
တရုတ်ငွေလိမ်ဂိုဏ်းများကို နိုင်ငံစုံပူးပေါင်းပြီး ဖိအားပေး နှိမ်နင်းနေကြစဉ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ကျားဖြန့်လုပ်ငန်းရှင်များမှာ မြို့ပေါ်မှ ပျောက်ကွယ်သွားကြသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။
မြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ သဘာဝရေတံခွန်အပန်းဖြေစခန်းတွင် ကျားဖြန့်လုပ်ငန်းရှင်ဟု ယူဆရသူများ ရောက်နေကြသည်၊ ထိုနေရာကို ပိုင်ဆိုင်သူမှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်နည်းဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်း ဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။
“ရေတံခွန်အပန်းဖြေစခန်းက ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူ လမ်းရဲ့ ဟိုဘက်ဒီဘက်နှစ်ခုစလုံးမှာ (မျက်နှာချင်းဆိုင်မှာ) ရှိတယ်။ အခု တရုတ်တွေကို ထားတဲ့နေရာက ဒေသခံတွေက ရွှေဖားငွေဖားလို့ ခေါ်တဲ့ ဘက်မှာ ထားတာ” ဟု သူက ပြောသည်။
“အရင်က အမြဲဖွင့်တယ်၊ ဘယ်သူမဆို ဝင်ထွက်လို့ရတယ်။ လုံခြုံရေးမရှိဘူး။ အခုက ဂိတ်ဖွင့်တယ်။ လုံခြုံရေးချထားတယ်။ အထဲကို လူတိုင်းဝင်လို့မရတော့ဘူး၊ တပတ်လောက်ရှိပြီ”
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံ ဦးဆောင်ပြီး ဖိအားပေး တိုက်ဖျက်မှု မတိုင်မီကပင် ထိုမြို့နှင့် မိုင် ၁၃၀ ခန့် ကွာဝေးသည့် ဘုရားသုံးဆူမြို့ရှိ အဆိုပါ အပန်းဖြေစခန်းသည် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ ကာလရှည် စတည်းချရာ နေရာတစ်ခု ဖြစ်သည်။
မဲ့ကသာချောင်းနံဘေး ကြီးမားကျယ်ပြန့်သည့် ဧရိယာအတွင်းရှိ ဘန်ဂလို အခန်းအားလုံးကို တရုတ်များက ကာလရှည်စာချုပ်ဖြင့် ငှားရမ်းနေထိုင်ကြသည်ဟု ဆိုသည်။
မြို့တွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသော်လည်း လောင်းကစားလုပ်ငန်းများ ရှိနေသေးသည်ဟု ဘုရားသုံးဆူမြို့မှ ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
“မြို့ပေါ်မှာတော့ တရုတ်တွေ မတွေ့ရတော့ဘူး။ ဘယ်ရောက်သွားလဲမသိဘူး။ DKBA ကျောထောက် နောက်ခံ ပေးထားတဲ့ ကာစီနိုရုံတွေကတော့ ဖွင့်နေသေးတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ယခင်ကဆိုလျှင် ဘုရားသုံးဆူမြို့ပေါ်တွင် ပုံမှန် သွားလာနေသည့် တရုတ်လူမျိုးများကို အလွယ်တကူပင် တွေ့နေရသည်၊ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည်ဟု ယူဆရသူများ ပါဝင်သလို ကရင်အမျိုးသား အစည်းအရုံး-KNU ၏ မဲ့ကသာ သတ္တုတွင်းတွင် လုပ်ကိုင်နေသော တရုတ်များလည်း ပါဝင်နေသည်။
ယခုအခါ ၎င်းတို့အားလုံးကို မြို့ပေါ်တွင် မတွေ့ရတော့ကြောင်း ဘုရားသုံးဆူ ဒေသခံတို့က ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သည့် တရုတ်လူမျိုးများ ထွက်ခွာကြရန် ထိုဒေသ၏ DKBA အကြီးအကဲ ဗိုလ်မှူးကြီး စောအေဝမ်း ခေါ် ဗိုလ်အေဝမ်းက ယခင်လတွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သေးသည်။
ဘုရားသုံးဆူမြို့တွင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေပြီဟု ထုတ်ဖော်ပြောဆိုထားသည့် KNU သည် မူးယစ်ရမ်းကားနှင့် ခိုးဆိုးလုယက်အမှုများကို ကိုင်တွယ်ဖြေရှင်းနေသည်၊ စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ် BGF, မွန်ပြည်သစ်ပါတီတပ်များလည်း ရှိသည်၊ သို့သော်လည်း ထိုဒေသတွင် ဩဇာကြီးသည့်အဖွဲ့မှာ ဗိုလ်အေဝမ်း ဦးဆောင်သည့် DKBA ဖြစ်သည်။
KNU က ဥပဒေချိုးဖောက်သည်ဟု ယူဆရသော တရုတ်နိုင်ငံသားများကို ယခင်က ဖမ်းဆီးမှုရှိသော်လည်း DKBA က မကြာခဏ လာရောက် ထုတ်ယူပေးနေသည့်အတွက် နောက်ပိုင်းတွင် ဖမ်းဆီးခြင်းမပြုတော့ကြောင်း Myanmar Now က သိထားသည်။
“အခု ရက်ပိုင်းတွေမှာ DKBA အဖွဲ့တွေ ဘာတွေ သယ်နေလဲတော့မသိဘူး။ ညဘက်တွေမှာ လုံခြုံရေးတွေနဲ့ ကားတွေ သွားနေတာတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် ရှုပ်ထွေးမှုများဖြစ်ပေါ်နေသည့်အတွက် အသွားအလာဆင်ခြင်နေရကြောင်း ဒေသခံတို့က ဆိုသည်။
ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီ၊ ဘုရားသုံးဆူဒေသတို့သည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နှင့် DKBAတို့ ထိန်းချုပ်ထားသည့်နယ်မြေများဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုဒေသများ၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများအပါဝင် ရာဇဝတ်လုပ်ငန်းများ ပိုမို လုပ်ဆောင်နေခြင်းဖြစ်သည်။
ယခုနှစ်ဆန်းပိုင်း သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရသည့်သတင်း လူပြောများလာပြီးနောက်ပိုင်း တရုတ်အစိုးရကလည်း ငွေလိမ်ဂိုဏ်းများကို အမြစ်ဖြတ်ချေမှုန်းရန် ဆက်တိုက်ဖိအားလျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၅ တွင် ထိုင်းအစိုးရကလည်း ရာဇဝတ်လုပ်ငန်းများလည်ပတ်ရေးမှာ အဓိကကျသည့် လျှပ်စစ်မီးနှင့် ဓာတ်ဆီများကို တင်သွင်းမှုများကို ဖြတ်တောက်ခဲ့သလို မြန်မာဘက်သို့ ကုန်စည်သွင်းခွင့်ကိုပါ အကြီးအကျယ်ကန့်သတ်ခဲ့သည်။
တရုတ်နှင့် ထိုင်းအစိုးရများ၏ ဖိအားပေးမှုတို့ကို ရင်ဆိုင်နေရစဉ် DKBAနှင့် BGFတို့သည် ထိန်းချုပ်နယ်မြေများ၌ ငွေလိမ်လုပ်ငန်းဂိုဏ်းများ နှိမ်နင်းရေးခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများ နှစ်ပတ်ကျော်ကြာ လုပ်ဆောင်နေပြီး သတင်းသမားများကို ဖိတ်ခေါ် ပြသနေသည်။
ယခင်ကမူ သတင်းသမားများ ထိုဒေသများသို့ ဝင်ခွင့်မရခဲ့ပေ။
ဖေဖော်ဝါရီ ၆ တွင် BGFသည် ရွှေကုက္ကိုလ်သို့ ငွေလိမ်လုပ်ငန်းများမှ လုပ်ကိုင်နေသူ ၆၀ ကို လူကုန်ကူးခံရသူများဟု ဆိုကာ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။ အလားတူ DKBAကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ် ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၁ ဦးကို ဖေဖော်ဝါရီ ၁၂ တွင် ထိုင်းအစိုးရထံ အပ်နှံခဲ့သည်။
BGFသည် ဖေဖော်ဝါရီ ၂၀ နှင့် ၂၁ တို့တွင်လည်း ငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား ၅၀၀ ကို ကရင်ပြည်နယ် မြဝတီ မှ ထိုင်းနိုင်ငံ မဲဆောက်သို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့သည်။ ဖေဖော်ဝါရီ ၁၂ မှစ၍ ၎င်းတို့၏ နှိမ်နင်းမှုအတွင်း တရုတ်နိုင်ငံသား ၄၀၀၀ အပါဝင် နိုင်ငံခြားသား ၇၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု BGFက ထုတ်ပြန်သည်။
DKBAကလည်း ၎င်းတို့ ထိန်းချုပ်ထားရာ ကျောက်ခက်ဒေသအတွင်းက ငွေလိမ်လုပ်ငန်းများကို ရှင်းလင်းစဉ် ၂၂ နိုင်ငံမှ လူကုန်ကူးခံရသူ ၄၄၃ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်၊ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ စစ်ကောင်စီတပ်ကြောင့် ကြန့်ကြာနေသည်ဟု ပြောဆိုလျက်ရှိသည်။