သတင်း

ကျောက်ဖြူမှလွဲပြီး ရခိုင်ပြည်နယ်ထဲမှ တရုတ်ရေနံနှင်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုလုံး AA ထိန်းချုပ်မှုအောက်ကျရောက်

ပိုက်လိုင်းစတင်ရာ ကျောက်ဖြူမြို့ကိုတော့ စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ရာ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုနှင့် အကျိုးအမြတ်များသည် စစ်ကောင်စီ၏စီမံခန့်ခွဲမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း နားလည်ရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဇောက်ရွာအနီးမှ  တရုတ်-မြန်မာ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ ပိုက်လိုင်းတစ်ခုလုံးနီးပါးသည် AA ကထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ နီးပါးရှည်လျှားသည့် ထိုပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် တို့ကိုဖြတ်သန်းကာ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ သွယ်တန်းထားသည်။

အဆိုပါစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ စတင်ပြီး ရေနံစိမ်းပိုက်လိုင်းသည် မဒေကျွန်းမှစတင်ပြီး ပိုက်လိုင်းကို အဓိကထိန်းချုပ်ရာ စခန်းများသည် ကျောက်ဖြူတွင်ရှိသည်။

ပိုက်လိုင်းစတင်ရာ ကျောက်ဖြူမြို့ကိုတော့ စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ရာ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုနှင့် အကျိုးအမြတ်များသည် စစ်ကောင်စီ၏စီမံခန့်ခွဲမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း နားလည်ရသည်။

နိုင်ငံအနောက်ပိုင်းမှ စစ်ဆင်ရေးများကို အဓိကကိုင်တွယ်သည့် အမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ကို AA က ပြီးခဲ့သည့်ဒီဇင်ဘာ ၂၀ ရက်နေ့က သိမ်းပိုက်ပြီးနောက် အမ်းနှင့်မကွေးတိုင်းမင်းဘူးမြို့အကြားရှိ တောင်ဇောက်ပိုက်လိုင်းထိန်းချုပ်ရေးစခန်းကိုပါ AA ကသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

အဆိုပါစစ်ဆင်ရေးအတွက် AA ဘက်က ဇန်နဝါရီ ၇ ညပိုင်းအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ဒေသတွင်းတိုက်ပွဲများနှင့် AA နှင့်အတူတိုက်ပွဲဝင်နေသည့် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ကတော့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၃နှင့်၄ ရက်များက ၎င်းတို့ဖမ်းမိသည့် သုံ့ပန်းများတွင် တောင်ဇောက်ကျေးရွာအနီးရှိ စစ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ထိုပိုက်လိုင်းကို အပြည့်အ၀တာဝန်ယူနိုင်ခြင်းတော့ဟု AA နှင့် နီးစပ်မှုရှိသော သတင်းရင်းမြစ်တစ်ဦး အတည်ပြုခဲ့ပြီး ထိုပိုက်လိုင်း စတင်ရာ ကျောက်ဖြူမှ လွဲပြီး ရခိုင် ပြည်နယ်အတွင်း ပိုက်လိုင်း ဖြတ်သန်းရာ နေရာအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားနိုင်ပြီဟု  Myanmar Now သို့ ပြောသည်။  

“ တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့ နေရာတွေမှာလည်း ပိုက်လိုင်းက ရှိတယ်၊ စစ်ကောင်စီတပ်တွေ စိုးမိုးထားတဲ့ နေရာတွေမှာလည်း ဒီပိုက်လိုင်းက ရှိနေတယ် ဆိုတော့ ဘယ်ဘက်က ဖြစ်ဖြစ် တာဝန်ယူမှု မရှိဘူးဆိုရင်တော့ ဒီပိုက်လိုင်းက အလုပ်မဖြစ်တော့ဘူးပေါ့ ”  ဟု သူက ဆိုသည်။ 

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာ၀ဓာတ်ငွေ့လုပ်ကွက်မှ ထွက်ရှိသော ရေနံ နှင့် သဘာဝဓာတ်ငွေ့များကို ကျောက်ဖြူမြို့အနီး မဒေးကျွန်းရှိ သိုလှောင်ကန်များမှတဆင့် ပိုက်လိုင်းများဖြင့် ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ ရေနံ နှင့် သဘာဝဓာတ်ငွေ့ များ တင်ပို့ရောင်းချနေ ခြင်းဖြစ်သည်။  

တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်ကတည်း က စတင်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ နေ့စဉ် တင်ပို့ရောင်းချနေပြီး ယင်းစီမံကိန်း မှ စစ်ကောင်စီသည် နှစ်စဉ် အမေရိကန်ဒေါ်လာဘီလျံနှင့်ချီသော နိုင်ငံခြားငွေများ ရရှိနေသည်။  

ထိုပိုက်လိုင်းစီမံကိန်း တရုတ်အစိုးရပိုင် CNPC၊ တောင်ကိုရီးယား POSCO၊ အိန္ဒိယကုမ္ပဏီများနှင့်  အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထားသော နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE တို့က ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။  

ရခိုင်ပြည်နယ်အပြင် ထိုပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်း မင်းဘူးခရိုင်၊ မန္တလေးတိုင်း တောင်သာ နှင့် မြင်းခြံခရိုင်တို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို ၊ ကျောက်မဲ ၊ နမ့်ခမ်း အပါအဝင် တရုတ်နယ်စပ်အထိ ရှမ်းမြောက် ဒေသအများစုကိုလည်း AA ၏ မဟာမိတ်ဖြစ်သော တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့က ထိန်းချုပ်ထားသည်။ 

AA တပ်ဖွဲ့ဝင်များကို ဂွမြို့သိမ်းတိုက်ပွဲအပြီး ဒီဇင်ဘာ ၂၉တွင် တွေ့ရစဉ် (ဓာတ်ပုံ-AA info)

စစ်ကောင်စီနှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများဖြစ် တရုတ်နိုင်ငံသို့ ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့သော စီမံကိန်းများသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကျယ်ပြန့်နေသည့်တိုင် 

ရပ်နားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့စီမံကိန်းများကို လေ့လာစောင့်ကြည့်ခဲ့သော အရပ်ဖက်အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့ဖူးသည့် သုတေသီ ဦးကျော်ခိုင်က Myanmar Now ကို ပြောသည်။ 

“ လူထုအကျိုးစီးပွား နဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို AA အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲပေါ့။ တရုတ်နဲ့ ကတော့ ဘယ်လိုမှ ရှောင်လွဲလို့ရနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ လူထုကျိုးစီးပွားအတွက် ဘယ်လောက် အထိ ပါးပါးနပ်နပ်လုပ်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့ ” ဟု သူက ဆိုသည်။  

ပြီးခဲ့သည့် ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အစိုးရလက်ထက်တို့တွင် ထိုစီမံကိန်းများ ကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လယ်ယာမြေဆုံးရှုံးခြင်း၊ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများအပေါ် ထိခိုက်ခြင်းတို့ ဒေသခံများသည် မည်သည့်ကုစားမှုမရှိခဲ့သည့်အတွက် AA အနေဖြင့် ထိုအခြေအနေများအပေါ် လူထုအကျိုးစီးပွားအတွက် ကိုင်တွယ်လုပ်ဆောင်ပေးရန် မျှော်လင့်သည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်အပြီး နိုင်ငံရေးဆွေးနွေးပွဲစရန် အသင့်ဖြစ်ပြီဟု အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

AA ထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော တရုတ်စီမံကိန်းများအပါအဝင် မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုများကို အကာအကွယ် ပေးမည်ဟုဖော်ပြထားသေးသည်။

Show More

Related Articles

Back to top button