
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်တပ်က မတ် ၁၄ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ရာ သံဃာများအပါအဝင် မြို့ခံ ၁၂ ဦး ထက်မနည်း သေဆုံးသွားသည်ဟု သိရသည်။
သံဃာ ၆ ပါး သေဆုံး၊ ၁၃ ပါး ဒဏ်ရာရသွားသဖြင့် အစုအပြုံလိုက်သတ်ဖြတ်ခံရမှုများအတွင်း သံဃာထိခိုက်မှု အများဆုံးသော တိုက်ခိုက်မှု ဖြစ်သွားသည်။
မတ်လ ၁၄ ရက်နေ့က ယာပြင်ရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်မှ ၂၈ နှစ်အရွယ်ကြား အမျိုးသမီး ၃ ဦးသေဆုံးသွားသည်။ ထိုနေ့ နံနက် ၁၀ နာရီခန့်က ရွာအနီး ကြံစိုက်ခင်း ဗုံးကြဲခံရခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုတွင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦးလည်း ဒဏ်ရာရသွားသည်ဟု သိရသည်။
မတ် ၁၆ ရက် ညနေ ၅ နာရီခန့်တွင် လေယာဉ်က မြို့ပေါ် ဗုံးကြဲရာ စိန်ရတနာ ပရိယတ္တိစာသင်တိုက်နှင့် နေအိမ်အချို့ ထိမှန်ခဲ့သည်ဟု သိရသည်။
ဗုံးနှစ်လုံးကြဲချပြီးနောက် လေယာဉ်အနိမ့်ပျံကာ စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ထို့နောက် ဗုံးနှစ်လုံး ထပ်မံ ကြဲချကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် စိန်ရတနာ ဘုန်းကြီးကျောင်းမှ ကိုရင် ၄ ပါး၊ ဘုန်းကြီး ၂ ပါး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး သေဆုံးခဲ့သည်ဟု လွေးယေဦးက ပြောသည်။
“ဒီတလောမှာဆိုရင် စစ်ကောင်စီသည် အရပ်သားတွေကိုပဲ ပစ်မှတ်ထားဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်တယ်။ ဥပမာဆိုရင် စာသင်ကျောင်းပေါ့ ဆေးရုံ ပြီးတော့ အရပ်သားနေထိုင်ရာ နေအိမ်တွေ ဆိုရင်လည်း ဗုံးကြဲတာတွေလုပ်တယ်၊ မီးရှို့တာတွေလည်း ဆက်လက် လုပ်ဆောင်နေတယ်” ဟု ၎င်းက ပြောသည်။
ကျောင်းရှိ သံဃာ ၁၃ ပါးနှင့် စစ်ရှောင် အရပ်သား ၄ ဦး ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေရသည်ဟု TNLA က ဆိုသည်။

နောင်ချိုမြို့ကို ဆက်တိုက် ဗုံးကြဲနေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ခိုက်မှုအကြောင်း သတင်း မထုတ်ပြန်သေးပေ။
ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းမှာ မြို့၏တောင်ဘက်တွင်ရှိပြီး စစ်ရှောင်များ လာရောက်နေထိုင်နေသည်ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပစ်မှတ်လွဲပြီး ကြဲတယ်ပြောရအောင်လည်း မြို့အထွက် အဲဒီနားတောက်လျှောက်မှာဘာမှမရှိဘူး၊ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းပဲရှိတာ။ အခုကြဲနေတဲ့ နေရာမှန်သမျှကကျွန်တော် နောင်ချိုမှာရှိကတည်းက လူနေအိမ်တွေချည်းပဲ ကျတာ” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။
မြို့ခံအများစုမှာ အခြားမြို့များတွင် တိမ်းရှောင်နေကြပြီး အနည်းစုကသာ နောင်ချိုမြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်နေသည်ဟု သိရသည်။
ပြန်လာသူများအနက် တချို့က နေအိမ်များတွင် နေထိုင်ကြပြီး ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းတွင် သွားရောက် ညအိပ်ကြသူများလည်း ရှိသည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့အိမ်ရဲ့ အိမ်နီးချင်းတွေဆိုရင် နေ့လယ်ဆိုရင် အိမ်မှာ ဟင်းလာချက်စားပြီး မမှောင်ခင်မှာ ဘုန်းကြီးကျောင်းမှာ သွားအိပ်တယ်။ အရင်ကတည်းက စစ်ရှောင်သူတွေ လာအိပ်ကြတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၆ ရက်က နှစ်ရက်ဆက် ဆွေးနွေးခဲ့သော်လည်း အဖြေမရဘဲ မေလတွင်နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံရန်သာ သဘောတူညီခဲ့ကြသည်။
ဆွေးနွေးနေစဉ်ရက်များနှင့် ဆွေးနွေးပွဲပြီးသည့်နောက်များတွင် စစ်ကောင်စီတပ်ကနောင်ချိုမြို့ကို ဦးတည်ပြီး ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ကောင်စီ၏ဖိအားပေးမှုဖြစ်သည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
“တွေ့ဆုံဆွေးနွေးမှု မပြေလည်တော့ ကျွန်မတို့ကို ဖိအားပေးပြီးတော့ ဆောင်ရွက်တယ်လို့လည်းပြောလို့ရပါတယ်” ဟု လွေးယေဦးက ပြောသည်။
ရှမ်းပြည်နယ်အတွင်း လူအခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကိုစောင့်ကြည့်နေသည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မတ် ၁၀ ရက် ထုတ်ပြန်ချက်အရဖေဖေါ်ဝါရီလအတွင်း TNLA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီဗုံးကြဲမှုကြောင့် မိုးမိတ်၊နောင်ချို၊ နှင့် မိုးကုတ်မြို့နယ်များမှ ဒေသခံ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။
နောင်ချို့မြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ တောင်ခမ်းရွာတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲနှင့် အနီးဆုံးဖြစ်နေသည့် နောင်ချိုမြို့မှာပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ၉ ကြိမ်ထက်မနည်း ဗုံးကြဲခံရပြီး ဒေသခံ ၉ ဦး သေဆုံးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့်၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနှင့်ညီနောင်သုံးဖွဲ့တို့ ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။
သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့်မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက်ပျက်ပြယ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိမိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင်စသည့် မြို့များကို သိမ်းပိုက်ထားသည်။
နောင်ချိုမြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး သံဃာအများအပြား သေဆုံးမှုနှင့် ပတ်သက်ပြီး ဘာသာရေးအဖွဲ့များ၏ ကန့်ကွက်မှု ထွက်ပေါ်မလာသေးပေ။
ယမန်နှစ်က အထင်ကရဆရာတော်တစ်ပါး ခရီးသွားနေစဉ် စစ်ကောင်စီလက်နက်ကိုင်တို့ ပစ်သတ်ခဲ့ဖူးသည်။
၂၀၂၄ ဇွန် ၁၉ ရက်နေ့က ငါန်းဇွန်မြို့နယ် မြို့သာရွာနှင့် ပန်းချီကမ္မရွာကြား မော်တော်ယာဉ်တစ်စီးကို ပစ်ခတ်ရာ မော်တော်ယာဉ်ပေါ်မှ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ပြီး ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းအမျိုးသားတို့ ဒဏ်ရာရခဲ့သည်။
ရပ်တန့်ပေးရန် ဟန့်တားမှုကို လျစ်လျူရှုသဖြင့် ပစ်ခတ်မိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ် ဆိုတာကို အကြမ်းဖျင်း သိရှိရပါတယ်” ဟု ၎င်းက ဝါဒဖြန့် ရုပ်သံဌာနများမှတစ်ဆင့် ပြောသည်။
ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားနေသော်လည်း သံဃာများ ထိခိုက်ခဲ့သည့် ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးမည်ဟု စစ်ကောင်စီက ပြောထားသည်။