သတင်း

သိမ်းဆည်းထားသည့် အရပ်သားပိုင်ကားများဖြင့် စစ်တပ်က လိုက်လံတိုက်ခိုက် 

မန္တလေး အောင်မြေသာစံမြို့နယ်တွင် ယနေ့ (မတ် ၂၀) နံနက်ပိုင်းက စစ်ကောင်စီ၏ အကြမ်းဖက်  လက်နက်ကိုင်များက ခဲကျည်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အရပ်သားများထံမှ သိမ်းဆည်းထားသည့် ဇိမ်ခံကားများဖြင့် လိုက်လံတိုက်ခိုက်သဖြင့် အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

အောင်မြေသာစံမြို့နယ်၌ ဆိုင်ကယ်သပိတ်ပြုလုပ်ရန် စုစည်းနေသည့် ဆိုင်ကယ် ၇ စီးခန့်ကို စစ်ကောင်စီလက်နက်ကိုင်များက Crown၊ Mark X၊ Mark II စသည့် ဇိမ်ခံအိမ်စီးကားဖြင့် တိုက်ခိုက်ဖြိုခွဲခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ အသုံးပြုခဲ့သော အဆိုပါကားများမှာ သိမ်းဆည်းခံထားရသည့် ၎င်းတို့ပိုင်ကားများဖြစ်ကြောင်း မင်းစစ်ဆိုသူက ၎င်းက Facebook စာမျက်နှာတွင် ရေးတင်ထားသည်။

“ဒီကားတွေ အနီးအနားပတ်ဝန်းကျင်မှာ မြင်ရင် သပိတ်ကြောင်းတွေ ပြေးကြပါ။ Feb ၂၇ ရက်နေ့က သိမ်းထားသမျှ ကျွန်တော်တို့ကားတွေနဲ့ ပတ်သောင်းကျန်နေပါတယ်။ ပြန်ထုတ်ပေးမယ်ပြောပြီး ကတိ မတည်ဘဲ ဥပဒေနဲ့မညီ လုပ်ချင်သလို လုပ်နေပါတယ်” ဟု ၎င်းက ရေးတင်ထားသည်။

ထိုသို့ အကြမ်းဖက်ဖြိုခွင်းခံရစဉ်အတွင်း ဖမ်းဆီးခံရသူများ ရှိခဲ့သည့်အပြင် ကားဖြင့်တိုက်ကာ ခဲကျည်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ 

ခဲကျည်ထိမှန်သည့် အသက် ၂၀ ဝန်းကျင် အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ရင်ဘတ်ကိုထိမှန်သဖြင့် အဆုတ်ထဲသွေးရောက်ခဲ့ကြောင်း၊ စုပ်ထုတ်ကုသပေးထားပြီး ယနေ့ညပိုင်းတွင် ထပ်မံခွဲစိတ်ပေးရဦး မယ်ဖြစ်ကြောင်း သပိတ်တွင် ပါဝင်သူ လူငယ်တစ်ဦးက ပြောကြားသည်။

နောက်တစ်ဦးမှာ လက်မောင်းစုတ်ပြတ် ဒဏ်ရာရသဖြင့် ချုပ်ပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြော သည်။

အောင်မြေသာစံမြို့နယ် ၈၈ လမ်းတွင် သပိတ်ကြောင်းကို ရှေ့တက်မလာရန် အချက်ပြသည့် ဆရာဝန် တစ်ဦးမှာ စစ်ကောင်စီလက်နက်ကိုင်များ၏ ကားဖြင့တိုက်ခံရပြီး ပွန်းပဲ့ဒဏ်ရာရရှိကြောင်း သိရသည်။ 

၈၂ လမ်းတွင်လည်း ကားဖြင့်တိုက်ကာ ဖြိုခွင်းခံရသဖြင့် ဒဏ်ရာရရှိသူ ၂ ဦးရှိပြီး လူ ၇ ဦး ဖမ်းဆီးခံ ရကာ ဆိုင်ကယ် ၇ စီးကို သိမ်းဆည်းယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူများတွင် တိုင်းရင်းဆေးဆရာမတစ်ဦးနှင့် ၎င်း၏ ခင်ပွန်း ကိုထက်ဖြိုးဝေအောင်တို့ ပါဝင်ကြောင်း ၎င်းက အတည်ပြုသည်။

“သူတို့က တိုက်ပြီး ဆက်တိုက် ပစ်ခတ်တော့ ကျွန်တော်တို့လည်း ပြေးရတယ်။ ကျွန်တော် ခပ်လှမ်း လှမ်းက မြင်လိုက်တာတော့ ၂ ဦးဒဏ်ရာရတယ်။ အမျိုးသမီးနဲ့ အမျိုးသားပါတဲ့ ၇ ဦးကို ဖမ်းဆီးပြီး ထိုင်ခိုင်းထားတယ်။ အဲဒီနားဝန်းကျင်က လူတွေ ပြောတာတော့ ၁၅ ဦးလောက် ဖမ်းခံရတယ်ပြော တယ်” ဟု အဆိုပါ မျက်မြင်တွေ့ရှိသူက Myanmar Now က ပြောသည်။

Show More

Related Articles

Back to top button