အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်းခမ်းတိုက်ပွဲဆက်လက်ပြင်းထန်၊ TNLA နေရာအချို့ကို လက်လွှတ်ရ

နောင်ချိုမြို့နယ်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဖေဖော်ဝါရီလကုန်ပိုင်း တန်ပြန်ထိုးစစ်ကြောင့် တအာင်းတပ် (TNLA) က ထိန်းချုပ်ထားသည့် ကျေးရွာ၊ စခန်းတချို့ကို လက်လွှတ်လိုက်ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တောင်းခမ်းကျေးရွာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကျေးရွာ၊ စခန်းတချို့ကို လက်လွှတ်လိုက်ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း နှစ်ရက်သာကြာသည့် အဆိုပါ ဆွေးနွေးပွဲမှာ သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ခမ်းရွာကိုလည်း အင်အားဖြည့်ကာ ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထိုးစစ်ကြောင့် TNLA က ၎င်းတို့ ထိန်းချုပ်ထားသည့် ကျေးရွာအချို့မှ စခန်းများကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် လက်လွှတ်လိုက်ရသည်ဟု တောင်ခမ်းရှေ့တန်း စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။

“(စစ်ကောင်စီ)သူတို့ဘက်က မန်မော်ဘုန်းကြီးကျောင်းရယ်၊ မန်မော်ဆယ်တောင်ပြည့် ကုန်းရယ်ကို သူတို့ ရသွားတယ်။ ပြီးတော့ ဆက်ပြီးထိုးစစ်ဆင်လာတယ် မက်လွှတ်(ရွာ)ဘက်ကိုလည်း ထိုးစစ်ဆင်တယ်၊ တောင်ရှည်ကိုလည်း ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်ပြီးတော့ ဂျက်ဖိုက်တာနဲ့ နှစ်ခေါက် သုံးခေါက်လောက် လာကြဲတယ်၊ ကြဲပြီးတော့ သူတို့ တောင်ရှည်ကိုရတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်သည့် တောင်ရှည်၊ မန်မော် နှင့် နားရှိုးရွာတို့မှာ အမြောက်တပ်များ အခြေစိုက်ထားသည့် တောင်ခမ်းရွာ၏ အရှေ့တောင်ဘက်တွင် တစ်ဆက်တည်းရှိနေသည့် ရွာများဖြစ်သည်။

ဆယ်တောင်ပြည့် ဘုန်းကြီးကျောင်းရှိရာ ဆယ်တောင်ပြည့်ကုန်းမှာ မန်မော်ရွာနှင့် တောင်ရှည်ရွာကြားတွင်ရှိပြီး အနီးအနားကျေးရွာများကို အပေါ်စီးမှ မြင်နိုင်သည့် ကုန်းမြင့်တစ်ခုဖြစ်သည်။

တောင်းခမ်းကျေးရွာမှာ နောင်ချိုမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီ၏ အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် အမှတ်(၃၅၄),(၂၀၆),(၄၀၆) စသည့် အမြောက်တပ်  များကို TNLA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေသည်မှာ ၆ လနီးပါး ကြာမြင့်လာပြီဖြစ်သည်။

တိုက်ပွဲစဉ်အတွင်း စစ်ကောင်စီအမြောက်တပ်ရင်း အမှတ်(၂၀၆) ကို TNLA သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်မှုကြောင့် အဆိုပါ တပ်ရင်းကို ပြန်လည်လက်လွှတ်လိုက်ရသည်။

လတ်တလောတွင် အဆိုပါ တပ်ရင်းစခန်းအားလုံးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီး တောင်ခမ်းရွာအနီးဝန်းကျင်ရှိ TNLA တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် ကားလမ်းအတိုင်း မိုင် ၅၀ ခန့်သာဝေးသည့် အတွက် စစ်ကောင်စီတပ်မှ အင်အားအများအပြား ဖြည့်တင်းကာ ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

ယနေ့အထိ စစ်ကောင်စီထိုးစစ်များ ဆက်လက်ရှိနေဆဲဖြစ်ပြီး TNLA နှင့် ပူးပေါင်းတပ်အချို့ကလည်း ပြန်လည် ခုခံနေရသည်ဟု အထက်ပါ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ် ဖြစ်သူ အမျိုးသားက ပြောသည်။

“လက်ရှိအခြေအနေအထိတော့ ကာထားဆဲပေါ့နော်၊ ကာထားတယ်။ စကစတွေကလည်း ပြန်လည်ထိုးစစ်ဆင်တာတွေများတယ်။ အင်အားလည်း ထပ်ဖြည့်ထားတယ်။ ထပ်ပြီးတော့ ထိုးစစ်ဆင်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တောင်းခမ်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် TNLA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မတ် ၁ ရက်နေ့အထိ တောင်းခမ်းရွာတိုက်ပွဲနှင့် ပတ်သက်ပြီး TNLA ထုတ်ပြန်ချက်များအရ နောင်ချိုမြို့နယ် ရွှေမု‌ဋ္ဌောကျေးရွာနှင့် တောင်ရှည်ရွာတို့ကို ဖေဖော်ဝါရီ ၂၂ တွင် ဗုံး ၃၂ လုံးကြဲချခဲ့သည်ဟု သိရပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် တောင်ရှည်နှင့် မန်မော်ရွာကြားကို အဆိပ်ငွေ့ဗုံးကြဲချခဲ့သည်ဟု သိရသည်။

သို့သော် တောင်းခမ်းတိုက်ပွဲအတွင်း စခန်းအချို့ လက်လွှတ်ဆုံးရှုံးရမှုအခြေအနေများနှင့် ပတ်သက်ပြီး TNLA က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button