
ချင်းပြည်နယ်မှအစိတ်အပိုင်းအချို့နှင့် စစ်ကိုင်းတိုင်းအတွင်းမှ ကဘော်ချိုင့်ဝှမ်းတို့ ခွဲထွက်ကြပြီး အိန္ဒိယနှင့်ပူးပေါင်းရန် အိန္ဒိယလွှတ်တော်အမတ်တချို့၏ ပြောကြားချက်ကို မြန်မာနိုင်ငံဘက်တွင် ကြိုဆိုထောက်ခံများ မရှိသလို အလေးအနက်ထားမှုလည်း နည်းပါးသည်ကို တွေ့ရသည်။
ကဘော်ချိုင့်ဝှမ်းကို မဏိပူရ်ပြည်နယ်ထဲ ပြန်လည်ထည့်သွင်းရေး ပြောကြားချက်မှာ လက်တွေ့ကျသည့် တောင်းဆိုမှု မဟုတ်ကြောင်း အိန္ဒိယ – မြန်မာ ဆက်ဆံရေးလေ့လာနေသောအရပ်ဘက်အဖွဲ့ဖြစ်သည့် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က မှတ်ချက်ပြုသည်။
“တစ်ခုတည်းသောနည်းလမ်းက အိန္ဒိယဗဟိုအစိုးရက စစ်ရေးအရ လုပ်ဆောင်မှသာလျှင် ဖြစ်နိုင်ခြေ အလားအလာ ရှိတဲ့ဟာပေါ့။ စစ်ရေးအရ အိန္ဒိယဗဟိုအစိုးရက ကဘော်ချိုင့်ဝှမ်းပြန်ယူဖို့က အင်မတန်မှကို ဖြစ်နိုင်ခြေ နည်းတဲ့ဟာပေါ့” ဟု သူက ပြောသည်။
ပြည်နယ်အတွင်း ရွေးကောက်ပွဲအတွက် အချိန်ကိုက် ပြောဆိုမှုဟုလည်း သူက ကောက်ချက်ချသည်။
“လုံးဝမဖြစ်နိုင်ဘူးလို့ ပြောလို့ရတာဖြစ်တဲ့အတွက် ဒီတောင်းဆိုမှု၊ ဒီ လှုပ်ရှားမှုက သူတို့ ပြည်နယ်အတွင်း လာမယ့်ရွေးကောက်ပွဲတွေအတွက် နိုင်ငံရေးအရ ကြွေးကြော်သံ တစ်ခုကလွဲပြီးတော့ ကျန်တာ လက်တွေ့ ရနိုင်ခြေမရှိဘူးလို့ပဲ မြင်ပါတယ်” ဟု ဆလိုင်းဒိုခါရ်က သုံးသပ်သည်။
လွှတ်တော်အမတ်၏ ခရီးစဉ်မှာ ဗဟိုအစိုးရ၏ တိုက်ရိုက်ညွှန်ကြားချက် မဖြစ်နိုင်သည့်တိုင် ဗဟိုအစိုးရ မူဝါဒကို ထင်ဟပ်ဖွယ် ရှိကြောင်း ဆလိုင်းဒိုခါရ်က မှတ်ချက်ပြုသည်။
“အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် သူ့ရဲ့ခရီးစဉ်က ဗဟိုအစိုးရရဲ့ စဉ်းစားချက်တွေ မူဝါဒ တွေရဲ့အစိတ်အပိုင်းတစ်ခုထဲမှာတော့ ပါတော့ပါမှာဆိုတာတော့ သေချာတယ်။ ဒါကတော့ တရားဝင် ခရီးစဉ် မဟုတ်ဘူး၊ ဘယ်လိုပဲပြောပြော ဗဟိုအစိုးရရဲ့ မူဝါဒ အစိတ်အပိုင်းတော်တော်များများကိုတော့ ဒီခရီးစဉ်ထဲကနေ ပြသမှုရှိတယ်လို့ မြင်တယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းနှစ်များတွင် အိန္ဒိယသည် စစ်တပ်နှင့်နီးကပ်သည့် ဆက်ဆံရေး ရှိနေခဲ့သော် လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုကျယ်ပြန့်လာချိန်တွင်အိန္ဒိယအစိုးရ၏ စဉ်းစားချက်အချို့ ပြောင်းလဲလာကြောင်း ဆလိုင်းဒိုခါရ်က သုံးသပ်သည်။
“တိကျတဲ့မူဝါဒ သူ့မှာရှိတယ်ဆိုရင်တော့ ဒီထက်မကပိုပြီးတော့ လုပ်နိင်တယ်လို့ထင်တယ်။ တိကျတဲ့မူဝါဒ တော့ မရှိဘူး။ဒါပေမယ့် သူတို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စဉ်းစားချက်တွေက တော်တော်လေး ပြောင်းလဲမှု ရှိတာ ပုံစံမျိုးစုံနဲ့ စဉ်းစားလာပြီဆိုတာကို ပြသတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြင်းထန်သည့် ခုခံမှုများနှင့် ကြုံခဲ့ရပြီးနောက် ထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်လိုက်ရသည့် အထဲတွင် အိန္ဒိယနှင့်နယ်စပ် နိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်းတောင်တန်းတစ်ခုလုံးနီးပါး ပါဝင်သည်။
ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်တွင် ပြန်လည် ထည့်သွင်းရန် မဏိပူရ်ပြည်နယ် အထက်လွှတ်တော်အမတ် Leishemba Sanajaoba မတ် ၁၀ ရက်နေ့တွင် ပြုလုပ်သည့် အထက်လွှတ်တော် အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့သည်။
ထိုမတိုင်မီ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena ချင်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံချိန်တွင် မီဇိုရမ်ပြည်နယ်နှင့်ပူးပေါင်းရန် ပြောဆိုခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Hindu သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အကြာတွင် အိန္ဒိယနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်အတွင်း မြို့နယ် ၉ ခုအနက် ၅ ခုကိုတော်လှန်ရေး အင်အားစုက သိမ်းပိုက်ထားပြီး နယ်မြေ၏ ၈၀ ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် ကဘော်ချိုင့်ဝှမ်းအရေး၊ မီဇိုရမ်နှင့်ပူးပေါင်းရေး လွှတ်တော် အမတ်တချို့၏ ပြောကြားချက်များ ဆက်တိုက်ထွက်ပေါ်လာ ခြင်းဖြစ်သည်။
လက်ရှိအာဏာရပါတီ (BJP) သည် ၂၀၁၃ ခုနှစ်ကလည်း စစ်ကိုင်းတိုင်း တမူး၊ ကလေး၊ မင်းကင်း မြို့နယ်တို့ ပါဝင်သည့် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်ရယူရန် မဲဆွယ်ခဲ့ဖူးသည်၊ ထိုစဉ်က ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှ ဒေသခံများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် K Vanlalvena သည် ချင်းတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး ချင်းပြည်ကောင်စီရုံးကို သွားရောက်ပြီး ချင်းလက်နက်ကိုင်များနှင့် တွေ့ဆုံခဲ့သည်။
ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အိန္ဒိယ လွှတ်တော်အမတ်၏ နေ့ချင်းပြန်ခရီးစဉ်အတွင်း ၎င်းတို့၏ဌာနချုပ်နှင့် တော်လှန်ရေးအင်အားစုများရှိရာ နေရာ အချို့ကို သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်အရေးအပါအဝင် အခက်အခဲများကို နှစ်ဘက်ပြောဆို မှုများရှိခဲ့ ကြောင်း ပြောသည်။
“ကျွန်တော်တို့ အားလုံးက တအူတုံဆင်း၊ ညီအစ်ကိုတွေဖြစ်တဲ့အတွက် တစ်ဦးအခက်အခဲကို ဟိုနိုင်ငံ၊ ဒီနိုင်ငံဆို တာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကတော့ အဲ့ဒီလိုမျိုး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ အဲ့ဒီ အဆင့်တော့ပြောသွားပါတယ်”ဟု ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ဒီနေ့အထိ သူတို့နဲ့ပေါင်းမယ်၊ မပေါင်းမယ်ဆိုတဲ့ကိစ္စတွေထက် ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်တဲ့ စစ်အာဏာရှင်အပြုတ်တိုက်ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအပေါ်မှာ ရပ်တည်ချက်က အဲ့ဒါရှိတယ်”
သက်တမ်းရင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်မတော်သည် အရပ်သားအစိုးရ လက်ထက်တွင် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ သော်လည်း ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်တွင် တော်လှန်ရေးအင်အားစုနှင့် အတူ ရပ်တည်နေသည်။
အာဏာသိမ်းစစ်တပ်ဒဏ်ကို ခံနေရသည့် မြန်မာပြည်သူများအရေးနှင့်ပတ်သက်ပြီး ဗဟိုအစိုးရကို တောင်းဆို တိုက်တွန်းလေ့ရှိသူ မီဇိုရမ် လွှတ်တော်အမတ် K Vanlalvena သည် ပြီးခဲ့သည့်နှစ် မတ်လကလည်း မြန်မာ – အိန္ဒိယ ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေး အတွက် နှစ်နိုင်ငံနယ်စပ် တွင် အာရက္ခတပ်တော် (AA)နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
ချင်းပြည် အစိုးရအဖွဲ့ (Chinland) ဝန်ကြီးချုပ် ဦးပါထန်းက မီဇိုရမ် လွှတ်တော်ကိုယ်စားလှယ်၏ ခရီးစဉ်မှာ ရင်းနှီးမှုအရ အလွတ်သဘော လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး နိုင်ငံရေးပိုင်းဆိုင်ရာ ဆွေးနွေးမှုမရှိကြောင်း ပြောသည်။
နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဆက်ဆံရေးကောင်းရှိနေသည်ဟု ဦးပါထန်းက မှတ်ချက်ပြုသည်။
“ပြည်နယ် အစိုးရနဲ့တော့ ညီအစ်ကိုတွေဖြစ်တဲ့အတွက်ကြောင့် ဆက်ဆံရေးကောင်းတယ်။ အိန္ဒိယ တစ်ခုလုံးနဲ့တော့ လောလောဆယ်အထိတော့ ဆက်ဆံရေးကောင်းတယ်လို့တော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်နယ်မြေတွေ ပိုပိုများလာတဲ့အချိန်မှာ သူတို့က အရင်ကထက်တော့ မီးစိမ်းပြလာတယ်လို့တော့ ရှုမြင်တယ်”
အိန္ဒိယ အမတ်တချို့၏ ပြောဆိုချက်ထွက်ပေါ်လာပြီး ရက်အတန်ကြာတွင် စစ်ကောင်စီ၏ ကန့်ကွက်မှု ထွက်ပေါ်လာသည်။
ခွဲထွက်ရေးစကားဆိုသည့် အိန္ဒိယလွှတ်တော်အမတ်များကို “နိုင်ငံရေးလိုဘတစ်ခု တည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုပျက်ပြားအောင် မလုပ်သင့်ဘူး” ဟု အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (မတ် ၁၃) တွင် ပြစ်တင်ပြောဆိုခဲ့ပြီး “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်” ဟု တုံ့ပြန်ခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အသိပေးသင့်သည်များ၊ ပြောကြားသင့်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်သည် ၁၀၁၀ မိုင် (၁၆၂၆ ကီလိုမီတာ) ကျော် ထိစပ်နေသည့်အနက် ၉၀၇ မိုင် ကျော် နယ်မြေသတ်မှတ်မှု တိုင်းတာထားပြီး ကဘော်ချိုင့်ဝှမ်းဒေသမှာလည်း တိုင်းတာအသိအမှတ်ပြုပြီး နယ်မြေတွင် ပါဝင်သည် ဟု စစ်ကောင်စီ တုံ့ပြန်သည်။
နယ်ခြားသတ်မှတ်ချက်အတွက် ဆိုလျှင် ၂၀၁၄ ခု မေ ၈ ရက်နေ့က ချုပ်ဆိုခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရှိထားပြီးဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။



မီဇိုရမ်လွှတ်တော်ကိုယ်စားလှယ် K Vanlalvena ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချင်းပြည်နယ်သို့ လာရောက်ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံစဉ်