သတင်း

လေကြောင်းပစ်မှတ်ထားခံနေရသော မြိုင်တွင် ဘုန်းကြီးကျောင်းဗုံးကြဲခံရပြီး ၁ ဦးသေ

လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသော မြိုင်မြို့နယ်တွင် ကျေးရွာဘုန်းကြီးကျောင်းတစ်ခု ၃ ကြိမ် ဗုံးကြဲခံရပြီး ကျောင်းတွင်နေထိုင်သူ ၁ ဦး ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့သည်။

မကွေးတိုင်း၊ မြိုင်နှင့်ပေါက်မြို့နယ်ရှိ ရေနံမှော်နှင့်အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီလေတပ်က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ ယမန်နေ့ (မတ် ၄) နံနက်က မြိုင်မြို့နယ်၊ ဆင်စိန်ကျေးရွာ ဗုံးကြဲခံရ ပြီး  အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။

မြိုင်မြို့နယ်အနောက်ဘက် ကျောက်ခွက်ရေနံမှော်နှင့် ၇ မိုင်ခန့်အကွာ ဆင်စိန်ကျေးရွာကို  နံနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတွင် နေထိုင်သူ ၂ ဦး ဒဏ်ရာရခဲ့ကာ ထိုအထဲမှ ၁ ဦးသည် ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“နှစ်ယောက်မှာ တစ်ယောက် ဆုံးတယ်။ ဆေးဝါးကုသနေရင်းဆုံးတာ” ဟု မြိုင်နှင့်ပေါက်နယ်တွင် လှုပ်ရှား သော အညာမြေတပ်ပေါင်းစုအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝင်း အဆောက်အဦတစ်ခုမှာ အုတ်နံရံများ ပွင့်ထွက်၍ ခေါင်မိုး သွပ်ပြားများ လွင့်စင်သွားကာ အခြားကျောင်းဆောင်မှ တံခါးများလည်း ပြုတ်ထွက်သွားခဲ့သည်။

မြေပြင်တိုက်ပွဲမရှိချိန် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေခြင်းသာဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

မတ် ၃ ရက်နေ့ နံနက်အစောကလည်း မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ် လက်ပံတိုရေနံမြေ အပါအဝင် ၇ ရွာ ထက်မနည်း လေကြောင်းမှ တစ်နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် အနည်းဆုံး ၁၅ ဦး ရှိခဲ့သည်။​

Myanmar Now က ကနဦး သတင်းဖော်ပြမှုအရ သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ယမန်နေ့ နံနက်အထိ အတည်ပြု ချက်အရ ၁၅ ဦးအထိ ရှိလာကာ ဒဏ်ရာရသူ ၂၀ ကျော်ရှိကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ အသက် ၅၆ မှ ၆၀ ဝန်းကျင် အမျိုးသား ၄ ဦး ပါဝင်ပြီး ကျန် ၉ ဦးမှာ လူလတ်ပိုင်း ရေနံလုပ်သားများဖြစ်ကြောင်း အညာမြေတပ်ပေါင်း စုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယင်းညပိုင်းက ပေါက်မြို့ပေါ် စစ်တပ်က မြို့အနီးဝန်းကျင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာ ညောင်ဝင်းပေါက်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးရှိသည့်အနက် ၁ ဦးမှာ ပြင်းထန်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆင်စိန်ကျေးရွာဘုန်းကြီးကျောင်းမှ ပျက်စီးသွားသော ကျောင်းဆောင်တစ်ခု။ (ဓာတ်ပုံ-ပေးပို့) 

သယံဇာတများကို ထုတ်ယူပြီး လက်နက်ကိုင်များကို ထောက်ပံ့နေသူများကို တိုက်ခိုက်ချေ မှုန်းသွားမည် ဟု ဖေဖော်ဝါရီတတိယပတ်တွင် စစ်ကောင်စီက ထုတ်ဖော်ပြောဆိုပြီးနောက် မြိုင်နှင့် ပေါက်မြို့နယ်အစပ် ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ကျောက်ခွက်ရေနံမှော်အနီးရှိ ပေါက်မြို့နယ်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်သော မင်္ဂလာပွဲ လေကြောင်းမှ ဗုံးကြဲခံရပြီး  ရွာခံ ၁၂ ဦး သေဆုံး၍ လူ ၂၀ ကျော် ဒဏ်ရာရသည်။ 

မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်ကို ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားခဲ့ ပြီးနောက် ၂၀၂၄ ဧပြီလတွင် လက်ပံတိုရေနံမှော် အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ် များမှာ ဆုတ်ခွာသွားရာ တော်လှန်ရေးအင်အားစုများက ထိုလက်ပံတိုရေနံမြေ ဝန်းကျင်ကို နယ်မြေစိုးမိုး ထားသည်။

ပေါက်မြို့နယ်တွင် ဖေဖော်ဝါရီအတွင်း လေကြောင်း၊ လက်နက်ကြီး၊ အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှု များကြောင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း NUG ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်သည်။

ရေနံမှော်များရှိသော ပေါက်နှင့်မြိုင်အစပ်ကို ဖေဖော်ဝါရီနောက်ဆုံးပတ်မှစတင်၍ လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်နေရာ ၃ ကြိမ် ရှိပြီဖြစ်ပြီး လူ ၂၇ ဦး သေဆုံးခဲ့ပြီး လူဆယ်ချီ ဒဏ်ရာရခဲ့သည်။

လတ်တလောတွင် လေကြောင်းရန်ကြောင့် မြိုင်နှင့်ပေါက်နယ်စပ် ရေနံမှော်နှင့်မှော်အနီးဝန်းကျင် ကျေးရွာ များမှ ထောင်နှင့်ချီသည့် ပြည်သူများ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“(ရေနံ)မှော်မှာဆိုလည်း အကုန်လုံးက အိမ်မှာမနေရဲတော့ဘူး။ တချို့ဆိုရင် လုပ်ငန်းကိုင်ငန်းတွေ စွန့်ပြီး တခြားနေရာသွားနေ တာမျိုးတွေအထိဖြစ်နေတာ။ မှော်နားပတ်ဝန်းကျင်ရော မှော်ရော တော်တော် များများက ရှောင်နေရတာ။ တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် အခြေအနေလောက်ပဲ နည်းနည်းလည်ပတ် ကြတော့တာ။ ကောက်သင်းကောက်သမားတွေလောက်ပဲရှိတော့တာ။ အရင်လိုတော့ (မှော်က) မလည် ပတ်တော့ဘူး”ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုခရော့စ်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီ၏မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေး ဝန်ကြီး ဦးမျိုးမြင့်ကို Myanmar Now က  ဖုန်းဖြင့်ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

ယမန်နေ့ထုတ် စစ်ကောင်စီ အာဘော်သတင်းစာများတွင် မြိုင်နှင့်ပေါက်နယ်စပ်ရှိ လေကြောင်းတိုက်ခိုက် မှုများနှင့် ပတ်သက်ပြီး တစုံတရာ ဖော်ပြထားခြင်းမရှိသော်လည်း မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသနှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်မှာ သတင်းမှား သာ ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

 ကျောက်ခွက်ရေနံမှော်အနီးရှိ ပေါက်မြို့နယ်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်သော မင်္ဂလာပွဲကို လေကြောင်းမှ ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် ပုန်းခိုကျင်းများတူးရန်နှင့် လူစုလူဝေးပွဲ များ ရှောင်ကြရန် ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ 

လေကြောင်းပစ်မှတ်ထားခံနေရသော မြိုင်မြို့နယ်တွင် မတ် ၃ ရက်မှ ဧပြီ ၃ ရက်နေ့အတွင်း ပုန်းခိုကျင်း များ တူးရန်နှင့် မလိုက်နာပါက ဒဏ်ငွေ ချမည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ် ၃ ရက်နေ့က ထုတ်ပြန်ထားသည်။ 

“ဇုန်၊ တိုက်နယ်၊ ရပ်ကျေးအဆင့်ဆင့်ကို ပုန်းခိုကျင်းတွေတူးဖို့ အဆင့်ဆင့်စာပို့ထားတယ်။ တစ်နယ်လုံး ဆိုတဲ့အတွက် စရိတ်တော့ချမပေးနိုင်ဘူးပေါ့။ သို့သော် သက်ကြီးရွယ်အိုတွေ ရှိတယ်၊ မတူးနိုင်တဲ့အိမ် တွေဆိုရင် ရပ်ကျေးကနေတဆင့် သတိပေးရင်တော့ ကူပြီးတော့ တူးပေးဖို့ရာတော့ ညွှန်ကြား ထားတယ် ” ဟု မြိုင်မြို့နယ်ပကဖ ကိုခရော့စ်က ပြောသည်။ 

စတားလင့်အင်တာနက်ဆိုင်များ ယာယီပိတ်ထားရန်နှင့် အလှူ၊ မင်္ဂလာဆောင်များကို ကြိုခွင့်ပြုချက်ယူရန် မြိုင် ပကဖ က ထုတ်ပြန် ချက်တွင် ပါရှိသည်။ 

“အရင်တုန်းကဆိုရင် အသိပေးရင် ကျွန်တော်တို့က တန်းပြီးခွင့်ပြုချက်ပေးတယ်။ အဲ့ဒီတုန်းက လေကြောင်းအန္တရာယ်က သိပ်မစိုးရိမ်ရဘူးပေါ့။ ခုကြတော့ လေကြောင်းက စိုးရိမ်ရတော့ ဇုန်တွေ၊ တိုက်နယ်တွေအဆင့်ဆင့်ကို စာပို့ပြီးတော့ ဇုန်၊ တိုက်နယ် တာဝန်ခံတွေရဲ့ခွင့်ပြုချက်ရမှသာ လုပ်လို့ ရမှာပေါ့” ဟု အထက်ပါပကဖအဖွဲ့ဝင်က ပြောသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါက်မြို့နယ်တွင် လေကြောင်း၊ လက်နက်ကြီးတို့ကို ကာကွယ်ရန် ပြီးခဲ့ သည့်နှစ်များက ပုန်းခိုကျင်းများ တူးခဲ့သော်လည်း မိုးရာသီတွင် ရေဝင်ကာတိုက်စားပျက်စီးမှုများ ရှိခဲ့ သည်ဟု ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

“ဒီဟာက အသက်ကယ်ပဲဖြစ်တဲ့အတွက် စည်းရုံးပြီးတူးခိုင်းတာဆိုတော့ တူးတော့တူးတယ်။ဒါပေမယ့် အရင်ကမိုးရွာပြီးပြိုကျပျက်စီးတာတွေနဲ့ဆိုတော့ ကျွန်တော်တို့နယ်မြေထဲမှာ ၄၀ ရာခိုင်နှုန်း လောက်ပဲ တူးထားတာမျိုးတွေရှိတယ်။ အခုရက်ပိုင်းမှာတော့ ထပ်တူးဖို့ နှိုးဆော်နေတယ်” 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ယခုနှစ်ဆန်းပိုင်းကစ ဆက်တိုက်ပြုလုပ်နေပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ငယ်များအပါအဝင် ဆယ်နှင့်ချီသေဆုံးခဲ့ရသည်။ 

Show More

Related Articles

Back to top button