
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်စခန်းအနီး ရွာတစ်ရွာကို ယမန်နေ့ (မတ် ၁၃ ) တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲချမှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံးခန့် မီးလောင်သွားကြောင်း ဒေသခံများထံက သိရသည်။
ကြတ္တိန်ကျေးရွာကို ဒရုန်းဖြင့် ၂ ကြိမ်တိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ အသက် ၆၁ နှစ်အရွယ် ဦးပေါက်စ ဆိုသူ ဖြစ်သည်ဟု ကျောက်ဖြူဒေသခံတစ်ဦး က ပြောသည်။
ဒရုန်းဖြင့် ဗုံး ၆ လုံးကြဲချခဲ့စဉ် နေအိမ်တချို့မီးလောင်သွားသည်၊ ၄၅ မိနစ်ခန့်အကြာတွင် ထပ်မံဗုံးကြဲချခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်ဟု ရခိုင်အခြေစိုက် အွန်လိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ယခင်ရက်များကလည်း စစ်ကောင်စီတပ်က ဒေသခံအများအပြား တိမ်းရှောင်သွားသော ထိုရွာကို လေယာဉ်၊ ဒရုန်းတို့ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ လူနေအိမ်များ ပျက်စီး၊ ရိက္ခာဆန်များ ဆုံးရှုံးကြရသည်ဟု ဆိုသည်။
အလားတူ ယင်းနေ့မှာပင် စစ်ရေယာဥ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ဇင်ချောင်းရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်၊ လူအထိအခိုက်မရှိဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော် (AA)တို့သည် ကျောက်ဖြူမြို့နယ် စစ်တော၊ ရှောက်ရှောင်း၊ စည်မော်၊ စိုင်ခြုံကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်နေသည် ဟု အထက်ပါ ကျောက်ဖြူဒေသခံကပြောသည်။
“တိုက်ပွဲပြင်းနေတယ်။ ဆက်တိုက်ပစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၀ ရက််မှ စတင်၍ စည်မော်၊ ကြတ္တိန်ရွာအနီး AA တပ်များ ရှိနိုင်သည့် နေရာများသို့ စစ်ကောင်စီတပ်က စတင်တိုက်ခိုက်လာရာမှ ထိုဒေသ၌ တိုက်ပွဲများစတင်ခဲ့သည်ဟု သိရသည်။
ထို့နောက် တိုက်ပွဲပြင်းထန်လာ၍ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစတင်၍ ကြတ္တိန်ကျေးရွာ အပါအဝင် ၁၀ ရွာခန့် မှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
စစ်ကောင်စီက ကျောက်ဖြူနယ်အတွင်း လေကြောင်း၊ ဒရုန်းပစ်ကူများ အများအပြား အသုံးပြုကာ တိုက်ခိုက်နေသဖြင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရကြကြောင်းသိရသည်။
မတ် ၆ ရက်နေ့က အိမ်ခြေ ၁၇၀ ခန့်ရှိသည့် ဦးကင်းရွာကို ဒရုန်းဖြင့် ဗုံးကြဲချသဖြင့် တစ်ရွာလုံး နီးပါး မီးလောင်ပျက်စီးခဲ့သည်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း လေတပ်ဗုံးကြဲမှုကြောင့် ထိုရွာမှ အသက် ၇၀ အရွယ် ဦးဘီလူး သေဆုံးခဲ့သည်။
မတ် ၁၀ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့စဉ် ၅၆ နှစ်အရွယ် ဦးဘသိန်းအောင် မျက်နှာတွင် ဒဏ်ရာရကာ နေအိမ် ၂၀ ခန့် မီးလောင်သွားကြောင်း ရခိုင်အခြေစိုက် အာရက္ခ မင်းသမီးမီဒီယာက ဖော်ပြသည်။
ရခိုင်ပြည်နယ်တိုက်ပွဲများ၊ အရပ်သားထိခိုက်မှု အခြေအနေတို့နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်ကောင်စီသည် ကျောက်ဖြူမြို့မြောက်ဘက် စစ်တွေမြို့တော်တွင်လည်း ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် ကျေးရွာများ မီးလောင်ပျက်စီးသည်ဟု သိရသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသော ကျောက်ဖြူမြို့နယ်တွင် မြို့အနီး အမှတ် (၃၄) ခြေလျင်တပ် ရင်း ရှိပြီး မြို့မှ ၃ မိုင်ခန့် အကွာ ကျောက်တစ်လုံးဘုရားအနီးတွင် အမှတ် (၅၄၂) ခြေမြန်တပ်ရင်း၊ ဂုံးချိန်ရွာအနီး အမှတ် (၅၄၃) ခြေမြန်တပ်ရင်းတို့ ရှိသည်။ ဓညဝတီ၊ တောင်မော်ကြီးနှင့် အုန်းကျွိန် ရေတပ်စခန်းတို့ ရှိကြသည်။
AA နှင့် တိုက်ပွဲများပြင်းထန်နေသော်လည်း စစ်ကောင်စီသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အပူတပြင်းကြိုးပမ်းနေပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယခုရက်များအတွင်း ပြောထားသည်။
AA က အိန္ဒိယစီမံကိန်းများရှိသည့် ပြည်နယ်မြို့တော်စစ်တွေအနီးကျေးရွာများတွင် အထိုင်ချနေ သည့်တပ်စခန်းများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေ ကြောင်းပစ်ကူ၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ခုခံတိုက်ခိုက်နေကြောင်းသိရသည်။
AA သည် ထိုမြို့များအပြင် ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းထဲမှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် နေပြီး တိုက်ပွဲပြင်းထန်နေသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောက်ဖြူ၊စစ်တွေနှင့်မာန်အောင်မြို့တို့ကိုသာ အာဏာစက် သက်ရောက်နေသည်၊ သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို AA ထံ လက်လွှတ် ထားရပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း ဆုံးရှုံးထားသည်။
စစ်ကောင်စီသည် ယခုနှစ်အတွင်း ဒရုန်းတိုက်ခိုက်မှု ပိုအားပြုလာသည်၊ ကချင်၊ ရခိုင်တိုက်ပွဲများတွင် ပိုမို အသုံးပြုလာကာ အဆင်မြင့်ဒရုန်းများပါ သုံးစွဲနေသည်ဟု သိရသည်။
တော်လှန်ရေးတပ်များကလည်း ဒရုန်း အသုံးပြုနေကြသည်။