
နှစ်နိုင်ငံသဘောတူညီမှု(MoU) စနစ်ဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ မြန်မာများအလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၄) မှစ၍ ယာယီဆိုင်းငံ့လိုက်သည်။
ယမန်နေ့က ပြည်ပနိုင်ငံများသို့ အလုပ်သမားအေဂျင်စီ ၄ ခုက စေလွှတ်သည့် အလုပ်သမား ၁၄၀ ဦးနှင့်ပတ်သက်၍ လေဆိပ်တွင် စေလွှတ်ခွင့်ပြုမိန် အချိန်မီမတင်ပြနိုင်သဖြင့် ပြဿနာပေါ်ပေါက်လာပြီးနောက် ထိုကဲ့သို့ဆိုင်းငံ့ရန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နှုတ်ဖြင့်ညွှန်ကြားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် အလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“စေလွှတ်ခွင့်တင်တဲ့အခါမှာ လေယာဉ်လက်မှတ်ဝယ်ရတယ်။ စေလွှတ်ခွင့်တောင်းရတယ်။ စေလွှတ်ခွင့်ရမှသွားရတာပေါ့။ စမတ်ကတ်တွေဘာတွေက ရိုက်ပြီးသားပေါ့။ နှစ်မျိုးရှိတာမှာ တစ်မျိုးက အွန်လိုင်းက တင်ရတယ်။ မနေ့က ပိတ်ရက်ခံသွားတဲ့အတွက် မနေ့က ညဘက်မှာ လွတ်မယ့် အလုပ်သမားတွေကို ဖေဖော်ဝါရီ ၁၁ ရက်မှာကတည်းက စေလွတ်ခွင့်ကို မပေးတော့ စေလွတ်ခွင့်စာရွက်တွေက လေဆိပ်ကိုမရောက်ဘူးလို့သိရတယ်” ဟု ၎င်းက ပြောသည်။
“အလုပ်သမားတွေရော၊ အေဂျင်စီတွေရောရောက်နေပြီ။ စေလွှတ်ခွင့်က မရောက်သေးတော့ ပြဿနာတွေတက်ကြတယ်။ နောက်ဆုံးကြတော့မှ ညွှန်ကြားရေးမှူးချုပ်တွေရော အဆင့်ဆင့်တောင်းခံပြီးတော့မှ လွတ်ခွင့်ပေးလိုက်တယ်။ လွှတ်ခွင့်ပေးပြီးတဲ့နောက်ပိုင်းမှာ ဒီကိစ္စဖြစ်လာတယ်”
သိုသော်လည်း အကျိူးဆက်ကို မချင့်ချိန်ဘဲ ရုတ်ချည်းပိတ်ပင်လိုက်ခြင်းကြောင့် ထွက်ခွာရန်စီစဉ်ထားသည့် အလုပ်သမားများ၊ အေဂျင်စီများ ကသောင်းကနင်းဖြစ်ကုန်ကြောင်း ၎င်းက ပြောသည်။
အလုပ်သမားများစေလွှတ်နိုင်ရန် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် ယုံကြည်မှုတည်ဆောက်ကာ ကာလရှည်ကြာ ညှိနှိုင်းသဘောတူလုပ်ကိုင်ရသော်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့ ရုတ်တရက် ပိတ်ပင်လိုက်ခြင်းကြောင့် ကတိပျက်ကာ ယုံကြည်မှုပျက်ပြားကုန်ကြောင်း ၎င်းက ဆိုသည်။
“နှုတ်မိန့်နဲ့ ခဏခဏရပ်တာက နှစ်ဖက်ကို ဒုက္ခရောက်စေတာပေါ့။ ယုံကြည်မှုလည်းပျက်ပြားစေတာပေါ့” ဟု သူက ပြောသည်။
စစ်တပ် အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးကြေညာကာ ခရီးသွားလာမှုများကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မြန်မာထက် အခြားနိုင်ငံများမှအလုပ်သမားများ ဦးစားပေးခေါ်ယူရန် စင်ကာပူ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနက ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်စွဲဖြင့် အလုပ်သမားအေဂျင်စီများထံသို့ အသိပေးအကြံပြုစာပေးပို့လိုက်သည်။
စင်ကာပူကဲ့သို့ပင် အိမ်နီးချင်း ထိုင်း၊ မလေးရှားနှင့် အခြားနိုင်ငံများမှ လည်း မြန်မာအလုပ်သမားများခေါ်ယူရန် အခြေအနေကို စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း အသက် ၃၅ နှစ်အောက် နိုင်ငံသားများကို ပြည်ပထွက်ခွင့်ပိတ်ပင်ထားသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်တည်း၊ စီပွားရေးပြိုကျမှု၊ စားဝတ်နေရေးအခက်အခဲအပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များက ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် သွားရောက်နေသည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခငွေမှာ တစ်ရက်လျှင် ကျပ် ၆,၈၀၀ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တိုက်ပွဲမဖြစ်ပွားသော မြို့နယ်များတွင်ပင် စားဝတ်နေရေးခက်ခဲလာ နေကြသည်။
ထို့ပြင် စစ်ကောင်စီက စစ်သားသစ်ရရန် အတင်းအဓမ္မ ဆင့်ခေါ်နေခြင်း၊ ဖမ်းဆီးနေခြင်းကြောင့်လည်း လူငယ်များ တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ကောင်စီကလည်း ထိုသူများ ပြည်ပထွက်ခွင့်မရရန် နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်ထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းခံထားရသည့် စစ်ကောင်စီသည် ၎င်းနှင့် ပြေလည်သည့် ဆက်ဆံရေးရှိသော တရုတ်နှင့် ရုရှားနိုင်ငံများသို့ အလုပ်သမား စေလွှတ်နိုင်ရန် စီစဉ်နေသည်။