သတင်း

တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသော ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်၊ အရပ်သား ၁ ဦးသေ 

ဓညဝတီရေတပ်စခန်းအနီး တိုက်ပွဲများဖြစ်နေသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ပြီး လေတပ်၏ ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်း အနီးတွင် အာရက္ခတပ်တော် (AA)နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ် လေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့သည်။ 

ဖေဖော်ဝါရီ ၂၀ ရက်နေ့၊နံနက် ၉ နာရီခန့်က စည်မော်၊ ကြတ္တိန်ရွာအနီး AA တပ်ဖွဲ့ ရှိသည့်နေရာများကို စစ်ကောင်စီတပ်က စတင်တိုက်ခိုက်ရာမှ  တိုက်ပွဲစတင်သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“အဲဒီနေ့ကစပြီး ဒီနေ့ အခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေ့ကပင် လေယာဥ်နဲ့အနည်းဆုံး တစ်ရက်မှာ နှစ်ကြိမ်ဗုံးလာကြဲတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်  ဓညဝတီရေတပ်စခန်းအနီးက  စည်မော်၊ စစ်တော၊ ရှောက်ချောင်း၊ ကြတ္တိန်၊ စရေ ကျေးရွာ များက ဒေသခံများမှာ စစ်ဘေးရှောင်နေရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဗုံးကြဲစဉ် သေဆုံးသူမှာ ဦးကင်းရွာမှ အသက် ၇၀ အရွယ် ဦးဘီလူးဆိုသူ ဖြစ်သည်၊  စည်မော်ရွာတွင်လည်း ဒေသခံများဒဏ်ရာရသည် ဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

“တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲများမှ ပစ်ခတ်သံများ ယနေ့ မွန်းတည့်အချိန်အထိ ကြားနေရကြောင်း ကျောက်ဖြူဒေသခံ ၂ ဦးထံက သိရသည်။

နိုင်ငံ၏အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အရေးပါသည့်  ဓညဝတီရေတပ်စခန်းအနီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မြို့ခံများက ဆိုကြသည်။

“တိုက်ပွဲကတော့ ဒီနေ့လည်း ပြင်းထန်နေတယ် ၊ ဒီနေ့ဆို ၄ ရက်ရှိပါပြီ” ဟု AA နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ဓညဝတီရေတပ်စခန်းဌာနချုပ် တည်နေရာသည် တရုတ်-မြန်မာ ရေနံပိုက်လိုင်းအတွက် ရေနံစိမ်းတင် သင်္ဘောများ ဝင်ထွက်ရာလမ်းကြောင်းပေါ်တွင် တည်ရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ကျောက်ဖြူ ဆိပ်ကမ်းနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။

”အခြေအနေကတော့ တိုက်ပွဲတွေ ဖြစ်ကြတယ်။ စက်သေနတ်ပစ်သံ တွေ ပိုများလာတယ်” ဟု ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးက ယနေ့ ပြောသည်။

ကျောက်ဖြူမြို့ခံ နောက်တစ်ဦးကလည်း တိုက်ပွဲမှာ နေရာတချို့တွင် ဖြစ်ပွားနေသည်ဟု ပြောသည်။

“လက်နက်ကြီးပစ်သံတွေ ၊ ဂျက်ဖိုက်တာနဲ့ ချနေတဲ့ အသံတွေ ကြား နေရတာ ရှိတယ်။ ဒါပေမဲ့ မြို့ထဲမှာ တော့ အေးအေးဆေးဆေးပါပဲ။ နည်းနည်းဝေးတဲ့နေရာတွေမှာ ဖြစ်နေ ကြတယ် တူပါတယ်။  ဓညဝတီ ရေတပ်စခန်းနဲ့အနီးတဝိုက်မှာ ဖြစ်တာလို့ ကြားပါတယ်။  ပစ်ခတ်သံတွေကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက် က စကြားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။  ဆိုသည်။

“သွားသွားလာလာပုံမှန်ပါပဲ။ အသံကြားတော့ နားစွင့်နေကြတာပေါ့။ မြန်မာ့စီးပွားရေးဘဏ်ပဲ ဖွင့်တယ်”  

ဖေဖော်ဝါရီလဆန်းက ကျောက်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်စခန်းများက လက်နက် ကြီးဖြင့် ပစ်ခတ်နေသဖြင့် အနီးဝန်းကျင် ၁၀ ရွာခန့် မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကျောက်ဖြူမြို့နယ်တွင် မြို့အနီးတွင် အမှတ် (၃၄) ခြေလျင်တပ်ရင်း ရှိပြီး မြို့မှ ၃ မိုင်ခန့်အကွာ ကျောက်တစ်လုံးဘုရားအနီးတွင် အမှတ် ( ၅၄၂) ခြေမြန်တပ်ရင်း၊  ဂုံးချိန်ရွာအနီး အမှတ် (၅၄၃) ခြေမြန်တပ်ရင်း ရှိသည်။

အလားတူ  ဓညဝတီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ်စခန်းတို့ရှိကြသည်။

၂၀၂၃  နိုဝင်ဘာ ၁၃ မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း AA က ထိုးစစ် စတင်ခဲ့ပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊  ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

လက်ရှိတွင် ကျောက်ဖြူမြို့ကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး ပစ်ခတ်နေသလို အိန္ဒိယရင်းနှီးမြှုပ်နှံမှုများ ရှိသော ပြည်နယ်မြို့တော် စစ်တွေကိုလည်း AA က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်၊  စစ်ကောင်စီ လေတပ်က အနီးရှိ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို   ဗုံးကြဲနေသည်။

 AA သည်  မာန်အောင်မြို့တွင် ပစ်ခတ်မှုမရှိသေးသော်လည်း ပြည်နယ်ပြင်ပ ဧရာဝတီ၊ ပဲခူး၊ မကွေး ဘက်ရှိ စစ်စခန်းများကိုတိုက်ခိုက်နေသည်။

မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ နီးပါးစီ ရှည်လျားသည့်  ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၂ ခု သည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ချိတ်ဆက်ထားသည်။

အဆိုပါစီမံကိန်းမှ  ဓာတ်ငွေ့ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ စတင်ပြီး ရေနံစိမ်းပိုက်လိုင်းသည် ကျောက်ဖြူမြို့၊ မဒေးကျွန်းမှစတင်သည်၊  ပိုက်လိုင်းကို အဓိကထိန်းချုပ်ရာစခန်းများသည် ကျောက်ဖြူတွင် ရှိသည်။

AA သည် စစ်ကောင်စီနှင့် အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု ထုတ်ဖော်ပြောဆိုထားရာ  စီးပွားရေးအရ လွန်စွာအရေးပါသည့် ကျောက်ဖြူမြို့ကို အပြီးသတ် တိုက်ခိုက်၊ သိမ်းပိုက်ရေးတွင် တရုတ်နိုင်ငံ၏ အခန်း​​ကဏ္ဍသည်လည်း သတိပြုရဖွယ်ရှိနေသည်။ 

စစ်ကောင်စီဘက်ကမူ ကျောက်ဖြူတိုက်ပွဲများကို သတင်းတစုံတရာထုတ်ပြန်ထားခြင်း မရှိသော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေး ဖေဖော်ဝါရီ ၂၁ ရက်တွင် နေပြည်တော်၌  စစ်ကောင်စီဝန်ကြီးများနှင့် CITIC တရုတ်ကုမ္ပဏီတို့ အစည်းအဝေးလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ယမန်နှစ် ဇွန်လအတွင်းကလည်း ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအရာရှိ ၈ ဦး ကျောက်ဖြူမြို့၊ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများသို့ ၃ ရက်ကြာ လာရောက်စစ်ဆေးခဲ့သေးသည်။




Related Articles

Back to top button