသားလမ်းတစ်ခုဖြစ်သော ထို့ကော်ကိုး- ကျော်ခိုလမ်းနှင့် အခြားလမ်းကြောင်းများကို အသုံးပြုနေကြရသည်၊ ကုန်တင်ယာဉ်များသည် ထိုလမ်းပိုင်းများတွင် စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင် အဖွဲ့ပေါင်းစုံကို ဆက်ကြေးပေး၊ အခွန်ပေးနေရသည်။ 

မြဝတီနှင့် ဘားအံမြို့တို့တွင် ကုန်တင်ယာဉ်များကို စစ်ဆေးရန် စစ်ကောင်စီ၏ အကောက်ခွန်နှင့် စီးပွားကူးသန်းဝန်ထမ်းများထိုင်သည့် ကုန်သွယ်ရေးစခန်းများရှိသည်၊  အွန်လိုင်းလိုင်စင်စနစ် MACCS ဖြင့် ကုန်သွယ်ရေးလိုင်စင်နှင့် အခွန်ဆောင်၍ ကုန်စည်များတင်သွင်းလေ့ရှိကြောင်း သိရသည်။ 

အခွန်မဆောင်ဘဲ တင်သွင်းလာသည့် ကုန်စည်များကို စစ်ကောင်စီထိန်းချုပ်လမ်းပိုင်းများရှိ ဂိတ်များက  ဖမ်းဆီးစစ်ဆေးသည်ဟု သိရသည်။ ယခုလဆန်းက ဘားအံမြို့တွင် ဖမ်းထားသည့် ကုန်ကားတချို့သည် ကားလိုင်စင်၊ သွင်းကုန်လိုင်စင်မရှိသည့်အခြေအနေရှိသည်ဟု မြဝတီအခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။ 

“ကျွန်တော်ထင်တာတော့ Without (လိုင်စင်မဲ့ကား)နဲ့ ပစ္စည်းစာရွက်စာတမ်းမရှိတဲ့ပစ္စည်းလောက်ပဲ ကြန့်ကြာမယ်လို့ထင်တယ်။ ကျွန်တော်တို့ကြားတာတော့ ဒီကားတွေအကုန်နေပြည်တော်ကိုခေါ်မယ်။ တရားမဝင်ကုန်ပစ္စည်းဖမ်းမိတဲ့ပွဲပေါ့၊ အခမ်းအနားတစ်ခုလိုလုပ်ပြီးတော့ အရင်တုန်းကလို အာဂျီနိုမိုတိုတို့၊ အချိုရည်တို့ကို လမ်းကြိတ်စက်နဲ့ကြိတ်တာလေ။ အဲ့လိုမျိုးလုပ်မလားမသိဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထားသည့် ကုန်တင်ယာဉ်များကို စစ်ဆေးမှုမပြီးပြတ်သေးသည့်အပြင် မြဝတီမှဆင်းလာသည့် ကုန်ကားများကို အစစ်ဆေးတင်းကျပ်နေသောကြောင့်  လမ်းခုလပ်တွင် စောင့်ဆိုင်း ရပ်နားထားသည့် ကုန်ကားများရှိနေကြောင်း သူက ပြောသည်။ 

ကုန်တင်ကားရာချီဖမ်းဆီးထားမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန် ဖြေဆိုခြင်းမရှိသေးပေ။ 

မတ်လ ၁၄ ရက်နေ့တွင် ဘားအံမြို့၊ ဘားအံစက်မှုဇုန်အနီး မော်တော်ယာဉ် ၂၆ စီးပေါ်မှ အထောက်အထားမပြသနိုင်သည့် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ယနေ့ထုတ် စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။ 

ကျပ်သန်း ၈၀၀ ကျော်တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်း ၅၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၆ မျိုးနှင့် သန်း ၂၆၀၀ ကျော်တန်ဖိုးရှိ ကားများ ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးမကြာခဏရပ်တန့်ခဲ့သည်။ 

မြန်မာနှင့် ထိုင်းနယ်စပ်တစ်လျှောက် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် လျှပ်စစ်ဓာတ်အား၊ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီနှင့် ကုန်စည်အချို့ တင်သွင်းမှုကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်ကြောင်း ထိုင်းကုန်သည်များက ဆိုသည်။

မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်တို့နှင့် ကုန်သွယ်နေသော နယ်စပ်ဂိတ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီ စီမံခန့်ခွဲသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။

နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြား ကုန်စည်စီးဆင်းမှုရပ်နေချိန်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

Related Articles

Back to top button