
ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲသဖြင့် နေအိမ်များပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့(မတ် ၆ )၊ မွန်းလွဲ ၁ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ ဦးကင်းရွာကို ဓညဝတီရေတပ်စခန်းမှ တက်လာသော ဒရုန်းက ဗုံးကြဲချသဖြင့် အိမ်ခြေ ၁၇၀ ခန့်ရှိသည့်အနက် တစ်ရွာလုံးနီးပါး မီးလောင် ပျက်စီးသွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။
ယင်းရွာသည် ရေတပ်စခန်း၏ အနောက်တောင်ဘက် ၄ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။
ယမန်နေ့တစ်ရက်တည်းမှာပင် စစ်တွေမြို့မြို့မြောက်ဘက် ၅ မိုင်ကျော်အကွာတွင် ရှိသော ဝါဘိုရွာ လည်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး လူနေအိမ် ၃၅ ဆောင်ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
” လက်နက်ကြီးတွေနဲ့တစ်ရက်လုံးပစ်တယ်။ ညနေကပင် မိုးလင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟု ၎င်းက ဒရုန်းဖြင့် ဗုံးချသော အခြေအနေကို ဆိုသည်။
ထိုရွာများမှ ဒေသခံများမှာ တိုက်ပွဲအခြေအနေများကြောင့် ကျေးရွာမှ ကြိုတင်ရှောင်ပြေးနေသဖြင့် အရပ်သားများ အသက်အန္တရာယ်ထိခိုက်မှုမရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်း၊ အမြင့်ကျွန်း၊ ရေချမ်းပြင်နှင့် ပါဒလိပ်ရွာ အခြေစိုက်တပ်စခန်းများကို အာရက္ခတပ်တော်( AA က) လက်နက်ကြီးများပစ်ခတ်နေပြီး စစ်ကောင်စီ ဘက်ကလည်း လေကြောင်းပစ်ကူ၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတို့ဖြင့် ခုခံနေသည်။
စစ်တွေမြို့အခြေအနေနှင့်ပတ်သက်ပြီး AA ထိပ်ပိုင်းနှင့်နီးစပ်သူတစ်ဦးက “သူပစ်ကိုယ်ပစ်”ဟု ပြော သည်။
အိန္ဒိယရင်းနှီးမြှုပ်နှံမှုများ ရှိနေသော စစ်တွေမြို့နယ်တွင်မူ ဖေဖော်ဝါရီ ၇ ရက်နေ့ကပင် စစ်ကောင်စီ တပ်စခန်းများကို AA က လက်နက်ကြီးဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး စည်မော်၊ ရှောက်ချောင်းရွာတို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိတွင် ထိုရွာအနီးတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများထွက်ပြေးသွားကြောင်း အထက်ပါကျောက်ဖြူဒေသခံက ပြောသည်။

AA သည် ရခိုင်ဒေသအပြင် ဧရာဝတီ၊ မကွေး၊ စစ်ကိုင်းတိုင်းတို့မှ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်နေသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းအတွင်း AA နှင့် မဟာမိတ်များက ထိုးဖောက် ဝင်ရောက်နေရာ သာပေါင်းမြို့နယ်အခြေစိုက် အမှတ် (၃၀၈) ခြေမြန်တပ်ရင်းကို မကျီးဇင်-သာပေါင်းလမ်းမှတဆင့် ထိုးဖောက်နေသလို ဂွ -ငါးသိုင်းချောင်းလမ်းမှတဆင့် အမှတ် (၃၄၄) အမြောက်တပ်ကို တိုက်ခိုက်နေသည်။
မြို့နယ် ၁၇ မြို့နယ်နှင့်ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်တွင် AA သည် မြို့နယ် ၁၄ မြို့ဖြစ်သည့် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ အမ်း ၊ ပေါက်တော၊ မောင်တော၊ တောင်ကုတ်၊ ဂွတို့ကိုသိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။
ကျန်မြို့နယ် ၃ ခုအနက် စစ်တွေနှင့်ကျောက်ဖြူတွင်လည်း တိုက်ပွဲဖြစ်ပွားလာရာ တိုက်ပွဲမရှိသည့် မြို့မှာ မာန်အောင်မြို့တစ်ခုသာကျန်ရှိတော့သည်။
စစ်တွေတွင် စစ်ကောင်စီရုံးစိုက်သလို အိန္ဒိယစီမံကိန်းများရှိကာ ကျောက်ဖြူတွင် တရုတ်စီမံကိန်းနှင့် ပိုက်လိုင်းထိန်းချုပ်စခန်းများရှိသည်။