ရန်ကုန်မြို့မှ နိုင်ငံခြားရေးဌာနဝန်ထမ်း ၃ ဦးနှင့် အရပ်သား ၄ ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပေးသော ဘွဲ့လက်မှတ် နိုတြီ (သက်သေခံချက်) ဘာသာပြန် ဝန်ဆောင်ပေးမှု၊ ထောက်ခံပေးမှု စွဲချက်များနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (မတ် ၁၀) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိထားသူ မကေဇင်ထွန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ပညာဆက်သင်ရန် ကြိုးစားရာတွင် NUG အစိုးရ၏ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ ထုတ်ပေးသည့် ဆရာဝန်ဘွဲ့လက်မှတ်ကို အသုံးပြုခဲ့သည်၊ ဒူဘိုင်းရှိ စာရွက်စာတမ်းစစ်ဆေးသည့် ကုမ္ပဏီဖြစ်သော The Data flow Group Company က ထိုဘွဲ့လက်မှတ်ကို ပြန်စစ်ဆေးပေးရန် မန္တလေးဆေးတက္ကသိုလ်သို့ ပို့လိုက်စဉ် စစ်ကောင်စီ သိသွားသဖြင့် ထိုသို့ ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
ဘွဲ့လက်မှတ် နိုတြီဝန်ဆောင်မှုပေးသည့် ဒေါ်အိလဲ့လဲ့ထွန်း၊ ‘ရွှေပြည်အောင်’ Notary ဆိုင်ပိုင်ရှင် ရှေ့နေ ဦးလှဝင်း၊ ‘လပြည့်ဝန်း ‘ Notary ဆိုင် ပိုင်ရှင် ဦးဇာနည်လွင်၊ ‘အောင်’ Notary ဆိုင်ပိုင်ရှင် ဒေါ်အေးသီတာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး၊ ရုံးအုပ်များဖြစ်ကြသော ဦးနိုင်နိုင်လတ်နှင့် ဦးမောင်မောင်ချစ်စန်းဦးတို့ကို မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ဖမ်းဆီးလိုက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို မတ်လ ၆ ရက်တွင် နိုတြီဌာနကို ယာယီပိတ်ခဲ့သည်။
ဒူဘိုင်းတွင် ကျောင်းတက်ရန် ကြိုးစားနေသည့် မကေဇင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့ ဆက်သွယ် ဆောင်ရွက်ခဲ့သည့်ပွဲစားတစ်ဦးတို့ကို ဖမ်းဆီးမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
မကေဇင်ထွန်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ပညာသင်ခဲ့သည်၊ ကလေးဆေးရုံကြီး (မန္တလေး)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) တို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်၊ ၂၀၂၀ ပြည့်နှစ်တွင် မန္တလေးဆေးတက္ကသိုလ်က ပေးသော ဆေးပညာဘွဲ့ လက်မှတ်ရရှိခဲ့သည်၊ ဆက်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ တရားမဝင် ထွက်ခွာသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
စာရွက်စာတမ်းများ စစ်မှန်ကြောင်း ဘာသာပြန်ဆို ထောက်ခံမှုပေးသည့် နိုတြီလုပ်ငန်းသည် ပြည်ပထွက်ခွာသူ၊ ပြည်ပတွင် ပညာသင်လိုသူတို့ လိုအပ်လေ့ရှိသည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ခဲ့ကြရာ ကျန်းမာရေးဝန်ထမ်း အများအပြား တက်ကြွစွာပူးပေါင်းပါဝင်ခဲ့သည်၊ အာဏာမသိမ်းမီ အလုပ်သင်ပြီးဆုံးသည့် ဆရာဝန်အများအပြားလည်း စစ်ကောင်စီလက်အောက်တွင် ဝန်ထမ်းအဖြစ် တာဝန်ယူရန် ငြင်းဆန်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေးနယ်မြေအတွင်း သွားရောက်နေထိုင်ကာ ကျန်းမာရေးဝန်ဆောင်မှုပေးသူများ ရှိသလို ပညာဆက်လက်သင်ယူရန် ကြိုးပမ်းနေသူများလည်း ရှိသည်။
စစ်ကောင်စီကလည်း CDM ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားနှိပ်ကွပ်နေပြီး ပုဂ္ဂလိကဆေးရုံများ တွင် CDM ဆရာဝန်များ၊ ဆေးကုသခွင့် လက်မှတ်သက်တမ်းကုန်သူများကို အလုပ်ခန့်အပ်ခြင်းမပြုရန် ညွှန်ကြားထားသည်။
ထို့အပြင် ဆေးတက္ကသိုလ်ကျောင်းသားများကို နိုင်ငံတကာ တွင် ပညာဆက်လက်သင်ကြားခွင့်မရရန် ကျောင်းသားအမှတ်စာရင်းနှင့် GPA သတ်မှတ်ချက်များကိုကို ထုတ်မပေးရန်ညွှန်ကြားထားသည်ဟု ဆရာဝန်များထံက သိရသည်။
ညွှန်ကြားထားသူများမှာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာန ညွှန်ချုပ် ဒေါက်တာတင်ထွန်းတို့ ဖြစ်သည်ဟု ဆိုသည်။
၂၀၂၀ ပြည့်နှစ်တွင် အလုပ်သင်အဖြစ် လုပ်ငန်းခွင် ဝင်ဖူးသည့် ဆရာဝန် ၈၀၀ ခန့် စစ်တပ်ထိန်းချုပ်သည့် ကျန်းမာရေးဌာနတွင် တာဝန်ဆက်လက်ထမ်းဆောင်မှု မပြုသဖြင့် ဆေးကုသခွင့် လက်မှတ်နှင့် ဘွဲ့လက်မှတ်များ မရကြရုံသာမက အမည်ပျက်စာရင်းသွင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံနေရသည်။
NUG အစိုးရက ထုတ်ပေးသည့် ဆရာဝန်ဘွဲ့လက်မှတ်ဖြင့် နိုင်ငံတကာတွင် ပညာဆက်လက်သင်ကြားနေသူများ ရှိနေသည်ဟု သိရသည်။
သို့သော် NUG အစိုးရအနေဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်ပေးရန်လိုအပ်နေသေးကြောင်း အမည် မဖော်လိုသည့် ဆရာဝန် အမျိုးသားတစ်ဦးက ပြောသည်။
“စကစ ဘက်ကလည်း ဘာမှမျှော်လင့်လို့ မရတဲ့အခြေအနေမှာ ကျွန်တော်ကတော့ NUG MOH အနေနဲ့ အခုထက်ပိုပြီးကြိုးစားပေးနိုင်သင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့က ပညာဆက်လက်သင်ချင်တာ ဗျ။ ဆက်သင်ချင်ဆိုတဲ့နေရာမှာလည်း ဒီနိုင်ငံမှာတော့ မဟုတ်ဘူးပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
NUG မန္တလေး ဆေးတက္ကသိုလ်၊ ယာယီတက္ကသိုလ်ကောင်စီ ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ၎င်း တို့က ဆရာဝန်များကို ဘွဲ့လက်မှတ် ထုတ်ပေးနေကြောင်း Facebook လူမှုကွန်ရက်စာမျက်နှာတွင် မတ်လ ၆ ရက်က ရေးသားထားသည်။
အားလုံးနီးပါးကို ဘွဲ့လက်မှတ်များထုတ်ပေးထားသည်၊ အများအပြား ပြည်ပတွင် အလုပ်လုပ်ကိုင်၊ ဘွဲ့လွန်သင်တန်းများတက်ရောက်နေကြသည်ဟု ၎င်းက ဆိုသည်။
လူငယ်များ ပြည်ပတွင် ပညာဆက်သင်ရန် ကြိုးပမ်းစဉ် ကူညီသူတို့ကို ဖမ်းဆီးမှုမှာ ယမန်နှစ်ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။
၂၀၂၄ နိုဝင်ဘာလက ဆေးတက္ကသိုလ်(မန္တလေး) နောက်ဆုံးနှစ် ကျောင်းသူ ၂ ဦး NUG အစိုးရ ဆေးဘွဲ့ လက်မှတ်ဖြင့် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ် တက်မည့်အစီအစဉ်ကို စစ်ဗိုလ်ချုပ်များ သိသွားသဖြင့် နိုတြီဝန်ဆောင်မှုပေးသူများကို ဖမ်းဆီးထောင်ချခဲ့သည်။
ထိုဖြစ်စဉ် ၂ ခုလုံးမှာ မြန်မာလူငယ်တို့ တက်လိုသည့်ကျောင်းများက မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို လုပ်ထုံးလုပ်နည်းအရ ဆက်သွယ်စစ်ဆေးရာမှ စစ်ကောင်စီ သိရှိသွားပြီး အဖမ်းအဆီးများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ထိုလူငယ်များကို အမည်ပျက်စာရင်းသွင်းထားသည်ဟု ဆိုသည်။
လတ်တလောတွင် အဆိုပါ မန္တလေးဆေးတက္ကသိုလ်ဆင်း လူငယ် ၃ ဦး ပြည်ပတွင် ပညာဆက်လက်သင်ယူနိုင်ခြင်း ရှိမရှိ မသိရသေးပေ။



