အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူငယ်ဆရာဝန် ၈၀၀ ခန့် အမည်ပျက်စာရင်းသွင်းခံရ

အာဏာမသိမ်းမီ အလုပ်သင်ဆရာဝန်ဖြစ်လာသူအများစုကို နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်မယူမှု အကြောင်းပြချက်ဖြင့် စစ်တပ်က ဘွဲ့လက်မှတ်၊ ပြည်ပထွက်ခွင့်၊ ဆေးကုခွင့်များ ပိတ်ပင်လိုက်သည်။

၂၀၂၀ ပြည့်နှစ်တွင် အလုပ်သင်အဖြစ် လုပ်ငန်းခွင် ဝင်ဖူးသည့် ဆရာဝန် ၈၀၀ ခန့်သည် စစ်တပ်အာဏာသိမ်းပြီးနောက် တာဝန်ဆက်လက်ထမ်းဆောင်မှု မပြုသဖြင့်  ဆေးကုသခွင့် လက်မှတ်နှင့် ဘွဲ့လက်မှတ်များ မရကြရုံသာမက အမည်ပျက်စာရင်းသွင်း၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံနေရကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းမှုကြောင့် ကျင်းပနိုင်ခြင်းမရှိသည့် ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မကွေးဆေးတက္ကသိုလ်များတွင် မကြာမီ  ပြန်လည်ကျင်းပမည်ဖြစ်ပြီး  ပါရဂူဘွဲ့၊ ဆရာဝန်ဘွဲ့ ဟုခေါ်ဆိုသည့် Bachelor of Medicine and Bachelor of Surgery (MBBS) ဘွဲ့များကို ၃ နှစ်စာ စုပေါင်း၍ ပေးအပ်မည်ဟု စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။

ဆေးတက္ကသိုလ် ၄ ခုမှ နောက်ဆုံးနှစ် MBBS အပိုင်း(ခ) ၆/ ၂၀၁၈ အပတ်စဉ်မှ စာမေးပွဲအောင်မြင်ခဲ့သူ ဆရာဝန် ၁၀၂၂ ဦးအနက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်သူ ၂၀၀ ဝန်းကျင်ကိုသာ ဘွဲ့အပ်ပေးမည်ဖြစ်ကြောင်း ဘွဲ့လက်မှတ်ငြင်းပယ်ခံရသည့်၊ အမည်မဖော်လိုသည့် ဆရာဝန်နှစ်ဦးက Myanmar Now ကို ပြောသည်။ 

၂၀၁၈ ဇွန်လတွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်တက်ရောက်၍ ၂၀၁၉ ဒီဇင်ဘာတွင် ကျောင်းပြီးဆုံးကာ နောက်ထပ် တစ်နှစ်ကျော်ကြာ အလုပ်သင်ဆင်းထားပြီးသည့် ဆရာဝန်များဖြစ်သည်။ 

ဆရာဝန်ဘွဲ့ရပြီး နိုင်ငံက လိုအပ်သည့်အချိန်တွင်  ဝန်ထမ်းအဖြစ် ၃ နှစ်ကြာတာဝန်ထမ်းမည်၊ ပျက်ကွက်ပါက ကျပ် ၁၀ သိန်း  ပေးလျော်ရမည်ဟု ဆေးကျောင်းစတက်ချိန်က ခံဝန် ရေးထိုးခဲ့ရသည်။

 ၆/ ၂၀၁၈ အပတ်စဉ်မှ ဆရာဝန်ဘွဲဲ့ရသူများကို အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက အလုပ်ဝင်ရန် လျှောက်လွှာခေါ်ခဲ့သော်လည်း နိုင်ငံရေးစနစ် ကမောက်ကမဖြစ်နေချိန် ဆရာဝန်အများစုက အလုပ်မဝင်တော့ဘဲ  လျော်ကြေး ၁၀ သိန်း ပေးရန်  ပြင်ဆင်ခဲ့ကြသည်ဟု ဆရာဝန် တစ်ဦးက ပြောသည်။ 

“ဒီခေတ်ကာလမှာ ငါတို့ မဝင်နိုင်ဘူးဆိုပြီးတော့ ကျွန်တော်တို့က နေခဲ့ကြတာပေါ့။ အဲ့ဒီအခါကြတော့ အလုပ်မဝင်လို့ မပေးဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့။ အဲ့ဒီဟာက ကျွန်တော်တို့ ခံဝန်ထိုးရတဲ့ အနေအထားနဲ့ဆိုရင် မကိုက်ညီဘူး။ ၁၀ သိန်း လျော်တာကို လက်ခံရမှာပေါ့နော်။ အခုချိန်မှာတော့ ၁၀ သိန်းအလျော်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက လက်မခံနေဘူး” ဟု ထိုအမျိုးသားက ပြောသည်။

“အခုဆိုရင် ဘွဲ့နှင်းသဘင်ကျင်းပတော့ ကျွန်တော်တို့က ဘွဲ့လည်းမရဘူး။ ပြီးတော့ ကျွန်တော်တို့ကို ကျောင်းပြီးတုန်းက ဆမ(ဆေးကုသခွင့်လက်မှတ်) တစ်ခါတည်းပေးရမှာ။ ဒါပေမယ့် ဆမလည်း မပေးဘဲနဲ့ ဒီအတိုင်းထားတယ်” 

ထိုအပတ်စဉ်မှ စစ်ကောင်စီဝန်ထမ်းမလုပ်သည့် ဆရာဝန်များကို နိုင်ငံကူးလက်မှတ်လျှောက်ခွင့်၊ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားသည်ဟု သိရသည်။ ထို့ကဲ့သို့ အမည်ပျက်စာရင်းသွင်းထားခြင်းကို ရန်ကုန်လေဆိပ်တွင် ကိုယ်တွေ့ကြုံခဲ့ရကြောင်း၊ လူဝင်မှုကြီးကြပ်ရေး၊ အထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက တားဆီးစစ်ဆေး၍ လှည့်ပြန်ခိုင်းကြောင်း ထိုဆရာဝန်က ပြောသည်။ 

စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ခဲ့ကြရာ ဆရာဝန်အသိုင်းအဝန်းက တက်ကြွစွာပူးပေါင်းပါဝင်ခဲ့သည်၊  ကျန်းမာရေးဝန်ကြီးဌာမှ ဝန်ထမ်းပေါင်း တစ်သိန်းကျော်အနက် ၅၄,၇၂၂ ဦး (ငါးသောင်းဝန်းကျင်) သာ တာဝန် ဆက်လက်ထမ်းဆောင်ပြီး ၄၇,၂၅၄ ဦး (ငါးသောင်းနီးပါး) CDM ပြုလုပ်သွားသည်ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ကိုဗစ်ဖြစ်ပွားမှု မြင့်မားသည့် ကာလအတွင်း တစ်နိုင်ငံလုံးရှိ ဆေးရုံနှင့် ဆေးပေးခန်း ၁၂,၅၀၄ ခုအနက် ၆၅ ရာခိုင်နှုန်းတွင်သာ ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်ဟုလည်း စစ်ခေါင်းဆောင်က ဝန်ခံထားသည်။ ထို့ကြောင့် စစ်ကောင်စီက CDM ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားနှိပ်ကွပ်နေပြီး ပုဂ္ဂလိကဆေးရုံများတွင် CDM ဆရာဝန်များ၊ ဆေးကုသခွင့်လက်မှတ်သက်တမ်းကုန်သူများကို အလုပ်ခန့်အပ်ခြင်းမပြုရန် ညွှန်ကြားထားသည်။  

အာဏာမသိမ်းမီ လပိုင်းအတွင်း  ဆရာဝန်ဘွဲ့ရခဲ့ပြီး စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်သူများကို စစ်ကောင်စီက အငြိုးထားကာ  ကန့်သတ်ပိတ်ပင်ထားသောကြောင့် ထိုဆရာဝန် ၈၀၀ ခန့်မှာ ဆရာဝန်ဘွဲ့နှင့် ဆက်နွယ်သည့် အလုပ်အကိုင်များ၊ နိုင်ငံတကာတွင်  ပညာဆက်လက်သင်ကြားခွင့်များ ဆုံးရှုံးနေရကြောင်း ထိုဆရာဝန်က ပြောသည်။ 

“ပြည်ပကိုလည်းထွက်လို့ မရနေဘူး။ ပြည်တွင်းမှာလည်း အခွင့်အရေးတွေအများကြီး ဆုံးရှုံးနေတယ်။ ကျွန်တော်တို့ အနာဂတ်က ပြောရလို့ရှိရင် တော်တော်ကို ဝေဝါးနေတယ်” ဟု ၎င်းက ပြောသည်။ 

ပုံမှန်အားဖြင့် ကျောင်းပြီး၍ ဆရာဝန်အလုပ်သင် ၁ နှစ်ဆင်းပြီးလျှင် ဆေးကုသခွင့်လက်မှတ်နှင့် ဘွဲ့ကို ရယူခွင့်ရှိ၊ ဆေးတက္ကသိုလ်များထံမှ ကျောင်းသားအမှတ်စာရင်းနှင့် GPA သတ်မှတ်ချက်များကို လွတ်လပ်စွာထုတ်ယူခွင့်ရှိသည်။ 

သို့သော် စစ်ကောင်စီက ထိုလက်မှတ်များထုတ်ယူခွင့်ပိတ်ပင်ထားကာ နိုင်ငံရေးအရ အသုံးချနေသည်ဟု ဆရာဝန်များက ပြောသည်။  

လက်မှတ်မရှိသူကို ပုဂ္ဂလိကဆေးရုံကြီးများက အလုပ်ခန့်ရန်လက်မခံ၍ အလုပ်အကိုင်ရှားပါးလာပြီး အခြားအလုပ်များကို ပြောင်းရွှေ့လုပ်ကိုင်ရန်အတွက်လည်း ဘွဲ့ရအထောက်အထားမပြသနိုင်ကြောင်း၊ အခက်အခဲများရှိသော်လည်း စစ်ကောင်စီလက်အောက်တွင် အလုပ်ဝင်လိုစိတ်မရှိကြောင်း နောက်ထပ် ဆရာဝန်အမျိုးသားတစ်ဦးက ပြောသည်။ 

“စစ်ကောင်စီလက်အောက်မှာ အလုပ်ဝင်တာက ဖြေရှင်းနည်းမဟုတ်ဘူး။ ကျွန်တော်တို့ အများစုမှာက အလုပ်ဝင်လိုတဲ့ဆန္ဒမရှိကြဘူး။ ပျက်စီးနေတဲ့စနစ်ထဲကို ဝင်ပြီးတော့လုပ်ဖို့ဆိုတာကလည်း တော်တော် လေးကို ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။ 

“ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို လိုချင်တယ်။ တချို့ ပေးတဲ့ဟာကို ယူတာမယူတာက Personally (ပုဂ္ဂိုလ်ရေးအရ) ဆုံးဖြတ်ကြပေါ့။ သူတို့မှာတော့ ပေးကိုပေးရမယ့်တာဝန်ရှိတယ်။ ကျွန်တော်တို့က သူတို့ပညာရေးနဲ့ ကျောင်းပြီးထားတာ မဟုတ်ဘူး။ ကျွန်တော်တို့က ၂၀၂၀ ကတည်းက ကျောင်းပြီး ထားတဲ့သူတွေ ဆိုတော့ သူတို့မှာ ပေးကိုပေးရမယ့်တာဝန်ရှိတယ်”  

ဆရာဝန်များက ကျောင်းစတက်စဉ် ခံဝန်ချက်အတိုင်း လျော်ကြေးပေးလိုသော်လည်း စစ်ကောင်စီက ထိုလျော်ကြေးပေးချေသည့် နည်းလမ်းကို ပိတ်ပင်ထားသည်ဟု သိရသည်။ 

ထိုအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကို Myanmar Now က ဆက်သွယ် သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

ဆရာဝန်များက ဘွဲ့လက်မှတ်၊ ဆေးကုသခွင့်လက်မှတ်၊ အမှတ်စာရင်းနှင့် GPA ထုတ်ပေးရန်နှင့် အမည်ပျက်စာရင်းပယ်ဖျက်ပေးရန် တောင်းဆိုသည်။ ထိုကဲ့သို့တောင်းဆိုခြင်းမှာ ၎င်းတို့ရေးထိုးခဲ့သည့် ခံဝန်ချက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်သည်ဟု ဆိုသည်။ အာဏာမသိမ်းမီ ဘွဲ့ရသူများဖြစ်သလို လျော်ကြေးပေးမည်ဟု ဆရာဝန်များက ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့်လည်း ထိုဆရာဝန်များအရေးကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားသည်။ 

NUG ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပေးလည်းဖြစ်၊ ဖက်ဒရယ်ကျန်းမာရေး ပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်ကမူ ၎င်းတို့က ဆရာဝန်များကို ဘွဲ့လက်မှတ် ထုတ်ပေးနေကြောင်း ၎င်း၏ facebook လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ရေးသားထားသည်။ 

အားလုံးနီးပါးကို ဘွဲ့လက်မှတ်များထုတ်ပေးထားသည်၊  အများအပြား ပြည်ပတွင် အလုပ်လုပ်ကိုင်၊ ဘွဲ့လွန်သင်တန်းများတက်ရောက်နေကြကြောင်း ပြောဆိုထားသည်။ ဆရာဝန်တချို့ကမူ ပြည်တွင်း၌ ဘွဲ့လက်မှတ်အခက်တွေ့နေသူ များစွာရှိနေသေးသည်ဟု ဆိုသည်။

စစ်ကောင်စီသည် မြန်မာကျောင်းသူ ၂ ဦး NUG အစိုးရ ဆေးဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ် တက်မည့် အစီအစဉ်ကို သိရှိသွားပြီးနောက် ထိုနှစ်ဦးကို  အမည်ပျက်စာရင်းသွင်းဖူးသည်။ ထိုလက်မှတ်ကို နိုတြီပြုလုပ်ပေးသူများကိုလည်း ဖမ်းဆီးထောင်ချခဲ့သည်။ ထိုနှစ်ဦး၏ အတွေ့အကြုံမှာ ပြည်ပတွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများကြား ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်လာသည်။ 

Related Articles

Back to top button