စီးပွားရေးသတင်း

ကျားဖြန့်ကြောင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးထိခိုက်၊ နယ်စပ်ဖြတ်ကျော် ဆီသယ်သူများလာ

အွန်လိုင်းငွေလိမ်လုပ်ငန်းကို နှိမ်နင်းရန် ထိုင်းက မြန်မာဘက်သို့ သွင်းနေသည့် လျှပ်စစ်နှင့် ကုန်စည်အချို့ကို ကန့်သတ်လိုက်ရာ ရေရှည်တွင် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာနိုင်သည်ဟု နှစ်နိုင်ငံ ကုန်သည်များက ပြောသည်။

မြန်မာနှင့် ထိုင်းနယ်စပ်တစ်လျှောက် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် လျှပ်စစ်မီး၊ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီနှင့် ကုန်စည်အချို့ တင်သွင်းမှုကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာနိုင်ပြီး မြန်မာဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော် စက်သုံးဆီဝယ်ယူသူ သူများပြားလာကြောင်း ထိုင်းနှင့် မြန်မာကုန်သည်များထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းမှစ၍ ကရင်ပြည်နယ် မြဝတီ၊ ဘုရားသုံးဆူမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် ထိုင်းဘက်က ရောင်းချသည့် လျှပ်စစ်နှင့် စက်သုံးဆီကို စတင်ဖြတ်တောက်လိုက်သည်။

အလားတူ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီ၊ မီးအားမြှင့်စက်၊ မီးစက်ဆိုလာပြား၊ လျှပ်စစ်ကေဘယ်ကြိုး အပါဝင် ကုန်စည် ၁၁ မျိုးကို မြန်မာဘက်သို့ ရောင်းချမှုကို ပိတ်ပင်ခဲ့သည်။

ထိုသို့ ကျားဖြန့်လုပ်ငန်း ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင်သုံးနိုင်သည့် ကုန်ပစ္စည်းများ စီးဝင်ခြင်းကိုကန့်သတ်လိုက်ရာ ငွေလိမ်ဂိုဏ်းများထံမှ လူပေါင်းများစွာ ကယ်တင်နိုင်ခဲ့သည်။ သို့သော် လျှပ်စစ်နှင့် စက်သုံးဆီပိတ်ပင်မှုကြောင့် စီးပွားရေးနှင့်ကုန်သွယ်ရေးအပေါ် သက်ရောက်လာပြီး ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်မှုမှာ ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း ထိုင်းကုန်သည်များကို ကိုးကား၍ Nikkei Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပြီးခဲ့သည့် ၂၀၂၄ တွင် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့မှ ထိုင်ကုန်စည်တင်ပို့မှု ဘတ် ၆၆ ဘီလျံကျော်၊ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်နယ်စပ်မှ ၁၇ ဘီလျံကျော်တင်ပို့ခဲ့သည်။  ယခုအခါ ကုန်စည်စီးဆင်းမှုအေးစက်နေပြီး ကုန်သွယ်မှု ကိန်းဂဏန်းများ ကျဆင်းနိုင်ကြောင်း ထိုသတင်းတွင် ဖော်ပြသည်။

“(ကျားဖြန့်) ဖြိုခွင်းမှု အချိန်ကြာကြာလုပ်မယ်ဆိုရင် နယ်စပ်ကုန်သွယ်မှု ပိုကျဆင်းလာနိုင်တယ်” ဟု မဲဆောက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူလည်းဖြစ်၊ တာ့ခရိုင် ကုန်သည်များအသင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Banpot Kokiatcharoen က ပြောကြားကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။

မြန်မာပို့ကုန်များကို ထိုင်းသို့တင်သွင်းခွင့် ကန့်သတ်ခြင်းမရှိ၍ ဆက်လက်တင်ပို့ခွင့်ရသော်လည်း ထိုင်းသွင်းကုန်ကို မှီခိုသည့် နယ်စပ်တွင် စက်သုံးဆီရှားပါး ပြတ်လပ်နေကြောင်း မြဝတီမြိုခံ အမည်မဖော်လိုသည့် နယ်စပ်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီဒေသက လူတွေက ဆီပြတ်သွားတယ်။ အခု ဆီပြဿနာတက်တယ်” ဟု ၎င်းက ပြောသည်။ 

“မြန်မာလူမျိုးတွေက ဘာလုပ်ရလဲဆိုတော့ ဆီတိုင်ကီအပိုဝယ်ရတယ်။ ဆီတိုင်ကီတစ်လုံးကို ၈ သိန်း၊ ၁၀ သိန်းလောက်ရှိတယ်။ ကားမှာ ဆီတိုင်ကီအပို အပြားလေးပေါ့ဗျာ။ ဆီတိုင်ကီအပိုထပ်တပ် လိုက်ရတယ်။ အဲ့တော့ အောက်မှာ အဲ့ဒီဆီတိုင်ကီကိုအပြည့်ဖြည့်ပြီးတော့ မြဝတီဘက်ပြန်လာပေါ့။ မြဝတီရောက်ရင် ဆီမရှိတော့တာမဖြစ်ဘူး။ ဆီတိုင်ကီအပိုမှာ အပြည့်ပါပြီးသားပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အခြားလူသုံးကုန်နှင့် စားသောက်ကုန်များမှာမူ ပုံမှန်တင်သွင်းနိုင်သည်ဟု သိရသည်။ ကျားဖြန့်များနှိမ်နင်းရန် နယ်စပ်ဒေသကို ပစ်မှတ်ထား၍ ထိုကဲ့သို့ ဆီဖြတ်တောက်ခြင်းဖြစ်သော်လည်း ရွှေကုက္ကိုလ်၊ KK Park နှင့် ထိုလုပ်ငန်းများ လည်ပတ်ရာနေရာများတွင် စက်သုံးဆီ ၅ လစာ စုဆောင်းထားပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ၎င်းက ပြောသည်။ 

မြဝတီနယ်စပ်မှ မြန်မာပို့ကုန်များဖြစ်သည့် ကြက်သွန်နှင့် ငရုတ်သီးများကို ထိုင်းသို့ဆက်ပို့နေကြောင်း၊ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများဖြစ်နေရာ အဓိက ကုန်သွယ်နေသည့် အာရှလမ်းကြီးကို အသုံးပြု၍ မရတော့ဘဲ ပို့ကုန်တင်ပို့မှုနည်းပါးခဲ့ရာ ယနေ့အချိန်ထိဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထိုင်းအစိုးရသည် ကော့သောင်း-ရနောင်းနှင့် တနင်္သာရီနယ်စပ်ဂိတ်များမှ ကုန်စည်များခွင့်ပြထားသဖြင့် ထိုလမ်းကြောင်းကို အသုံးပြုနိုင်ကြောင်း ၎င်းက သည်။ 

မဲဆောက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကလည်း မြဝတီမှ မော်တော်ယာဉ်အများအပြား ဆီဝယ်ရန် အမှတ် ၁ နှင့် အမှတ် ၂   မြဝတီ-မဲဆောက်တံတားများကို ဖြတ်သန်းနေကြောင်း ပြောသည်။

“အများပြည်သူသုံးတဲ့ စက်သုံးဆီကတော့ ဒီဘက် လာထုတ်နေကြတာပဲ။ ကားတွေက ဟိုကနေပြီးတော့ လာလို့ရတယ်လေ။  တံတား ၁ တို့၊ တံတား ၂ တို့ကနေ အရပ်သုံးကားတွေ လာလို့ရတယ်။ ဟိုမှာမဖြည့်ရဘူး ဆိုတော့ ဒီဘက်လာဖြည့်ကြတာပေါ့။ ကျွန်တော်တို့တောင်မှာ ဒီဘက်မှ ဆီဖြည့်ဖို့ တော်တော်ခက်တယ်” ဟု ၎င်းက ပြောသည်။

“မြဝတီကားတွေ အများကြီးတန်းစီပြီးတော့ ဒီမှာလာဖြည့်ကြတယ်။ ပြီးတော့ ဟိုဘက်ပြန်သွားကြပြီး သုံးနေကြတယ်။ တချို့ဆိုရင် ဒီမှာ ဆီထုတ်သွားပြီးတော့ ဟိုဘက်ပြန်ရောင်းတာ တစ်နေ့ကို ဘတ် ၂,၀၀၀ လောက် အမြတ်ရတယ်လို့ပြောနေကြတယ်”  

ယနေ့ ငွေလဲနှုန်းအရ ဘတ် ၂,၀၀၀ သည် ကျပ်နှစ်သိန်းခွဲခန့်နှင့် ညီမျှသည်။

မြဝတီမြို့တွင် စက်သုံးဆီဆိုင်များ အချိန်ပိုင်းသာဖွင့်ပြီး ယခင် ဆီတစ်လီတာ ကျပ် ၃,၆၀၀ ဝန်းကျင်ရှိရာမှ ယခုအခါ ၇,၅၀၀ မှ ၁၀,၀၀၀ ကျော်အထိဈေးပေါက်နေသည်ဟု သိရသည်။   လောင်စာဆီ၊ အင်တာနက်၊ လျှပ်စစ်ဓာတ်အား  ပြတ်တောက်ပြီး ဖုန်းအားသွင်းရန်ပင် မလွယ်ကူကြောင်း မြို့ခံများက ဆိုသည်။ 

နောက်ထပ်နယ်စပ်မြို့ဖြစ်သော တာချီလိတ်တွင်မူ ထိုင်းနိုင်ငံက လျှပ်စစ်နှင့် စက်သုံးဆီ ဖြတ်တောက်ထားသော်လည်း လာအိုဘက်မှ ဆက်လက်ရရှိနေကြောင်း၊ သို့ရာတွင် လျှပ်စစ်ဓာတ်အားကို ၈ နာရီပြတ်၊ ၈ နာရီပေးစနစ်ဖြင့်သာ ဖြန့်ဝေနေကြောင်း တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓာတ်အားရရှိမှု မမှန်ခြင်း၊ တရုတ်လုပ်ငန်းရှင်များ ထွက်ခွာသွားခြင်းကြောင့် တာချီလိတ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းထားသည်ဟု သိရသည်။ ယခင်က စက်သုံးဆီတစ်လီတာ ဘတ် ၃၀ (ကျပ် ၄,၀၀၀ ကျော်) ဝန်းကျင်ရှိသော်လည်း ယခုအခါ ဘတ် ၄၀ (ကျပ် ၅,၀၀၀) ကျော် ဈေးပေါက်ကြောင်း သိရသည်။

ထိုင်းဘက်က ပိတ်ပင်ထားသည့် ကုန်စည်များကို တရုတ်နှင့် ပြည်မဘက်မှ တင်သွင်းသည့်ကုန်များဖြင့် အစားထိုးအသုံးပြုနေကြကြောင်း ကျိုင်းတုံ-တာချီလိတ် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဝင် အမျိုးသမီးကုန်သည်တစ်ဦးက ပြောသည်။

သို့သော် ထိုင်းနှင့်ကုန်သွယ်မှုမှာ လုံးဝရပ်မသွားဘဲ မှောင်ခိုလမ်းကြောင်းအပြင် တစ်ပိုင်တစ်နိုင်ကုန်စည် တင်သွင်းမှုများဆက်ရှိနေကြောင်း ၎င်းက ပြောသည်။ 

“ယိုးဒယားက အန်တီတို့ဆီကို သွင်းတာက သူတို့ရဲ့ပို့ကုန်လေ။ (အကျိုးအမြတ်) ပြန်ရတယ်ဆိုရင် ရတဲ့နည်းနဲ့ သူတို့လာမှာပဲလေ။ (နယ်စပ်ဂိတ်) အပေါက်ကလည်း များနေတာပဲ။ သူနည်းသူဟန်နဲ့ လည်ပတ်သွားပါတယ်။ အခွန်ကတော့ လျော့တော့လျော့သွားမှာပေါ့” ဟု ၎င်းက ပြောသည်။

အွန်လိုင်းမှ ငွေလိမ်လည်ရန် လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု၊ ညှင်းပမ်းနှိပ်စပ်မှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ငွေလိမ်လုပ်ငန်းများသည် ကရင်နယ်ခြားစောင့်တပ်(BGF) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်သည့် ထိုင်းမြန်မာနယ်စပ်၌ အမြစ်တွယ်လာသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင် တရုတ်သရုပ်ဆောင်တစ်ဦး ဝင်ငွေကောင်းသည့် အနုပညာအလုပ်လုပ်ရမည်ဟု  လိမ်ခေါ်ခံရပြီး မြဝတီမြို့နယ်ရှိ ငွေလိမ်လုပ်ငန်းတစ်ခုဆီကို လူကုန်ကူးသည် ဖြစ်စဉ်ပေါ်ပေါက်လာပြီးနောက် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရန် တရုတ်က ထိုင်းအစိုးရကို ဖိအားပေးခဲ့သည်။

ထို့နောက်တွင် BGF ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ အဓိကတာဝန်သူရှိများအဖြစ် ဝရမ်းထုတ် ဖမ်းဆီးနိုင်ရန် ထိုင်းဘက်က စီစဉ်ခဲ့သည်။ 

BGF နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) တို့က ငွေလိမ်လုပ်ငန်းကို တိုက်ဖျက်မည်၊ ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်သွားမည်ဟု ဆိုထားသည်။ 

လတ်တလောတွင် မြဝတီရောက် ကျားဖြန့်လုပ်သားနိုင်ငံခြားသား ၇၀၀၀ ကျော်ကို ပြန်ပို့မည်ဟု BGF ကဆိုထားသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ ဖေဖော်ဝါရီ ၂၆ ရက်အထိ  ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက် သူ ၂၈ နိုင်ငံမှ ၇၁၄၁ ဦး ရှာဖွေတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံသား ၄၈၆၀ ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာန The Reporters က ဖော်ပြသည်။ 




Show More

Related Articles

Back to top button