
တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အခြေစိုက်သော စစ်ကောင်စီ တပ်စခန်းများက ယခုရက်ပိုင်း လက်နက်ကြီးဖြင့်ပစ်ခတ်နေသဖြင့် အနီးဝန်းကျင် ကျေးရွာ ၁၀ ရွာခန့် မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ဓညဝတီရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်စခန်းတို့က လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်မှုများရှိသည်။
ထို့ကြောင့် ကြက်တောပြင်၊ ကာပီချောင်း၊ ပေါင်းနက်ချေ စသည့် ကျေးရွာ ၁၀ ရွာမှဒေသခံများ ထွက် ပြေးနေရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီရွာတွေမှာ လူတွေမနေရအောင်လို့ ပစ်နေတာ။ ကျောက်ဖြူမြို့နဲ့လည်းနီးတယ်။ အဲဒီရွာတွေကို အခြေပြုပြီး AA က ကျောက်ဖြူမြို့ကိုဝင်တိုက်လာမယ်ဆိုတဲ့စိတ်နဲ့ အဲဒီရွာတွေကိုပစ်နေတာ” ဟု ၎င်းက ဆိုသည်။
ပစ်ခတ်နေသည့် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေသောကြောင့် တိုက်ပွဲ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဒေသခံများက ယူဆနေကြ သည်။
ကျောက်ဖြူမြို့တွင် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ပြီး ဖြစ်သော်လည်း သုံးပုံတစ်ပုံခန့်မှာမြို့တွင်ပိတ်နေကြသည်ဟု အထက်ပါအမျိုးသားက ပြောသည်။
AA သည် ကျောက်ဖြူမြို့နယ်၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီးဖြစ်ကာ စစ်ကောင်စီသည် မြို့ပေါ်နှင့်စစ်စခန်းများနှင့်နီးစပ်သည့် နယ်မြေတချို့ကိုသာထိန်းချုပ်နိုင်စွမ်းရှိတော့သည်ဟု ၎င်းက ဆိုသည်။
“ကျောက်ဖြူမှာဆိုလို့ရှိရင် မြို့ဧရိယာတစ်ခုပဲကျန်ပြီ။ ကျန်တဲ့ နယ်တစ်ခုလုံးကို အားလုံးကို AA က ထိန်းထားတာပေါ့။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၉၀ ရာခိုင်နှုန်းလို့ ပြောလို့ရတယ်။ ဘာလို့ အဲလိုပြောလို့ ရလဲဆိုရင် တောင်မော်ကြီးရေတပ်စခန်းက စနဲအနီးမှာရှိတယ်။ အဲဒီရေတပ်က သူတို့ထိန်းထားတဲ့ နေရာတစ်ခုရှိတာပေါ့။ အဲဒီပတ်ဝန်းကျင်မှာတော့ သူတို့ဘာမှလှုပ်ရှားလို့မရတော့ဘူး ။အဲဒီနေရာကနေ ဘယ်ကိုမှသွားလို့မရတော့ဘူး”ဟု ၎င်းက ပြောသည်။
“ကျောက်ဖြူမှာဆိုရင်လည်းအဲဒီလိုပဲ။ သူ(စစ်ကောင်စီ)တို့ အဓိကလှုပ်ရှားတာက မလကျွန်းရွာရဲ့ တောင်ထက်ကနေ ဆင်းလို့လုံးဝမရ။ မလကျွန်းရွာရဲ့အောက်မှာ မလကျွန်းရွာလို့ ရှိသေးတယ်။ အဲဒီ ရွာအထိ သူတို့ လာလို့မရ။ တောင်ထက်က ဆင်းရင် တိုက်ပွဲဖြစ်ကြမဲ့ အနေအထား ”
ကျောက်ဖြူမြို့နယ်တွင် မြို့အနီးတွင် အမှတ် (၃၄) ခြေလျင်တပ်ရင်း ရှိသည်။ မြို့မှ ၃ မိုင်ခန့်အကွာ ကျောက်တစ်လုံးဘုရားအနီးတွင် အမှတ် ( ၅၄၂) ခြေမြန်တပ်ရင်း၊ ဂုံးချိန်ရွာအနီးတွင် အမှတ် (၅၄၃) ခြေမြန်တပ်ရင်း ရှိသည်။
ထို့ပြင် ပြိုင်စေ့ကေရွာရှိ ဒိုးတန်းတောင်ပေါ်တွင် အမှတ် (၃၂) ရဲတပ်ရင်းရှိသည်။ ရခိုင်ဒေသတွင် ၂၀၂၃ နိုဝင်ဘာမှစတင်၍ တိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး မကြာခင်မှာပင် စစ်ကောင်စီတပ်သည် ရွာသားများကို နှင်ထုတ်ပြီး နှမ်းဖဲ့တောင်ရွာတွင် စေတီတောင်တွင်လက်နက်ကြီးတပ်ဆင်၊ မလကျွန်းတောင်ပေါ်တွင်လည်း တပ်စခန်းချထားသည်။
ကျောက်ဖြူတွင် ဓညဝတီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့ရှိသည်။
ထိုသို့ စစ်စခန်းများပြားသော်လည်း AA က မြို့ကို ဝိုင်းရံပိတ်ဆို့ထားသောကြောင့် စစ်တိုက်မည်ဆိုပါ ကလည်း အောင်ပွဲဆက်နေသည့် AA အတွက် အခက်အခဲမရှိနိုင်ကြောင်း ဒေသခံ နောက်တစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ နီးပါးရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန် ပြည်နယ်နှင့် ချိတ်ဆက်ထားသည်။
အဆိုပါစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ စတင်ပြီး ရေနံစိမ်း ပိုက်လိုင်းသည် ကျောက်ဖြူမြို့၊ မဒေးကျွန်းမှစတင်သည်၊ ပိုက်လိုင်းကို အဓိကထိန်းချုပ်ရာ စခန်းများ သည် ကျောက်ဖြူတွင်ရှိသည်။
ထိုပိုက်လိုင်းစတင်ရာ ကျောက်ဖြူမြို့ကို စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ရာ တရုတ်နိုင်ငံသို့ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုနှင့် အကျိုးအမြတ်များသည် စစ်ကောင်စီ၏စီမံခန့်ခွဲမှုအောက်တွင် ရှိ နေဆဲဖြစ်သည်။
ယခုနှစ်ဆန်းက ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဇောက်ရွာအနီးမှ တရုတ်-မြန်မာ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို AA က သိမ်းပိုက်လိုက်ရာ ကျောက်ဖြူမှ လွဲ၍ ရခိုင်ပြည်နယ် အတွင်းရှိ ပိုက်လိုင်းတစ်ခုလုံးနီးပါးသည် AA ၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသည်။
AA သည် ရခိုင်ပြည်နယ်ရှိမြို့ ၁၄ မြို့နယ်နှင့်ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး နောက် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိသေးဘဲ ဧရာဝတီ၊ ပဲခူး၊ မကွေးဘက်ရှိ စစ်စခန်းများကိုတိုက်ခိုက်နေသည်။