
ထိုင်းရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်သက်တမ်းတိုးခြင်း လုပ်ငန်းစဉ် ကြန့်ကြာနေရာ ထိုလုပ်ငန်းစဉ်တွင် စစ်ကောင်စီ ပါဝင်မှုကို ဖယ်ထုတ်ကာ ထိုင်းအစိုးရက ၎င်းတို့၏အစီအစဉ်အတိုင်း သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း မြန်မာ အလုပ်သမားများအရေးကူညီနေသူတို့ထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့် နှင့် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသော မြန်မာအလုပ်သမား သန်းနှင့်ချီ သက်တမ်းတိုးနိုင်ရေးအတွက် စစ်ကောင်စီဘက်က စိစစ်နေမှုများ ကြန့် ကြာနေမှု၊ အလုပ်သမားများထံက အခွန်ကောက်ခံရေး နှင့် ထိုင်းအလုပ်ရှင်များဘက်က ယခုကိစ္စကို ကန့်ကွက်နေမှုများကြောင့် ပြောင်းလဲစီစဉ်ရန် ဖြစ်လာသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Myanmar Now သို့ ပြောသည်။
“လာမယ့်အပတ်ထဲမှာ သူတို့ (ထိုင်း)အစိုးရ အစည်းအဝေးမှာ ဒီကိစ္စကိုတင်လာပြီး အတည်ပြုလိုက် ရင်တော့ ၄ လပိုင်းထဲမှာ ဒီကိစ္စတွေက ရှေ့ဆက်သွားနိုင်လိမ့်မယ်” ဟု သူက ဆိုသည်။
မတ်လ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အပါအဝင် တာဝန်ရှိသူများ နှင့် စစ်ကောင်စီတို့ ညှိနှိုင်းရာတွင် ထိုင်းဘက်က အလုပ်သမားများကို နိုင်ငံ ၂ နိုင်ငံ(G to G) သဘောတူညီမှု MoU စနစ်ဖြင့် ပြန်လည်စိစစ်မည့်ကိစ္စကို ပယ်ဖျက်ရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတွက်ကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် စာရွက်စာတမ်း သက်တမ်းကုန်ဆုံးခဲ့သော မြန်မာအလုပ်သမား ၂ သန်းနီးပါးမှာ သက်တမ်းတိုးခွင့်မရဘဲ အခက်အခဲများ ရင်ဆိုင်နေရလျက်ရှိသည်။
ယခင်က ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့်သာ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးပေးခဲ့သည်၊ ယခုနှစ်မှသာ စစ်ကောင်စီက ပြန်လည် စိစစ်မည့် လုပ်ငန်းစဉ်ကို ထည့်သွင်းရသည့် ရည်ရွယ်ချက်မှာ စစ်မှုထမ်းဥပဒေကို ထွက်ပြေးရှောင်ထွက်လာသူများ၊ CDM အစိုးရဝန်ထမ်းများ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားများကို ဖိနှိပ်လိုခြင်း၊ အခွန်အတင်း အကျပ်ကောက်ခံလိုခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ပြောဆိုသည်။
သို့သော်လည်း ထိုအစီအစဉ် ပယ်ဖျက်ခြင်းကို စစ်ကောင်စီ နှင့် ထိုင်းအစိုးရတို့က ထုတ်ပြန်ခြင်း မရှိသေးဟု NUG၏ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။
သက်တမ်းတိုးပေးရေး ကြန့်ကြာမှုများကြောင့် ထိုင်းအလုပ်ရှင်များ၏ စီမံခန့်ခွဲမှု၊ မြန်မာများ၏ အလုပ်အကိုင်အပြောင်းအရွှေ့၊ နယ်ကျော် ဖြတ်သန်းသွားလာရေးတို့တွင် သက်ရောက်မှု ကြီးမားသည်ဟု သူက ဆိုသည်။
“သက်တမ်းမတိုးတဲ့အခါမှာ သူတို့(အလုပ်သမားတွေ) ပုံမှန်အလုပ်တော့ လုပ်နေလို့ရတော့ရတယ်။ ဒါပေမဲ့ အများစုက လုပ်ငန်းမကောင်းကြတဲ့အခါမှာ အလုပ်အပြောင်းအရွှေ့တွေ လုပ်ချင်ကြတယ်၊ ၃လတစ်ကြိမ်၊ ၄ လတစ်ကြိမ်လောက် ပြောင်းပြောင်းပြီး လုပ်ကြတာဆိုတော့ အဲဒီလိုလူတွေအတွက် အခက်အခဲတွေဖြစ်သွားတယ်” NUG အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူ ပြောဆိုသည်။
အခြားတစ်ဘက်တွင်လည်း ထိုင်းအစိုးရသည် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ အတွက် ပန်းရောင်ကတ် (ခေါ်) အလုပ်လုပ်ခွင့် လက်မှတ် အသစ်ပြုလုပ်ပေးခြင်း အစီအစဉ်ကိုလည်း ယခုနှစ် အတွက် လုပ်ဆောင်ပေးလျက်ရှိနေသည်။
စစ်ကောင်စီ မပါဝင်ဘဲ သက်တမ်းတိုးခွင့်ရမည် ဆိုပါက ကုန်ကျစရိတ်သက်သာမည့်အပြင် ရှုပ်ထွေးသည့် အချက်အလက်တောင်းခံခြင်း လုပ်ငန်းစဉ်များကိုလည်း ကြုံ တွေ့ရတော့မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မသူဇာကြိုင်က Myanmar Now သို့ ပြောသည်။
သို့သော် ထိုကိစ္စသည် ထိုင်းအစိုးရဘက်က တရားဝင်အတည်ပြုပြောဆိုချက်ထွက်မလာသေး၍ စောင့် ကြည့်ရမည်ဟု သူက ဆိုသည်။
“တကယ်လို့သာ သက်တမ်းဆက်တဲ့အခါကျရင် ထိုင်းဘက်အခြမ်းကသာ လုပ်ဆောင်ပေးမယ်ဆိုရင် စာအုပ်သက်တမ်းတွေဘာတွေ တိုးစရာမလိုတော့ဘူးဆိုတော့ တိတိကျကျဖော်ပြထားတာမရှိတဲ့ ကုန်ကျစရိတ်တွေလည်း အလုပ်သမားတွေ မကုန်ရတော့ဘူးပေါ့။ နောက်တစ်ခုက စကစ (စစ်ကောင်စီ) ပေးရမယ့် အခွန်ဆိုရင် အလုပ်သမားတွေအများစုက မပေးဆောင်ချင်ကြဘူးလေ” ဟု သူက ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် ထိုင်းရောက် မြန်မာအလုပ်သမားများ ထိုင်းတွင် အလုပ်လုပ်ခွင့် နှင့် နေထိုင်ခွင့် သက်တမ်းတိုးခြင်းကိစ္စရပ်များကို တင်းကျပ်ထားသလို နှစ်နိုင်ငံသဘောတူညီမှု(MoU) စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာများအလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို ဖေဖော်ဝါရီ ၁၄ မှစ၍ ယာယီဆိုင်းငံ့ထားသည်။
ထို့ပြင် စစ်ကောင်စီက စစ်သားသစ်ရရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့်လည်း လူငယ်များ တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ကောင်စီကလည်း ထိုသူများ ပြည်ပထွက်ခွင့်မရရန် နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်နေသည်။
ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့်သာ သက်တမ်းတိုးခြင်းကို မျွှော်လင့်နေကြောင်း၊ စစ်ကောင်စီကို မိမိ၏ ကိုယ်ရေးအချက်အလက်များ မပေးလိုကြောင်း မဲဆောက်မြို့တွင် နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
ထိုလူငယ်သည် ရုပ်သံသတင်းများ တင်ဆက်ရသည့် သတင်းသမား ဖြစ်သော်လည်း အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားခြင်းမှာ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ရလိုခြင်းကြောင့် ဖြစ်သည်။
သတင်းသမား များကို ဖိနှိပ်နေသည့် စစ်ကောင်စီက ၎င်း၏ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုးခြင်းကို ငြင်းပယ်ဖွယ် ရှိသည်ဟု သူက ပြောသည်။
“သူတို့ (စစ်ကောင်စီ) ဆီမှာက CDM မဟုတ်ရင်တောင် တခြားအချက်အလက်တွေရှိနေတာဆိုတော့ သူတို့ဆီကို အချက်အလက်ပေးပြီးမှ သက်တမ်းတိုးရမယ်ဆို စိုးရိမ်ချက်ရှိတယ်” ဟု သူက ဆိုသည်။