
မကွေးတိုင်း၊ ပေါက်မြို့နယ် လက်ပံတိုရေနံမြေ နှင့် မြိုင်မြို့နယ်ကြား ကျေးရွာ ၇ ရွာခန့်ကို ယနေ့ (မတ် ၃) နံနက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အပါအဝင် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပေါက်မြို့နယ် လက်ပံတို၊ သရက်ကန်ရွာနှင့် မြိုင်မြို့နယ် ဘောင့်ဘင်၊ ဆိတ်ချေး ၊ ဂျုတ်ကုန်း၊ ဆူးဝင်း၊ တောရွာတို့ကို နံနက် ၁ နာရီကျော်မှ ၂ နာရီ ဝန်းကျင်အတွင်း စစ်လေယာဉ်များ ၉ ကြိမ်ထက်မနည်း ရောက်လာပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
လက်ပံတိုရွာ ဆိုင်ကယ်ပြင်ဆိုင်မှ သေဆုံးသူ ၄ ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ခင်ပွန်းသည်တို့ ပါဝင်သည်ဟု ပေါက်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
သရက်ကန်ရွာအနီး ငွေပင်လယ်စားသောက်ဆိုင်မှ သေဆုံးသူ ၃ ဦးမှာ ဆိုင်ရှင်လင်မယားနှင့် ထမင်းချက် အမျိုးသမီးတို့ ဖြစ်သည်ဟု သူက ဆက်ပြောသည်။
အဆိုပါဆိုင်ကယ်ပြင်ဆိုင်အနီးရှိ ရေနံဆီချက်ဖိုတစ်ခုလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်းတွင်မူ ဘောင့်ဘင်ရွာမှ အမျိုးသား ၄ ဦး၊ ဆိတ်ချေးရွာမှ ၁ ဦးတို့ သေဆုံးခဲ့ကြောင်း ရွှေညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်းထံက သိရသည်။
ဘောင့်ဘင်ရွာမှ ၄ ဦးမှာ ဦးမြင့်မောင် (၆၄ နှစ်)၊ ဦးကတုံး (၆၃ နှစ်)၊ ဦးစိုးသန်း (၅၈ နှစ်)၊ ကိုလှမင်းဦး (၃၇ နှစ်) တို့ ဖြစ်ကြသည် ။
ဘောင့်ဘင်ရွာအရှေ့ဘက် တောတိုက်များအပါအဝင် အိမ်ခြေ ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြေင်း၊ နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း ဘောင့်ဘင်ရွာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရွှေညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အိမ်မကြီးနဲ့ မီးဖိုကြား ရှေ့အတက်မှာ ကျသွားပြီးတော့ မီးဖိုလေးက လွင့်စင်သွားတာ။ အိမ်မကြီးက သွပ်တွေက တအားအမြင့်ကြီး သစ်ပင်တွေပေါ်တင် အကုန်မွစာကြဲသွားတာ” ဟု သူက ပြောသည်။
“အဲ့ဒီအိမ်က အမျိုးသမီးက မသေဘူး။ သူ့ဘေးအိမ်က အမျိုးသား ၁ ဦးက သေတာ။ မွစာကြဲကြေညက်သွားတဲ့အိမ်က အမျိုးသမီးက ဘာမှမဖြစ်ဘူး”
တိုက်ခိုက်ခံရသော ကျေးရွာများသည် လတ်တလော မြေပြင်တိုက်ပွဲ မရှိကြောင်း၊ လူအများ အိပ်မောကျချိန် ညသန်းခေါင်ချိန်တွင် အရပ်သားများ နေထိုင်ရာနေရာများ ပစ်မှတ်ထားခံခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။
“ညကပစ်တာက အရပ်သားတွေရှိတဲ့နေရာကို ဦးတည်ပစ်သွားတာ။ သေတာက အကုန်အရပ်သားတွေ ချည်းပဲ” ဟု ပေါက်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ပေါက်နှင့်မြိုင် အခြေစိုက် တော်လှန်ရေးအင်အားစုနှင့် ဒေသခံတို့က အထက်ပါတိုက်ခိုက်မှုများအတွင်း ဒဏ်ရာ ရသူ ၁၅ ဦးခန့်ရှိသည့်အနက် ဒဏ်ရာပြင်းထန်သူ ၂ ဦးထက်မနည်း ပါကြောင်း သိရသည်။
ကုသမှုခံယူနိုင်ရန် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံများသို့ ညတွင်းချင်း ပို့ဆောင်နိုင်ခဲ့သော်လည်း ရုပ်အလောင်းများကိုမူ ယနေ့ နံနက်မှသာ ကောက်ယူသင်္ဂြိုဟ်နိုင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“(ဘောင့်ဘင်ရွာ)လေးလောင်းစလုံးကို တခါတည်း သရဏဂုံတင်ပြီးတော့ တခါတည်းသင်္ဂြိုဟ်လိုက် တယ်။ အဲ့ဒါကလည်း လူနည်းစုနဲ့ပဲသင်္ဂြိုဟ်လိုက်တာ” ဟု ရွှေညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။
“လေကြောင်းအန္တရာယ်ထပ်လာနိုင်တယ်ဆို ပြီး သတင်းပေးထားတာရှိတော့ တရွာလုံးလည်း ရှောင်တုန်းပါပဲ။ သင်္ဂြိုဟ်တာက မနက် ၆ နာရီကျော်၊ ၇ နာရီ လောက်မှာ သင်္ဂြိုဟ်လိုက်တာ။ သုဿန်မှာပဲ သရဏဂုံတင်တာတို့က အပြီးအစီးလုပ်လိုက်တာပေါ့”
ယနေ့ နံနက်တွင်လည်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ မှ အင်ဂျင်တပ်လေထီး ၂ စီးမှာ ပေါက်မြို့အနီး စစ်ကောင်စီတပ်စွဲထားရာ စက်မှု (၂) ထဲသို့ ရောက်ရှိလာသည်ဟု ဒေသခံများက ဆိုကြသည်။
ယနေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
လေကြောင်းတိုက်ခိုက်ခံရသည့် ပေါက်နှင့်မြိုင်နယ်စပ်မှကျေးရွာများအနီးဝန်းကျင်မှ ဒေသခံများမှာ စစ်လေယာဉ် ထပ်မံ ရောက်လာပြီးတိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာ ထွက်ပြေး နေရသည်။
နေ့စဉ်ရေနံစည် ၄၀၀ ခန့်ထုတ်လုပ်နိုင်သည့် လက်ပံတိုရေနံမြေမှာ မကွေးတိုင်းအတွင်း ပြည်ထောင်စု အဆင့်စီမံခန့်ခွင့်ရှိသည့်ရေနံမြေ ၇ ခုထဲတွင် ပါဝင်သည်။ ထိုရေနံမြေအနီး စစ်တပ်ခြေကုပ်ယူထား သော ဖလံကိုင်း ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နှစ် ဧပြီလတွင် စခန်းစွန့်ဆုတ်ခွာသွားပြီး နောက်တော်လှန်ရေးအင်အားစုက ထိုရေနံမြေကို ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြိုင်မြို့နယ်နှင့်အစပ် ပေါက်မြို့နယ်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာပွဲ ပြုလုပ်နေစဉ် လေတပ်ဗုံးကြဲရာ စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။
သယံဇာတ ထုတ်လုပ်ပြီး လက်နက်ကိုင်များအား ထောက်ပံ့နေသည်များကို တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီတပ်က ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့ပြီးနောက် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ကြား ရေနံ မှော် ဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
၂၀၂၁ တွင် အာဏာသိမ်းထားသည့် စစ်တပ်ရှိ လေယာဉ်များမှာ ရုရှားနှင့် တရုတ်နိုင်ငံထုတ် လေယာဉ်များ ဖြစ်ကြသည်။ လက်နက်များကိုလည်း ထိုနိုင်ငံများထံက ဝယ်ယူနေသည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများသည် ထိုနိုင်ငံများနှင့် နီးစပ်သူများဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ယနေ့ ထွက်ခွာသွားပြီ ဖြစ်သည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း ရုရှားသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ရာ ယခု ခရီးစဉ်သည် နိုင်ငံတော်အဆင့် တွေ့ဆုံမည့် ခရီးစဉ်ဖြစ်သည်၊ သမ္မတပူတင်က ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ပေါက်နှင့်မြိုင်အစပ် လေကြောင်းဗုံးကြဲခံရမှုတွင် လက်ပံတိုရွာနှင့် ဘောင့်ဘင်ရွာမှ အပျက်အစီး များကို ယနေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)