သတင်း

စစ်တွေနှင့်ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်နေဆဲဟု AA ပြော

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိနေသော ရခိုင်လက်ကျန်မြို့နယ် ၂ ခုတွင် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီက ရေတပ်၊ လေတပ်များကိုပါ သုံးပြီး ခုခံနေသည်၊ ဒေသခံတချို့ သေဆုံး၊ ဒဏ်ရာရမှု ရှိသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန် နေဆဲဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၏ ပြန်ကြားရေးအရာရှိ ဦးခိုင်သုခက ပြောသည်။

အိန္ဒိယရင်းနှီးမြှုပ်နှံမှုများ ရှိနေသော စစ်တွေမြို့နယ်တွင်မူ ဖေဖော်ဝါရီ ၇ ရက်နေ့ကပင် စစ်ကောင်စီ တပ်စခန်းများကို AA က လက်နက်ကြီးဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာအနီးပတ်ဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။

AA က  ရွှေမင်းဂံရေတပ်စခန်း၊ အမြင့်ကျွန်း၊ ရေချမ်းပြင်နှင့် ပါဒလိပ်ရွာ အခြေစိုက်တပ်များကို  တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ ကြည်းရေလေတပ်များက ပြင်းပြင်းထန်ထန် ပြန်လည် ခုခံနေသည်ဟု သိရသည်။

ပြည်နယ်မြို့တော်တွင် AA က စတင်တိုက်ခိုက်ခဲ့သော်လည်း  တရုတ်စီမံကိန်းများ ရှိသော ကျောက်ဖြူ တွင်မူ စစ်ကောင်စီတပ်က  စတင်တိုက်ခိုက်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်း အနီးတွင် ဖေဖော်ဝါရီ ၂၀ ရက််မှ စတင်၍ AA ရှိရာနေရာသို့ စစ်ကောင်စီတပ်က စတင်တိုက်ခိုက်လာရာ မှ တိုက်ပွဲများ စတင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် လေတပ်က ထိုအနီးဝန်းကျင်ကို တိုက်ခိုက်ရာ အသက် ၇၀ အရွယ် ဦးဘီလူးဆိုသူ သေဆုံးပြီး ဒေသခံတချို့ ဒဏ်ရာရသွားသည်။

လွန်ခဲ့သည့် ၇ ရက်ခန့်မှစတင်ကာ ကျောက်ဖြူမြို့တောင်ဘက် စည်မော် ၊ ရှောက်ချောင်း ရွာအနီး တိုက်ပွဲများ ဖြစ်နေသည်ဟု ဦးခိုင်သုခက ပြောသည်။

“အဲဒီကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်ကနေ အင်အားအများအပြားသုံးပြီးတော့ လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူ ဒရုန်းတိုက်ခိုက်မှုတွေနဲ့  အပြင်းအထန်ထိုးစစ်ဆင်လာတဲ့အတွက် အဲဒီရွာ တွေတဝိုက်မှာ တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်တို့ကြောင့် စစ်တော၊ စည်မော်၊ ရှောက်ရှောင်း၊ စိုင်ခြုံ၊ စိုင်ခြုံဒိန်၊ ကပ်သပြေ၊ ပျားတဲ၊ ကြတ္တိန်၊ ဦးကင်း၊ ဒိုးမတောင် စသည့်ကျေးရွာများမှ ဒေသခံ များ ထွက်ပြေးနေရသည်။

AA ထိုးစစ် စတင်သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ မှစ၍ စစ်ကောင်စီသည် ပြည်နယ်တွင်း ဒေသခံများကို တစ်မြို့မှတစ်မြို့ ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကန့်သတ်ထားရာ စစ်တွေ မြို့မှဒေသခံအများစု  ပိတ်မိနေကြသည်။

အလားတူ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသော ကျောက်ဖြူမြို့တွင်  ဒေသခံများ မြို့တွင်းပိတ်မိနေသည်။

စစ်တွေမြို့တွင် အိန္ဒိယ၏ကုလားတန်စီမံကိန်း၏ ကုန်တင်ဆိပ်ကမ်းတည်ရှိသလို စစ်ကောင်စီ၏ ပြည်နယ်အစိုးရရုံး ရုံးစိုက်သည်။

အလားတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၂ ခု ဖြတ်သန်းသွားရာ ကျောက်ဖြူတွင် အထူးစီးပွား ရေးဇုန် နှင့်
ပိုက်လိုင်းအဓိကထိန်းချုပ်စခန်းများ  ရှိသည်။

စစ်ရေး၊ စီးပွားရေး၊နိုင်ငံရေးအရ အရေးပါသော ထို ၂ မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသလို ရခိုင်ရိုးမ တောင်တန်းတစ်လျှောက်နယ်မြေ ထိစပ်နေသော မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့တွင်လည်း AA နှင့် မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်နေကြသည်။

 AA သည် ပဲခူး၊ မကွေးနှင့်ဧရာဝတီတိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေသည်ဟု ဦးခိုင်သုခက ဆိုသည်။

“အထူးသဖြင့် ရခိုင်ရိုးမရဲ့ဆင်ခြေလျှောနေရာတွေမှာ  စစ်ကောင်စီဘက်က  ထိုးစစ်ဆင်လာတဲ့ အတွက် အပြင်းအထန် တိုက်ပွဲတွေဖြစ်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြို့နယ် ၁၇ မြို့နယ်နှင့်ဖွဲ့စည်းထားသော ရခိုင် ပြည်နယ်တွင် AA သည် မြို့နယ် ၁၄ မြို့နယ်ဖြစ်သည့်   သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကိုသိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ ဆက်လက်ထိန်းချုပ်ထားနိုင်သည့် မြို့နယ် ၃ ခုအနက် စစ်တွေနှင့်ကျောက်ဖြူတွင်လည်း တိုက်ပွဲဖြစ်ပွားလာရာ တိုက်ပွဲမရှိသည့်မြို့မှာ မာန်အောင်မြို့တစ်ခုသာကျန်ရှိတော့သည်။

ပုံစာ- ကျောက်ဖြူနှင့် စစ်တွေမြို့ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

Related Articles

Back to top button